သက်ကြီးအမျိုးသမီးများနှင့် အရိုးပွခြင်းပြဿနာ
လူတဦး၏ ခန္ဓာကိုယ်ပုံသဏ္ဍာန်နှင့် ကောင်းမွန်စွာ လှုပ်ရှားနိုင်မှု ရှိနေစေရေး အတွက် အရိုးများဖြင့် ဖွဲ့စည်းတည်ဆောက်ထားလျက်ရှိသည်။ ချော်လဲခြင်း၊ အမြင့်မှ ကျခြင်းနှင့် အခြားပြင်းထန်စွာ ထိခိုက်မှုရှိချိန်များတွင် ထိခိုက်မိသော နေရာကိုလိုက်၍ အရိုးကျိုးခြင်း ဖြစ်ပွားနိုင်သည်။ သို့သော်လည်း အချို့အခြေအနေ များတွင် ပြင်းထန်မှုမရှိသော သာမန်ထိခိုက်မှုမျိုးကို ခံစားရရုံဖြင့် အရိုးကျိုးခြင်းများ၊ အရိုးပဲ့ခြင်းများ ဖြစ်ပွားခံစားရနိုင်သည်။ အထူးသဖြင့် အသက်အရွယ် ကြီးရင့်သူများ နှင့် အရိုးပွခြင်း ခံစားနေရသည့် အခြေအနေများတွင် ပိုမိုဖြစ်ပွားလွယ်ကြသည်။
အရိုးပွခြင်းနှင့် အမျိုးသမီးများ
အရိုးများအတွင်း ပုံမှန်ရှိသင့်သော “အရိုးသိပ်သည်းဆ” မရှိခြင်းနှင့် ကျွတ်ဆတ်နေခြင်းကို အရိုးပွခြင်းဟုခေါ်ပြီး သာမန်ထိခိုက်မိရုံမျှဖြင့် ကျိုးပဲ့ခြင်းများ အလွယ်တကူ ဖြစ်ပွားနိုင်သည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုမို၍ တွေ့ရလေ့ရှိပြီး ကျောရိုးမကြီး၊ တင်ပဆုံရိုးကွင်းနှင့် လက်ဖျံရိုးစသည်တို့တွင် အများဆုံးဖြစ်ပွားနိုင်ပြီး အခြားသော အရိုးရှည်များတွင်လည်း ဖြစ်ပွားခံစား ရနိုင်သည်။ အရိုးပွခြင်းကြောင့်ဖြစ်သော လက္ခဏာများကို ကြိုတင်၍ ခံစားရခြင်းမျိုး မရှိသဖြင့် အရိုးကျိုးခြင်းနှင့် အခြားသောရောဂါများကြောင့် လိုအပ်သောစမ်းသတ် စစ်ဆေးမှုများ ပြုလုပ်သောအခါမှ အရိုးပွခြင်းကို သိရှိ နိုင်သည်။
ဖြစ်ပွားရသော အကြောင်းအရင်းများ
အသက်အရွယ်ကြီးရင့်လာခြင်းသည် အဓိကဖြစ်ပွားရသော အကြောင်းအရင်း ဖြစ်သော်လည်း အောက်ဖော်ပြပါ အခြေအနေများတွင် ပိုမိုဖြစ်ပွားနိုင်သည်။
– ကျောက်ကပ်နှင့်ဆိုင်သော ရောဂါများခံစားနေရခြင်း
– သိုင်းရွိုက်ဟော်မုန်းများသည့် ရောဂါခံစားနေရခြင်း
– အသည်းရောဂါဝေဒနာများ ခံစားနေရခြင်း
– အစာစုပ်ယူမှုကို ဟန့်တားစေသည့် ရောဂါများ ခံစားနေရခြင်း
– ပြင်းထန်သောနာမကျန်းမှု ခံစားနေရသူများနှင့် အိပ်ယာအတွင်း အချိန်ကြာမြင့်စွာ လဲနေခြင်း
– အစားအတွင်း ကယ်လ်ဆီယမ်ဓာတ် လုံလောက်အောင်စားသုံးမှုမရှိခြင်း
– အဟာရချို့တဲ့ခြင်းနှင့် အခြားရောဂါများကြောင့်ဖြစ်သော အားအင်ချည့်နဲ့ခြင်း
– ဆေးလိပ်၊ စီးကရက်သောက်သုံးတတ်ခြင်း
– အရက်သောက်သုံးခြင်း
– ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း
– ပြင်းထန်သော လေ့ကျင်ခန်းပြုလုပ်တတ်ခြင်း (အထူးသဖြင့် မာရသွန်ပြေးခြင်း)
– သွေးကျဲဆေး၊ စတီးရွိုက်ဆေးများနှင့် အတက်ကျဆေးများ စွဲ၍သုံးစွဲနေခြင်း
– အစားပုံမှန်မစားခြင်းနှင့် အလွန်အကျွံစားသုံးတတ်ခြင်း စသည်တို့ကြောင့်လည်း အရိုးပွခြင်းပြဿနာကို ခံစားရစေနိုင်သည်။
ဖြစ်ပွားရန်အတွက် အခွင့်အလမ်းများသူများ
– အမျိုးသမီးများ
အမျိုးသမီးများတွင် အမျိုးသားများလောက် “အရိုးသိပ်သည်းဆ” မရှိသလို အရိုးဆဲလ်များပျက်စီးမှုလည်း ပိုမိုမြန်ဆန်သဖြင့် အရိုးပွခြင်းဖြစ်ပွားရန်အတွက် အခွင့်အလမ်းပို၍များသည်။
– အသက်အရွယ်ကြီးရင့်သူများ
