ယနေ့အချိန်အခါတွင် ကလေးများ၏ အိပ်ခန်းအတွင်း၌ ရုပ်မြင်သံကြား၊ မိုဘိုင်းဖုန်း၊ ကွန်ပျူတာ၊ အင်တာနက်နှင့် အခြားသော စက်ပစ္စည်းများကို ထားတတ်ကြပါသည်။ ၎င်းတို့ကို နေ့စဉ်နှင့် အမျှအသုံးပြုသော ကလေးများသည် အိပ်ချိန်အလွန်နည်းပါလာပါသည်။ ဆိုးကျိုးအနေဖြင့် အဝလွန်ကဲလာပါသည်။ ထို့ကြောင့် ကလေးများ၏ အိပ်ခန်းအတွင်း၌ ၎င်းပစ္စည်းများကို မထားသင့်ပါ။
ဟော်မုန်းနှစ်မျိုးနှင့် အိပ်ချိန်နည်းခြင်း
ကလေးများသည် အိပ်ရေးပျက်ပါက ပုံမှန်ဟော်မုန်းအချိန်အဆများ ပျက်သွားတတ်ပါသည်။ အိပ်ရေးပျက်ခြင်းသည် အစားစားချင်စိတ်ကို ထိန်းချုပ်သော Leptin နှင့် Ghrelin ဟော်မုန်းများအပေါ် အကျိုးသက်ရောက်မှုရှိလာပါသည်။ အိပ်ချိန်နည်းပါက Leptin ဟော်မုန်း Ghrelin ပမာဏနည်းလာပြီး ဟော်မုန်းပမာဏ များလာတတ်ပါသည်။
Leptin ဟော်မုန်းသည် ခန္ဓာကိုယ်တွင် အဆီလုံလောက်ပြီးဖြစ်ကြောင်းကို အဆီဆဲလ်မှတစ်ဆင့် ဦးနှောက်ကို သတင်းပေးရန် ထုတ်လုပ်သော ဟော်မုန်းဖြစ်ပါသည်။
Ghrelin ဟော်မုန်းသည် ဆာလောင်မှုကို အချက်ပြရန် ဝမ်းဗိုက်မှ ဦးနှောက်သို့ သတင်းပို့ပေးပါသည်။ ထိုဟော်မုန်းနှစ်မျိုး၏ သတင်းပေးပို့မှုများကြောင့် ကလေးငယ်များသည် အစာစားမှု ပမာဏ လွန်ကဲမှုဖြစ်လာပါသည်။
အသက်နှစ်နှစ်ခွဲခန့်အရွယ် ကလေးများ အိပ်ချိန်နည်းပါးခြင်းကြောင့် အသက် ၇ နှစ်အရွယ်တွင် အဝလွန်ခြင်း ဖြစ်နိုင်ပါသည်။
ကလေးများ ညဘက်အိပ်ရေးပျက်မှု၏ ဆိုးကျိုးများ
နေ့ခင်းဘက်တွင် မောပန်းခြင်းနှင့် တက်ကြွမှု မရှိခြင်းများဖြစ်တတ်ပါသည်။ အိပ်ရေးပျက်များလာခြင်းကြောင့် အဝလွန်ခြင်း၊ ဆီးချိုသွေးချိုရောဂါနှင့် နှလုံးရောဂါများ ခံစားရနိုင်ပါသည်။
အကြံပြုချက်
ကလေးအရွယ်တွင် အိပ်ချိန်နည်းခြင်းကြောင့် အဝလွန်ကဲခြင်းဖြစ်တတ်ပါသည်။ ထို့ကြောင့် ပုံမှန်အိပ်ရာဝင်ချိန် သတ်မှတ်၍ အိပ်ရပါမည်။ အိပ်ချိန်အပြည့်အ၀ အိပ်ရန်လည်း လိုအပ်ပါသည်။ အိပ်ချိန်နဲ့ နီးပြီးအစားအစာ အများအပြားစားခြင်းကို ရှောင်ကြဉ်ရပါမည်။ ကိုယ်ကာယအားကစား တစ်ခုခုပြုလုပ်ရပါမည်။ ဆိတ်ငြိမ်၍ အလင်းရောင်မရှိသော သက်တောင့်သက်သာဖြစ်သော အိပ်ခန်းတွင် အိပ်ရပါမည်။ အိပ်ခန်းသည် စာဖတ်ခြင်း၊ တေးဂီတနားထောင်ခြင်းနှင့် ရုပ်မြင်သံကြား ကြည့်ခြင်းမရှိသော အခန်းဖြစ်ရမည်။ အိပ်ခန်းအတွင်း၌ ကွန်ပျူတာ၊ ရုပ်မြင်သံကြား အင်တာနက်နှင့် စက်ပစ္စည်းများရှိသော အခန်းမဖြစ်ရပါ။ အိပ်ရေးပျက်မှုများလာပါက တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် တိုင်ပင်သင့်ကြောင်း အကြံပြုအပ်ပါသည်။
Author – Healthcare Journal (VOL:8/N0:7/PG:20) ဒေါက်တာမြင့်သန်းထွန်း