သရဖီနှင့်ကိုကိုမှာနယ်ကနေတက်လာပြီးရန်ကုန်မြို့တွင် အလုပ်လုပ်ကိုင်နေကြသောလူငယ်များဖြစ်သည်။ နယ်ဖက်တွင် စီးပွားရေးမကောင်းသောကြောင့် အလုပ်များမလွယ်ကူလှ။ ထို့ကြောင့်ရန်ကုန်မြို့တွင် လာရောက်လုပ်ကိုင်နေကြသည်မှာဘွဲ့ရပြီးကတည်းက ဖြစ်သည်။ အလုပ်ထဲတွင်ပဲကိုကိုနှင့် သရဖီတို့တွေ့ဆုံကြသည်။ ဘ၀ က ဖြောင့်ဖြူးနေသည်တော့ မဟုတ်။ မင်္ဂလာမဆောင်ခင် မင်္ဂလာဆောင်ဖို့အတွက် ပိုက်ဆံစုရသည်။ ဒါအပြင် ဘဝတစ်ခုအတွက် အားလုံးပြည့်စုံမှ ကလေးယူဖို့လည်းဆုံးဖြတ်လိုက်ကြသည်။
ဒီလိုနဲ့ပဲသရဖီတစ်ယောက် ကိုကိုနှင့် အိမ်ထောင်ကျ နေသည်မှာငါးနှစ်ကျော်လာသည်။ တစ်နေ့တစ်နေ့ လင်မယားနှစ်ယောက် အလုပ်ထဲတွင်သာအချိန်ကုန်နေကြသည်။ ငါးနှစ်အတွင်းမိသားစုနောင်ရေးအတွက် ပိုက်ဆံစုကြသည်။ အလုပ်ကို ကြိုးစားပန်းစားလုပ်၍ ငွေစုထားကြသည်။ ကလေးမမွေးခင် အလုပ်ကို ကြိုးစားလုပ်ထားမှ နောင်ရေးအတွက် စိတ်အေးရမည်ဟုရည်မှန်းချက်နှင့် အလုပ်ကိုအတူတကွကြိုးစားလုပ်ကိုင်နေကြသည်။ဒီလိုနဲ့ဲငါးနှစ်ကျော်လာပြီဆိုတော့ ကလေးယူဖြစ်ကြသည်။ အခုတော့ သရဖီတစ်ယောက် ကိုယ်ဝန်သည်ဘဝသို့ ရောက်လာပြီ။သူများတွေ ကိုယ်ဝန်အစောပိုင်းမှာ မူးတာတွေ မောတာတွေရှိကြသည်။ အစားအသောက်ပျက်တာတွေရှိကြသည်။ သရဖီကတစ်နေ့တစ်နေ့ အစားအသောက်မပျက်ပါ။ ပျို့ချင် အန်ချင်တာတွေလည်းမရှိသည့်အတွက် သရဖီကိုလူတိုင်းကအံသြနေကြသည်။ပုံမှန်လူတစ်ယောက်လိုပဲသရဖီနေထိုင်သွားလာနေသည်။
ကိုယ်ဝန်နှစ်လကျော်လောက်ရောက်တော့ ကိုယ်ဝန်အပ်ဖို့အတွက် သွားခဲ့သည်။ကာကွယ်ဆေးတွေ ထိုးရဦးမည်။ ဒါအပြင် ကိုယ်ဝန်ဆောင် အားဆေးလေးလည်းသောက်ချင်သည်။ ကိုယ့်သဘောနှင့် ကိုယ် ဝယ်လည်းမသောက်ချင်။ သားဦးကိုယ်ဝန်ဖြစ်သောကြောင့် အရာရာကိုဂရုတစိုက်ရှိချင်သည်။ သားဖွားမီးယပ်ဆရာဝန်မကြီးနှင့် သွားပြဖြစ်သည်။ ပြီးလျှင် မိဘများရှိရာနယ်သို့ တစ်ခေါက်လောက်ပြန်ချင်သည်။ အိမ်ထောင်ကျပြီးကတည်းကအိမ်သို့ပြန်မရောက်တာ ကြာနေပြီ။ ဆရာဝန်နှင့် ကိုယ်ဝန်အပ်ပြီးသွားလျှင် မိဘများဆီတွင် တစ်လလောက်သွားနေမည်။ ကိုယ်ဝန်လနုနေတုန်း သွားထားမှ ကောင်းမည်။ ကိုယ်ဝန်လရင့်မှ ဆိုလျှင် မသွားနိုင်လောက်တော့။
စမ်းသပ်မှုတွေလုပ်ပြီးတော့
“အားလုံးကောင်းပါတယ်။ ကိုယ်ဝန်ကို တစ်လတစ်ကြိမ်တော့ ပြန်လာပြပါ။”
“ဟုတ်ကဲ့ပါ ဆရာမ”
ကိုကိုမှ ဆရာဝန်မကြီးကို လှမ်းခွင့်တောင်းလိုက်သည်။
“အိမ်ထောင်ကျပြီးကတည်းကမိဘတွေဆီကိုမရောက်တာ ကြာပြီ။ အခုသရဖီကနယ်ကို ပြန်ချင်လို့။ ကျွန်တော့်တို့ နယ်ကိုခဏအလည် ပြန်မယ်။ ခရီးသွားရင် မူးနေမှာစိုးလို့ ဆေးလေးဘာလေးပေးလိုက်ပါဦးဆရာမရယ်”
“နယ်ကဘယ်နယ်လဲ”
ဆရာဝန်မကြီးမှ မျက်မှန်ကိုင်းကို ချွတ်၍ လှမ်းမေးလိုက်သည်။
“စစ်ကိုင်းတိုင်းထဲကရွာတစ်ရွာပါ။”
သရဖီကအပြေးအလွှား ဝင်ဖြေသည်။
“ဘာနဲ့သွားမယ်လို့ စိတ်ကူးထားလဲ”
“သရဖီကကားမူးတတ်လို့ ရထားနဲ့သွားမလားလို့ပါ”ယောကျာ်းဖြစ်သူ ပြန်ဖြေလိုက်သည်။
“ရွာထိအောင် ဘယ်လိုသွားရသေးလဲ”
ဆရာဝန်မကြီးမှ စေ့စေ့ပေါက်မေးနေ၍ သရဖီတစ်ယောက် အသေးစိတ်ကိုပြောပြနေရသည်။
“မန္တလေးထိအောင် ရထားစီးပြီးရင် ကားနဲ့ စစ်ကိုင်းကိုသွားရမယ်။ ပြီးရင် စစ်ကိုင်းကနေမှ ရွာကိုကားနဲ့ထပ်သွားရမယ်”
“ဘာကားအမျိုးအစားမျိုးလဲ။ လမ်းတွေကရောကောင်းလား”
ဘာလို့များဒီလောက်ကြီးမေးနေရသည်မသိ။
“လိုင်းကားတွေပါပဲ။ လမ်းတွေကတော့ သိတဲ့အတိုင်းပဲ။ မန္တလေးစစ်ကိုင်းလမ်းကတော့ကောင်းပါတယ်။ ဒါပေမဲ့ စစ်ကိုင်းကနေရွာကိုသွားမဲ့ လမ်းကတော့ ချိုင့်တွေပေါတယ်။ ”
“ဒါဆိုကားဆောင့်မှာပေ့ါ။”
“ဟုတ်ကဲ့ လမ်းကနည်းနည်းတော့ ဆိုးတယ်ဆရာမ”
သရဖီ ပြန်ဖြေလိုက်သည်။ ဆရာဝန်မကြီးက စေ့စေ့ပေါက်ပေါက်ထပ်မေးသည်။
“ဘယ်နှစ်နာရီလောက်စီးရမလဲ”
“နှစ်နာရီလောက်တော့ စီးရမယ်ထင်တယ်”
