အမျိုးသမီးတွေမှာ ဆီးစပ်ဆီးခုံကိုက်ခဲနာကျင်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်း (၈) ချက်
၁။ ရာသီသွေးဆင်းချိန် ဟော်မုန်းပမာဏအပြောင်းအလဲဖြစ်ခြင်း (Menstruation)
အမျိုးသမီးတွေဟာ ရာသီသွေးဆင်းချိန်မှာ ဟော်မုန်းပမာဏ အပြောင်းအလဲတွေ ဖြစ်တတ်ပါတယ်။ အဲ့လိုဖြစ်တဲ့အခါ ဆီးစပ်နေရာမှာ ကိုက်ခဲနာကျင်တတ်ပါတယ်။ ဒါ့အပြင် စိတ်မကြည်မသာဖြစ်တာ၊ ကိုယ်လက်မအီမသာဖြစ်တာ၊ စိတ်ဓါတ်ကျတာ၊ ခါးနာတာ၊ ခေါင်းကိုက်တာ၊ ခေါင်းမူးတာတွေပါ ဖြစ်တတ်ပါတယ်။
၂။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (Urinary Tract Infection)
ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါမှာ ဆီးစပ်နေရာမှာကိုက်တာ၊ နာတာဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဆီးလမ်းကြောင်းတိုလို့ ဆီးပိုးဝင်နိုင်ခြေဟာ ပိုများပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ဆီးစပ်နေရာမှာကိုက်တာ၊ နာတာအပြင် ဆီးသွားတဲ့အခါနာတာ၊ ဆီးခဏခဏသွားချင်တာ၊ ဆီးသွားတဲ့အခါ နည်းနည်းပဲသွားတာ၊ ဖျားတာ၊ ဆီးထဲသွေးပါတာ တွေပါဖြစ်နိုင်ပါတယ်။
၃။ ကျောက်ကပ်မှာ ကျောက်တည်ခြင်း (Kidney stones)
ကျောက်ကပ်မှာ ကျောက်ရှိပါကလည်း ဆီးစပ်နေရာမှာ အောင့်တာ၊ နာကျင်ကိုက်ခဲတတ်ပါတယ်။ တခြားတွဲဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့ ဆီးသွားတဲ့အခါနာကျင်တာ၊ ဆီးခဏခဏသွားချင်တာ၊ ဆီးသွားတဲ့အခါ နည်းနည်းပဲသွားတာစသဖြင့်ပါ။
၄။ ဆီးအိမ်ရောင်ရမ်းခြင်း (Cystitis)
ဆီးအိမ်ဟာ ဆီးစပ်ဆီးခုံနေရာမှာရှိတဲ့အတွက် ဆီးအိမ်ရောင်ရမ်းတဲ့အခါမှာ ဆီးစပ်ဆီးခုံနေရာတဝိုက်မှာ ကိုက်ခဲနာကျင်တာဖြစ်နိုင်ပါတယ်။ တခြားတွဲဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့ ဆီးသွားတဲ့အခါနာကျင်တာ၊ ဆီးခဏခဏသွားချင်တာ၊ ဆီးသွားတဲ့ခါနည်းနည်းပဲသွားတာ၊ လိင်ဆက်ဆံတဲ့အခါနာကျင်တာ၊ ဖျားတာ စသဖြင့်ပါ။
၅။ သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်း (Ectopic pregnancy)
