မိန်းမကိုယ်မှ အနံ့ဆိုးထွက်ခြင်းဟာ အမျိုးသမီးတိုင်း ကြုံရတတ်တဲ့ ကိစ္စတခုဖြစ်ပြီး အမျိုးသမီးတွေကို စိတ်ဒုက္ခအတော်ရောက်စေတဲ့ ကိစ္စတခုလည်းဖြစ်ပါတယ်။
မိန်းမကိုယ်ဟာ အများအားဖြင့် အနံ့မပြင်းလှတဲ့ အသားနံ့ခပ်ပျော့ပျော့ ရှိတတ်ပါတယ်။
အနံ့ဆိုးထွက်စေသောအကြောင်းရင်းများ
– တကိုယ်ရေသန့်ရှင်းမှု အားနည်းတာ
– အသန့်အကြိုက်လွန်ပြီး မိန်းမကိုယ်ကို ဆပ်ပြာမွှေးတွေ သုံးပြီးဆေးတာ၊ သန့်စင်ဆေးရည်တွေ အလွန်အကျွံသုံးတာ
– ချွေးထွက်များတာ
– ဓမ္မတာဆင်းတာ
– ဘက်တီးရီးယားပိုးဝင်တာ
– မှိုပိုးဝင်တာ
– မသန့်ရှင်းတဲ့ လိင်ဆက်ဆံရာမှတဆင့် Ganorrhoea နဲ့ Chlamydia ရောဂါဖြစ်တာ
– ရာသီလာတဲ့အခါ မိန်းမကိုယ်ထဲထည့်သုံးရတဲ့ တန်ပွန် (Tampon) ထည့်ပြီး ပြန်ထုပ်ဖို့မေ့တာ
– မိန်းမကိုယ်ကင်ဆာဖြစ်တာ
– သားအိမ်ခေါင်းကင်ဆာဖြစ်တာ
– မိန်းမကိုယ်နဲ့ အူမကြီးကြားမှာ ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းတခုဖြစ်ပြီး ဆက်နေတာ စတဲ့အကြောင်းတွေကြောင့် မိန်းမကိုယ်ကနေ အနံ့ဆိုးတွေထွက်နိုင်ပါတယ်။
မိန်းမကိုယ်ကအနံ့ဆိုးထွက်တိုင်း အရမ်းစိုးရိမ်စရာမလိုပါ။
ဓမ္မတာလာနေစဉ်မှာ သတ္ထုနံ့ သို့မဟုတ် သံအနံ့ ထွက်လေ့ရှိပြီး လိင်ဆက်ဆံပြီးအချိန်မှာလည်း ညှီစို့စို့အနံ့ ထွက်နိုင်ပါတယ်။
ဓမ္မတာလာနေစဉ် အနံ့ထွက်တာက လစဉ်သုံးဂွမ်းထုပ်ကို မကြာခဏလဲလှယ်ပေးတာ၊ သန့်ရှင်းခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းတဲ့ အတွင်းခံဝတ်တာတွေ လုပ်ပေးခြင်းဖြင့် သက်သာနိုင်ပြီး ဓမ္မတာလာတာပြီးတဲ့အခါမှာ အနံ့ပျောက်သွားပါတယ်။
လိင်ဆက်ဆံပြီးချိန် ညှီစို့စို့အနံ့ထွက်တာကလည်း ရေဆေးလိုက်ပါက အနံ့သက်သာနိုင်ပြီး နာရီအနည်းငယ်ကြာရင် အနံ့ပျောက်သွားတတ်ပါတယ်။
တကယ်လို့ မိန်းမကိုယ်က အနံ့ဆိုးထွက်တာက
– အချိန်ကြာတဲ့အထိ မပျောက်ဘူး
– ပိုပိုအနံ့ပြင်းလာတယ်
– ငါးညှီနံ့လို အနံ့လည်းထွက်လာတယ်
– အဖြူအဆင်းများတာ
– ဆင်းတဲ့အဖြူထဲ အဖြူဖတ်တွေပါလာတာ
– စိမ်းဝါရောင်သမ်းပြီး အမြုပ်ထတဲ့ အဖြူတွေဆင်းတာ
– မိန်းမကိုယ်ယားတာ၊ နာတာ၊ ဆီးစပ်တွေကိုက်တာ
စတဲ့ လက္ခဏာတွေပါ တွဲဖြစ်တယ်ဆိုရင်တော့ စိုးရိမ်ရပါတယ်။ ဆရာဝန်နဲ့ပြသစမ်းသပ်ပြီး သေချာကုဖို့လိုပါတယ်။
မိန်းမကိုယ်အနံ့ဆိုးထွက်ခြင်း ဖြစ်နိုင်ခြေနည်းအောင် အောက်ပါအချက်များကို ဂရုစိုက်လိုက်နာပါ။
– လေဝင်လေထွက်ကောင်းသော ချည်သားအတွင်းခံကိုပဲ ဝတ်ပါ။ တအားကြပ်တဲ့ ဆိုက် (size) တွေမဝတ်ပါနဲ့။ ခပ်ချောင်ချောင်ကိုသာ ဝတ်ပါ။ တနေ့တထည်လဲပါ။ စိုထိုင်းတာများရင် တနေ့တထည်ထက်ပိုပြီး လဲပါ။ ညအိပ်တဲ့အခါ အတွင်းခံမဝတ်ပါနဲ့။
– အတွင်းခံကို သေချာလျှော်ဖွတ်ပြီး နေရောင်ကောင်းစွာရတဲ့နေရာမှာ နေပူလှမ်းပါ သို့မဟုတ်
မီးပူတိုက်ပါ။
– ဝမ်းမချုပ်ပါစေနဲ့
– ဆီးသွားပြီးတဲ့အခါတိုင်း မိန်းမကိုယ်ကို ရေနဲ့သန့်စင်အောင်ဆေးပြီး အဝတ်သန့် သို့မဟုတ် စက္ကူသန့်နဲ့ ခြောက်အောင်သုတ်ပါ။ ဆပ်ပြာမွှေးတွေ သုံးပြီးဆေးတာ၊ မိန်းမကိုယ်ကို အမွှေးနံ့သာတွေ ဖျန်းတာ၊ လိမ်းတာတွေ မလုပ်ပါနဲ့။
– မိန်းမကိုယ်သန့်စင်ဆေးရည်တွေ သုံးမယ်ဆိုရင်လည်း တနေ့ တကြိမ်ထက် ပိုမသုံးပါနဲ့။
– အိမ်သာတက်ပီး သန့်ရှင်းရေးလုပ်တဲ့အခါ လက်က ရှေ့ဘက်ကနေ နောက်စအိုရှိရာဘက်သို့ ဦးတည်ရာတဖက်တည်းကိုပဲသွားပါ နောက်ကနေ ရှေ့ပြန်မလာပါနဲ့။
– အတူနေလိင်ဆက်ဆံပြီးတိုင်းမှာ မိန်းမကိုယ်ကို ရေနဲ့ သေချာဆေးပါ။
– ဓမ္မတာဆင်းနေတဲ့အချိန်မှာ ရေမချိုးဘဲနေတာမျိုးမလုပ်ပါနဲ့။ နေ့စဉ်မှန်မှန်ရေချိုးသင့်ပါတယ်။ ရာသီလာနေစဉ်သုံးတဲ့ လစဉ်သုံးဂွမ်းထုပ်ကိုလည်း တအားစိုရွဲမှ လဲလှယ်တာမျိုးမလုပ်ဘဲ မကြာခဏလဲပေးပါ။
– ဒိန်ချဉ်မကြာခဏစားပေးပါ။
Dr 528