အသက်အရွယ်ငယ်ရွယ်သော အမျိုးသမီးများတွင် ဖြစ်ပွားနိုင်ခြေ နည်းသော်လည်း အသက်အရွယ်ကြီးရင့်သူများ အထူးသဖြင့် အသက်၅၀ကျော် သွေးဆုံးပြီးသောအမျိုးသမီးများတွင် သွေးအတွင်းမဟော်မုန်းများ လုံလောက်အောင် မရှိနိုင်တော့သဖြင့် အရိုးပွခြင်းပြဿနာ အလွယ်တကူဖြစ်ပွား ခံစားရနိုင်သည်။
– မျိုးရိုးအတွင်း ဖြစ်ပွားခံစားဖူးသူများ
မျိုးရိုးအတွင်း အရိုးပွခြင်းပြဿနာ ဖြစ်ပွားခံစားဖူးသူများ အနေနှင့် အရိုးပွခြင်း ဖြစ်ပွားရန် အခွင့်အလမ်းအလွန်များသည်။
အရိုးပွခြင်း၏ လက္ခဏာများ
အရိုးပွခြင်းပြဿနာသည် ခန္ဓာကိုယ်ရှိ အရိုးများအားလုံးတွင် ဖြစ်ပွားနိုင်ပြီး အဓိကအားဖြင့် ကျောရိုးမကြီးနှင့် တင်ပဆုံရိုး အတွင်းရှိ အရိုးများကျိုးခြင်းကို အများဆုံးတွေ့ရလေ့ရှိသည်။ အရိုးပွခြင်း၏ နောက်ဆက်တွဲဖြစ်သော အရိုးကျိုးခြင်း မှလွဲ၍ အခြားသော လက္ခဏာများခံစားရခြင်း မရှိတတ်ပဲ အရိုးကျိုးမှသာ ကျိုးသော အရိုးကိုလိုက်၍ လက္ခဏာများ ဖြစ်ပွားခံစားရနိုင်သည်။
ကျောရိုးမကြီးရှိ အရိုးများ ကျိုးခြင်းနှင့် ပိလာခြင်းကြောင့် ခါးနာခြင်း၊ နဂိုရှိရင်း အရပ် ပုလာခြင်း၊ ခါးကုန်းလာခြင်းနှင့် မတ်မတ်ရပ်ရာတွင်လည်း အချိန်ကြာမြင့်စွာ မရပ်နိုင်ခြင်း စသည်ဖြင့် လက္ခဏာများ ခံစားရနိုင်သည်။ တင်ပဆုံရိုးကျိုးခြင်းနှင့် အခြားသော အရိုးများကျိုးလျှင်လည်း ဖြစ်ပွားသောအရိုးကိုလိုက်၍ လက္ခဏာများ ခံစားရနိုင်သည်။
အရိုးပွခြင်းမဖြစ်ရလေအောင်
အသက်၅၀ကျော် အမျိုးသမီးများ၊ မျိုးရိုးအတွင်း အရိုးပွခြင်း ဖြစ်ဖူးသူများနှင့် အရိုးပွခြင်းပြဿနာကို ကာကွယ်လိုသူများအနေနှင့် ဖြစ်ပွားစေသည့် အကြောင်း အရာများသိရှိထားရန်လိုပြီး ဆောင်ရန်ရှောင်ရန်များကိုလည်း အထူးဂရုပြု ဆင်ခြင် ရမည်ဖြစ်သည်။
ကယ်လ်ဆီယမ်ဓာတ် များသော အစားအသောက်များ ပုံမှန်စားသုံးပေးခြင်း၊ လမ်းလျှောက်ခြင်းနှင့် ခပ်ဖွဖွပြေးခြင်းကဲ့သို့ ပေါ့ပါးသော လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ပေးသင့်သည်။
ကိုယ်အလေးချိန်များသူများ ကိုယ်အလေးချိန် လျော့ချပေးရန် လိုနိုင်ပြီး ဆေးလိပ်၊ အရက်သောက်သုံးတတ်သည့်အမျိုးသမီးများအနေနှင့် ဆေးလိပ်၊ အရက် ဖြတ်ကြရန် လိုသည်။ ချော်လဲခြင်းနှင့် အမြင့်မှချော်၍ကျခြင်းမျိုး မရှိစေရန် သက်ကြီး အမျိုးသမီးများအနေနှင့် ခုံမြင့်ဖိနပ်များစီးခြင်း ရှောင်ကျဉ်သင့်ပြီး ဖြစ်နိုင်လျှင် အထပ်မြင့် အဆောက်အဦးများတွင် နေထိုင်ခြင်းကိုပါ ရှောင်ကျဉ်သင့်သည်။ နာတာရှည်ရောဂါများ ခံစားနေရသူများနှင့် အချို့သော ဆေးဝါးများကို စွဲ၍ သောက်သုံးနေရသူများလည်း အရိုးပွခြင်းပြဿနာ ကြိုတင်ကာကွယ်ရေးအတွက် နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့်တိုင်ပင်ပြီး အကြံပြုချက်များ ရယူသင့်သည်။
အရိုးပွခြင်းကာကွယ်ရန်အတွက် ကယ်လ်ဆီယမ်နှင့် ဗီတာမင်ဒီ “D” ပါဝင်သော အရိုးအားဖြည့်ဆေးများကို ဈေးကွက်အတွင် အလွယ်တကူ ဝယ်ယူရရှိ နိုင်ပြီး နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့် တိုင်ပင်ပြီး ကြိုတင်သောက်သုံးခြင်း ပြုလုပ်ထားနိုင်သည်။
အရိုးပွခြင်းပြဿနာ ကင်းဝေးနိုင်ကြပါစေ။
Dr. တင့်တယ်