ဒီဆရာဝန်မကြီး တော်တော် စပ်စုတာပဲလို့ သရဖီကောက်ချက်ချလိုက်သည်။
“ဒီလိုမျိုးလမ်းကြမ်းတယ်ဆိုရင်တော့ အိမ်မပြန်ပါနဲ့သမီး။ ကိုယ်ဝန်လနုတုန်း ဒီလိုမျိုးခရီးတွေ မသွားသင့်ဘူး။ လနုတုန်းမှာဒီလိုမျိုးကားဆောင့်ရင် ကိုယ်ဝန်ပျက်ကျတတ်တယ်။ အိမ်ပြန်မဲ့ အစီအစဉ်ကိုဖျက်လိုက်ပါ။ အိမ်က မိသားစုဝင်တွေကိုပဲ ရန်ကုန်ကိုအလည်လာဖို့ ဖိတ်လိုက်ပါ။”
အခုမှ ပဲ ဆရာဝန်မကြီး စေ့စေ့စပ်စပ် မေးမြန်းနေသည်ကိုသဘောပေါက်တော့သည်။ လမ်းကြမ်းမကြမ်းကိုအသေးစိတ်မေးနေခြင်းဖြစ်သည်။ သရဖီတစ်ယောက် ဝမ်းနည်းသွားသည်တော့အမှန်ပင်။ မိဘအိမ်ကိုခဏလောက်တော့ပြန်ချင်သည်။ အမေနှင့် အဖေကိုအပြင် အမတွေ ညီမတွေနှင့်လည်းတွေ့ချင်သေးသည်။ သရဖီမျက်နှာမကောင်းလို့ထင်သည်။ ဆရာမဝန်မကြီးမှ
“နယ်က သမီးအိမ်ကအရမ်းဝေးပြီး သွားရတာခက်လို့ ဆရာမကမသွားခိုင်းတာပါ။ သမီးအခုအချိန်များ Bangkokကို shopping ထွက်ချင်တယ်ဆိုရင် ဆရာမကပေးထွက်တယ်။ ဘာလို့လဲသိလား။ Bangkokကလမ်းတွေကကောင်းတယ်။ သမီးသွားလည်းဘာမှ မဖြစ်ဘူး။ လူလည်းသက်တောင့် သက်သာရှိတယ်။ အခုနယ်ကိုပြန်ရင် လမ်းခရီးကသမီးကိုယ်ဝန်အတွက် မသင့်တော်ဘူး”
ဆရာဝန်မကြီးမှ စိတ်ရှည်လက်ရှည် ရှင်းပြပေးသည့်အတွက် သရဖီတစ်ယောက် ခေါင်းလေးငြိမ့်၍ ပြန်ထွက်လာခဲ့သည်။ နယ်ကိုပြန်ချင်သောစိတ်လေးကိုဖိနှိပ်၍ နယ်မှ အမေနှင့် အမကိုရန်ကုန်သို့အလည်လာရန် ခေါ်ရမည်။ ဆရာမကြီးကတော့ Bangkokသွားလည်လို့ရသည်လို့ပြောလိုက်သည်။ ကိုယ်တွေရဲ့အင်အားက Bangkokသွားမလည်နိုင်ပါ။ လင်မယားနှစ်ယောက် ဆေးခန်းကအပြန်ရွှေတိဂုံဘုရားသို့ သွားရောက်လည်ပတ်ခဲ့သည်။ နောက် အပတ် ရုံးပိတ်ရက်ကျရင် နောက်နေရာတစ်ခုသို့ လိုက်ပို့မည်ဟုပြောသည်။ ယောကျ်ားကသရဖီအားချွေးသိပ်၍ ပြန်လာခဲ့ကြသည်။ နယ်ပြန်ဖို့ကတော့ ရွှေပြည်တော်မျှော်တိုင်းဝေးနေပြန်ပြီ။
Author – ဒေါက်တာအေးချမ်းမိုး