သားအိမ်ပြင်ပမှာ သန္ဓေတည်နေတာကြောင့်လည်း ဆီးစပ်ကိုက်တာဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အယောက် ၆၀ မှာ ၁ ယောက်ဟာ သားအိမ်ပြင်ပမှာ သန္ဓေတည်တာဖြစ်နိုင်ခြေရှိပါတယ်။ သားအိမ်ပြင်ပမှာသန္ဓေတည်တာဆိုရင် ဆီးစပ်ကိုက်တာအပြင်၊ ပုံမှန်မဟုတ်ဘဲ သွေးဆင်းတာတွေပါ ဖြစ်နိုင်ပါတယ်။
၆။ သားဥအိမ်မှာ အရည်အိတ်တည်ခြင်း (Ovarian cyst)
သားဥအိမ်မှာ အရည်အိတ်တည်တာက အမျိုးသမီးများမှာ အသက်ရွယ်မရွေး ဖြစ်ပွားနိုင်ပြီး၊
ကိုယ်ဝန်ဆောင် နိုင်သော အသက်အရွယ် (အပျိုဖော်ဝင်ချိန်ကနေ သွေးဆုံးချိန်အတွင်း) မှာ အဖြစ်များပါတယ်။ သားဥအိမ်မှာ အရည်အိတ်ဖြစ်တိုင်းတော့ ဆီးစပ်ကိုက်တာ၊ နာတာ ဖြစ်ချင်မှဖြစ်တာပါ။ သို့သော် သားဥအိမ်မှာဖြစ်တဲ့ အရည်အိတ်က တဖြည်းဖြည်းကြီးလာပြီး ပေါက်ထွက်တာ သို့မဟုတ် အရည်အိတ်ကကြီးလာလို့ သားဥအိမ်က မူလနေရာကနေရွေ့သွားပြီးတော့ လိမ်သွားတာ မျိုးဆိုရင်တော့ ဆီးစပ်နေရာမှာ အရမ်းနာကျင်ကိုက်ခဲတာအပြင် အဖျားတက်တာ၊ အသက်ရှုရခက်တာတွေဖြစ်နိုင်ပြီး အသက်အန္တရာယ်စိုးရိမ်ရတတ်ပါတယ်။
၇။ သားအိမ်နံရံတစ်သျှူးတွေ သားအိမ်အပြင်မှာရောက်နေခြင်း (Endometriosis)
တချို့အမျိုးသမီးတွေမှာ သားအိမ်အတွင်းမှာပဲရှိရမယ့် တစ်သျှူးတွေဟာ သားအိမ်ပြင်ပ အခြားနေရာတွေဖြစ်တဲ့ သားဥအိမ်၊ ဆီးအိမ်၊ အူမကြီး၊ မိန်းမကိုယ်စတဲ့နေရာတွေမှာပါ ရှိနေတတ်ပါတယ်။ အဲ့လိုဖြစ်တဲ့အခါ ရာသီပေါ်တဲ့အချိန်၊ ဆီးသွားတဲ့အချိန်၊ ဝမ်းသွားတဲ့အချိန်၊ လိင်ဆက်ဆံတဲ့အချိန်တွေမှာ ဆီးစပ်နေရာတဝိုက်မှာ အလွန်အမင်း နာကျင်ကိုက်ခဲတတ်ပါတယ်။
၈။ တင်ပဆုံကွင်းထဲရှိ မမျိုးပွားအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်းရောဂါ (Pelvic Inflammatory Disease)
ဒီရောဂါဟာ မိမိက တကိုယ်ရည်သန့်ရှင်းမှု အားနည်းရင်၊ အပျော်ပါးလိုက်စားရင် သို့မဟုတ် မိမိရဲ့လိင်ဆက်ဆံဖက်က အပျော်ပါးလိုက်စားရင်၊ တကိုယ်ရည်သန့်ရှင်းမှု အားနည်းရင် ဖြစ်တတ်ပါတယ်။
ဒီရောဂါဖြစ်တဲ့အခါ ဆီးစပ်နာကျင်ကိုက်ခဲတာအပြင် ဖျားတာ၊ မူမမှန်အဖြူ (အနံ့ဆိုးပြီးတအားပျစ်တဲ့အဖြူ) တွေဆင်းတာ၊ ဆီးပူဆီးကျင်တာ၊ အတူနေလိင်ဆက်ဆံတဲ့အခါ နာကျင်တာသွေးထွက်တာတွေပါဖြစ်နိုင်ပါတယ်။
Dr 528