အရေးပေါ်သန္ဓေတားဆေးကို ဆေးပညာအရ Emergency Oral Contraceptive Pill လို့ခေါ်ပါတယ်။ ဈေးကွက်ထဲမှာတော့ နာမည်အမျိုးမျိုးနဲ့ တံဆိပ်တွေ အများကြီးရှိပါတယ်။ တချို့တံဆိပ်တွေက နှစ်လုံးပါတာရှိသလို တချို့တံဆိပ်တွေက တစ်လုံးတည်းပါတာပါ။ တစ်လုံးပါသည်ဖြစ်စေ၊ နှစ်လုံးပါသည်ဖြစ်စေ အရေးကြီးတာက လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်းမှာ အကုန်သောက်ဖို့ပါ။
တစ်လုံးပါတာဆိုရင်တော့ ရှင်းပါတယ်။ နှစ်လုံးပါတဲ့ ဆေးအမျိုးအစားကျ ခွဲသောက်ရမှာလား။ တစ်ခါတည်း သောက်ရမှာလားဆိုပြီး ဇဝေဇဝါ ဖြစ်တတ်ပါတယ်။ အဲဒီအတွက် အကြံပေးရရင်တော့ တစ်ခါတည်း နှစ်လုံးသောက်လည်းရသလို၊ တစ်လုံးနဲ့ တစ်လုံး ၁၂ နာရီခြားသောက်ရင်လည်း ရပါတယ်။
အရေးကြီးတာက ၇၂ နာရီအတွင်းမှာ နှစ်လုံးလုံးသောက်မိဖို့နဲ့ သောက်ပြီး ဆေးပြန်အန်တာမျိုးရှိခဲ့ရင် ထပ်သောက်ဖို့ပါ။ ၇၂ နာရီအတွင်း တိုက်ရတယ်ဆိုတော့ တချို့က အတူနေပြီးပြီးချင်းမတိုက်ဘဲ သုံးလေးကြိမ် သို့မဟုတ် နှစ်ရက်လောက်အတူနေပြီးမှ ၇၂နာရီပြည့်ခါနီးမှ အရေးပေါ်တားဆေးကို သုံးချင်ကြတာမျိုးလည်း ရှိပါတယ်။
ဒီအတွက်အကြံပေးရရင် အရေးပေါ်တားဆေးကို အတူနေပြီးပြီးချင်းတိုက်တာ ပိုကောင်းပါမယ်။ ဘာလို့လဲဆိုတော့ အရေးပေါ်သန္ဓေတားဆေး (EOC pills) တွေအနေနဲ့ ကအတူနေပြီး
– ၂၄ နာရီအတွင်းသောက်ရင် ၉၅ ရာခိုင်နှုန်း ကိုယ်ဝန်ကိုတားနိုင်ပြီး၊
– ၂၄ နာရီကနေ ၄၈ နာရီအတွင်းသောက်ရင် ၈၅ ရာခိုင်နှုန်း၊
– ၄၈ နာရီကနေ ၇၂ နာရီအတွင်း သောက်ရင်တော့ ၅၈ ရာခိုင်နှုန်းပဲ တားနိုင်လို့ပါ။
အချိန်ကြာလာတာနဲ့အမျှ ကာကွယ်နိုင်စွမ်းကကျလာပါတယ်။
အရေးပေါ်တားဆေးဟာ နေ့စဉ်အချိန်မှန်သောက်ရတဲ့ ၂၈ လုံးပါဆေးကဒ်တို့ ၃ လတစ်ကြိမ်ထိုးရတဲ့ တားဆေးတို့နဲ့စာရင် သူ့မှာပါတဲ့ ဟော်မုန်းပမာဏ တအားများတဲ့အတွက် ဘေးထွက် ဆိုးကျိုးတွေအနေနဲ့
– ပျို့ချင်၊ အန်ချင်၊ ရင်သားတင်း ခေါင်းမူးခေါင်းကိုက်၊ စိတ်ခံစားမှုတွေ ပြောင်းလဲတာ၊
– ရာသီထိန်တာ၊ များတာ၊ နည်းတာ၊ လာမယ့်ရက်မဟုတ်ဘဲ ဆင်းတာ ထပ်ဆင်းတာ ရာသီကမောက်ကမ ဖြစ်တာတွေအပြင် မကြာခဏသုံးစွဲလာတာနဲ့အမျှ ကိုယ်ဝန်တားနိုင်စွမ်းလျှော့ကျလာပြီး ဆေးသောက်သော်လည်းကိုယ်ဝန်ရတာ၊
– ရတဲ့ကိုယ်ဝန်ကလည်း သားအိမ်ပြင်ပမှာဖြစ်တာ၊ ကိုယ်ဝန်မခိုင်တာ၊
– ခြေထောက်ထဲက သွေးပြန်ကြောတွေ ပိတ်ပြီးရောင်ခြင်း၊
– အဆုပ်သွေးကြောပိတ်၊ နှလုံးသွေးကြောပိတ်၊ ဦးနှောက်သွေးကြောပိတ်၊ အသည်းထိခိုက်၊ အသဲကင်ဆာ၊ သည်းခြေအိတ်ရောဂါ နဲ့ သွေးတိုးရောဂါတွေဖြစ်တာ
စတဲ့ရေရှည်ခဏခဏသုံးရင်ရနိုင်မယ့်ဘေးထွက်ဆိုးကျိူးတွေကတအားများပါတယ်။
ဒါကြောင့် နှလုံးရောဂါအခံရှိတဲ့ အမျိုးသမီးတွေ၊ လေဖြန်းလေဖြတ်ဖူးတဲ့ အမျိုးသမီးတွေ၊ရင်သားကင်ဆာအခံရှိတဲ့ အမျိုးသမီးတွေ၊ နို့တိုက်မိခင်တွေ ဆိုရင် အရေးပေါ်တားဆေးကို မသုံးသင့်ပါ။
အဆုံးသတ်အနေနဲ့ အကြံပေးရရင် အရေးပေါ်တားဆေးဆိုတာဟာ တကယ့်ကို အရေးပေါ်အခြေအနေမှသာ သောက်ဖို့ ထုတ်လုပ်ထားတာပါ။ ဘယ်လိုအခြေအနေတွေမှာ သုံးဖို့ထုတ်ထားလဲဆိုတော့ ဥပမာ အလိုမတူဘဲ အနိုင်ကျင့်ခံရရင်၊ စိတ်အလိုလိုက်ပြီး တစ်ကြိမ်တစ်ခါမှားမိရင်၊ ကွန်ဒုံးအသုံးပြုနေရင်းနဲ့ မတော်တဆ ကွန်ဒုံးပေါက်ပြဲသွားရင် စတဲ့ အရေးပေါ်အခြေအနေတွေမှာ မလိုချင်တဲ့ ကိုယ်ဝန်ရတာမျိူး မဖြစ်အောင် တားဖို့ ထုတ်ထားတာပါ။
ခဏခဏ သုံးရတဲ့ ဆေးမျိုးမဟုတ်ပါဘူး။ ဘေးထွက်ဆိုးကျိုးကလည်း တအားများပါတယ်။
ဒါကြောင့် အရေးပေါ်အခြေအနေမဟုတ်ဘဲ အရေးပေါ်တားဆေးကို ခဏခဏသုံးနေတာမျိုးကို ရှောင်ဖို့ အရေးပေါ်တားဆေးအစား ကွန်ဒုံးကိုသုံးဖို့ စုံတွဲတွေကို အကြံပေးလိုပါတယ်။
Author: Dr 528