ရင်သားကင်ဆာဖြစ်နိုင်ချေများစေတဲ့ အချက် ၁၀ ချက်
ရင်သားကင်ဆာဟာ ရင်သားရဲ့ နို့ရည်အိတ် နဲ့ နို့ရည်ပြန်ချောင်းလေးတွေမှာရှိတဲ့ ဆဲလ်တွေ မူမမှန်အထိန်းအကွပ်မဲ့ပွားများလာခြင်းကြောင့် ဖြစ်ပါတယ်။ ရင်သားကင်ဆာဟာ မြန်မာအမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာ ပြီးရင် ဒုတိယအဖြစ်များဆုံးသော ကင်ဆာအမျိုးအစားဖြစ်ပါတယ်။ ဒါကြောင့် ရင်သားကင်ဆာဖြစ်စေရန်တွန်းအားပေးတဲ့ အချက် ၁၀ ချက်ကို ရေးသားတင်ပြပါမယ်။
၁။ အသက်အရွယ်ကြီးခြင်း
အသက်အရွယ်ကြီးလာတာနဲ့အမျှ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေဟာ တစ်ဖြည်းဖြည်းများလာပါတယ်။ အများအားဖြင့် အသက် ၇၀ နဲ့ ၈၀ ကြားမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေဟာ အများဆုံးဖြစ်ပြီး အသက် ၂၅ နှစ်မတိုင်ခင်ဖြစ်တာတော့ အလွန်ရှားပါတယ်။
၂။ အပျိုဖော်ဝင်ချိန်စောခြင်း
အပျိုဖော်ဝင်ချိန်စောလေ ရင်သားကင်ဆာဖြစ်နိုင်ခြေများလေပါ။ အသက် ၁၁ နှစ်မှာ အပျိုဖော်ဝင်တဲ့ အမျိုးသမီးတွေဟာ အသက် ၁၄ နှစ်မှ အပျိုဖော်ဝင်တဲ့ အမျိုးသမီးတွေနဲ့ စာရင် ရင်သားကင်ဆာဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း ပိုများပါတယ်။
၃။ ပထမဆုံး ကလေးမွေးချိန်မှာရှိတဲ့ မိမိအသက်ဟာ ၃၅ နှစ်ကျော်ခြင်း
အသက် ၃၅ နှစ်ကျော်မှ ပထမဆုံး ကလေးမွေးတဲ့သူတွေဟာ အသက်နှစ်ဆယ်မတိုင်ခင် ပထမဆုံး ကလေးမွေးတဲ့သူတွေ ထက်စာရင် ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။
၄။ မျိုးရိုးရာဇဝင်ရှိခြင်း
မိမိရဲ့အမေ၊ အဒေါ်၊ အမ၊ ညီမ တစ်ယောက်ယောက်မှာ ရင်သားကင်ဆာဖြစ်ဖူးရင် မိမိမှာရင်သားကင်ဆာဖြစ်နိုင်ခြေဟာ တစ်ခြားမျိုးရိုးရာဇဝင်မရှိသူတွေ ထက်စာရင် ပိုများပါတယ်။
၅။ ကလေးအား မိမိနို့မတိုက်ခြင်း
ကလေးမွေးသော်လည်း ကလေးကို မိခင်နို့မတိုက်တဲ့ အမျိုးသမီးတွေမှာဆိုရင် ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေဟာ မိခင်နို့တိုက်တဲ့ အမျိုးသမီးတွေနဲ့ ယှဉ်ရင် သိသာစွာမြင့်တက်နေတတ်ပါတယ်။
၆။ အီစတိုဂျင်ဟော်မုန်းဆေးတွေ သောက်ခြင်း
သွေးဆုံးတဲ့ချိန်မှ ဖြစ်တဲ့ဝေဒနာတွေကို သက်သာစေရန် အီစတိုဂျင်ဟော်မုန်းပါဆေးများသောက်နေတဲ့ အမျိုးသမီးတွေမှာဆိုရင် ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေဟာ ပိုများပါတယ်။
၇။ ရင်သား သိပ်သည်းဆများခြင်း (ရင်သားကြီးခြင်းကို မဆိုလိုပါ)
ရင်သားသိပ်သည်းဆများတဲ့ အမျိုးသမီးတွေဟာ ရင်သားသိပ်သည်းဆနည်းတဲ့ အမျိုးသမီးတွေထက် ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။ ရင်သားသိပ်သည်းဆများမများက ရင်သားဓါတ်မှန် (Mammogram) ရိုက်ကြည့်မှ သိမှာပါ။
၈။ ဓါတ်ရောင်ခြည် ထိတွေ့မှု များခြင်း
ရောဂါတစ်ခုခုကြောင့် ဓါတ်ကင်ရတာ၊ သဘာဝဘေးအန္တရာယ်ကြောင့် နူကလီးယားဓါတ်ရောင်ခြည်ယိုစိမ့်မှုနဲ့ ကြုံခဲ့ရတာ စတဲ့ အကြောင်းကြောင်းကြောင့် ဓါတ်ရောင်ခြည်ထိတွေ့မှုများရှိခဲ့တဲ့ အမျိုးသမီးတွေမှာဆိုရင် ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေဟာ တစ်ခြားအမျိုးသမီးတွေထက်စာရင် ပိုများနေပါတယ်။
၉။ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း
အယ်လ်ကိုဟောဓါတ်နဲ့ နီကိုတင်းဓါတ်ဟာ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကို သိသိသာသာ များစေတဲ့အတွက် အရက်၊ ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေမှာ ဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ခြေဟာ သိသိသာသာမြင့်တက် နေနိုင်ပါတယ်။
၁၀။ ကိုယ်လက်လှုပ်ရှားမှု နည်းပြီး အဝလွန်ခြင်း
ကိုယ်လက်လှုပ်ရှားမှုနည်းပြီး အဝလွန်တဲ့အခါ ခန္ဓာကိုယ်မှာအဆီတွေစုလာပြီး အီစတိုဂျင်ဟော်မုန်းတွေ များလာတတ်ပါတယ်။ အဲ့အခါမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေဟာ သာမန်ကိုယ်အလေးချိန် ရှိသူတွေထက်စာရင် များလာနိုင်ပါတယ်။
ဒါတွေကတော့ ရင်သားကင်ဆာဖြစ်စေဖို့ရန် တွန်းအားပေးတဲ့အချက် ၁၀ ချက်ဖြစ်ပါတယ်။
တစ်ချို့အချက်တွေကကျ ပြုပြင်လို့ရပေမယ့် တစ်ချို့အချက်တွေကကျ ပြင်လို့မရပါ။ ပြင်လို့ရတဲ့အချက်တွေကို ပြင်ခြင်းဖြင့် ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေလျော့နည်းအောင် နေထိုင်ပါလို့အကြံပြုချင်ပါတယ်။ (ဥပမာ ဆေးလိပ်အရက်ဖြတ်တာ၊ ကိုယ်အလေးချိန်ကို ရှိသင့်တဲ့ပမာဏအတွင်းမှာ ထိန်းတာ၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်တာတွေပါ)
Dr 528