PMS လို့ခေါ်တဲ့ ဓမ္မတာမလာခင် ခံစားရသော ဝေဒနာ စုဆိုတာ အမျိုးသမီးများ လစဉ် ဓမ္မတာမလာခင် ၁ပါတ်၊ ၂ပါတ်အတွင်း ဖြစ်တတ်သော လက္ခဏာများ စုပေါင်းထားခြင်းကိုခေါ်ပါတယ်။
မိန်းကလေး ၄ ယောက်တွင် ၃ ယောက်မှာ PMS ဒါဏ်ကို ခံနေရတတ်ပါတယ်။
အမျိုးသမီးများ အတွက် အိပ်မက်ဆိုးတစ်ခုကဲ့သို့ ဖြစ်နေသော PMS အကြောင်း ပိုနားလည်နိုင်ဖို့ Dr.Z မှ ဖော်ပြပေးလိုက်ရပါတယ်။
ဘယ်လိုလက္ခဏာတွေခံစားရတတ်လဲ?
ယေဘူယျအားဖြင့် ဝေဒနာလက္ခဏာတွေကို ကိုယ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာဆိုပြီး ၂ ပိုင်းခွဲထားလို့ရပါတယ်။
စိတ်ပိုင်းဆိုင်ရာလက္ခဏာများ အနေဖြင့်
- စိတ်ဖိစီးခြင်း ၊စိုးရိမ်လွန်ကဲခြင်း
- စိတ်ကျခြင်း
- ငိုချင်ချင်ဖြစ်ခြင်း
- စိတ်အပြောင်းအလဲဖြစ်ခြင်း၊ စိတ်တို၊ စိတ်ဆတ်ခြင်း
- အစာစားချင်လွန်ကဲခြင်း
- ညအိပ်မပျော်ခြင်း
- ကာမစိတ်ပြောင်းလဲမှုဖြစ်ခြင်း
- အာရုံစူးစိုက်မှုနည်းခြင်း ဖြစ်တတ်ပြီး
ကိုယ်ပိုင်းဆိုင်ရာလက္ခဏာများ အနေဖြင့်
- အဆစ်အမြစ်နာခြင်း၊ ကြွက်သားနာခြင်း
- ခေါင်းကိုက်ခြင်း
- နုံးခြင်း
- ဗိုက်ပွခြင်း
- ရင်သားတင်းခြင်း
- ဝက်ခြံထွက်ခြင်း
- ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျောခြင်း တို့ဖြစ်တတ်ပါတယ်။
အဆိုပါ လက္ခဏာများမှာ ပုံမှန်အားဖြင့် ရာသီစလာပြီး ၄ ရက်အတွင်းပျောက်လေ့ရှိပါတယ်။ သို့သော် အချို့အမျိုးသမီးများ တွင် premenstrual dysphoric disorder လို့ခေါ် ရာသီမလာခင် အလွန်စိတ်ထိခိုက်ခြင်းဖြစ်တတ်တာကို လည်းတွေ့ရပါတယ်။
ဘာလို့ဖြစ်ရတာလဲ ??
-တကယ်တော့ PMS ဖြစ်ရခြင်း အကြောင်းကို တိတိကျကျရှာမတွေ့သေးပါဘူး။ သို့သော် အချို့အရာတွေ က PMS ဖြစ်ဖို့အားပေးနေတာတွေ့ရပါတယ်။
-ဟော်မုန်းပြောင်းလဲမှု- ဟော်မုန်းပြောင်းလဲခြင်းဟာလည်း PMS ဖြစ်ခြင်း၏ အဓိက အချက်ပါပဲ။
-ဦးနှောက်ရှိဓါတ်ပြောင်းလဲမှု- ဆီရိုတိုနင်ဓါတ် အတက်အကျဖြစ်ခြင်းက စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုအတွက်အဓိကကျပါတယ်။
-စိတ်ကျခြင်း- အချို့ပြင်းထန်သော PMS ခံစားနေရသူ များတွင် စိတ်ကျခြင်းဝေဒနာ အခံရှိတတ်ပါတယ်။
ဘယ်လိုကုမလဲ ??
အမျိုးသမီးအများစုတွင် နေထိုင်စားသောက်မှု ဂရုစိုက်ရုံဖြင့် ဝေဒနာ ကို ဖြေလျော့ပေးနိုင်ပါတယ်။ သို့သော် ပြင်းထန်သော ဝေဒနာရှင်များအတွက်မူ ဆေးခန်းသို့ သွားရောက်၍ ဆရာဝန် နှင့်ကုသသင့်ပါတယ်။
ဝေဒနာ သက်သာစေရန်သုံးသော ဆေးများမှာ
-Antidepressants များ: SSRI ဟုခေါ်သောဆေးများ(ဥပမာ- Fluoxetine (Prozac,Sarafam), paroxetine (Pacil, Paceva) နှင့် အလားတူများ
-Nonsteroidal anti-inflammatory drugs (NSAIDs) – Ibuprofen အစရှိသော ဆေးများကို ရာသီမလာခင်ကိုက်ခဲ မှုများသက်သာစေရန်သုံးလေ့ရှိပါတယ်။ ထို့အပြင်
-Mefenamic Acid (Dolfenal) ကို လည်းသုံးလေ့ရှိပါတယ်။
-ဆီးဆေးများ- spironolactone (aldactone) ကိုလည်း အသုံးပြုလေ့ရှိပြီး
-ဟော်မုန်းပါသော သန္ဓေတားဆေးများ လည်း ကုသနည်းတွင်ပါဝင်ပါတယ်။
နေထိုင်မှုပုံစံ နှင့် အိမ်တွင်းကုသမှုများ
- အစာနည်းနည်း ကို မကြာခဏစားပေးပါ။
- အငံ နှင့် ဆားကို လျော့စားသင့်ပါတယ်။
- ကဆီဓါတ် နှင် ကယ်လ်ဆီယမ် ကြွယ်ဝသော အစာများစားပါ။
- ကဖိန်း နှင့် အရက် ကိုရှောင်ပါ။
- ပုံမှန် ကိုယ်လက် လှုပ်ရှားမှု သို့မဟုတ် yoga(ယောဂ) ပြုလုပ်ပါ။
- အိပ်ရေးဝဝ အိပ်ပါ။
ထိုသို့သော အချိန်များတွင် ဆုံးဖြတ်ချက်မှား နိုင်သောကြောင့် အလုပ် သို့မဟုတ် ဘဝ နှင့် ပတ်သတ်သော ဆုံးဖြတ်ချက် များ အလွယ်မချသင့်ပါ။ ထို့ အပြင် စိတ်ဆတ်လွယ်သောကြောင့် အပေါင်းအသင်း၊ မိတ်ဆွေ များ နှင့် ကတောက်ကဆ ဖြစ်နိုင်သောကြောင့် နားလည်စေရန် ပွင့်ပွင့်လင်းလင်း ပြောထားသင့်ပါတယ်။
Dr. Z