ကလေးများတွင်စွဲကပ်နေသော အလေ့အထဆိုးများရှိတတ်ပါသည်။ လက်မစုပ်ခြင်း၊ နှာခေါင်းနှိုက်ခြင်း၊ လက်သည်းကိုက်ခြင်း၊ လေမှုတ်ခြင်းနှင့် ဆံပင်လိမ်ခြင်းတို့ဖြစ်ပါသည်။ ထိုအလေ့အထများကြောင့် မိဘ၊ ဆရာ အုပ်ထိန်းသူများ စိတ်အနှောင့်အယှက်ဖြစ်ရပါသည်။ သို့ရာတွင် ထိုအလေ့အထဆိုးများသည်အများအားဖြင့် ပျောက်ပျက်သွားတတ်ပါသည်။ ကလေးများတွင်ဖြစ်တတ်သော အလေ့အထဆိုးများကင်းစင်စေရန် မိဘ၊ အုပ် ထိန်းသူများအနေဖြင့် ဖယ်ရှားပေးရပါမည်။
လက်မစုပ်ခြင်း
လက်မစုပ်သောအလေ့အကျင့်ကို နှစ်နှစ်မှလေးနှစ်အရွယ်ကလေးငယ်များတွင် တွေ့ရှိရပါသည်။ ၎င်းတို့အနေ ဖြင့်လက်မစုပ်ခြင်းဖြင့် သက်သောင့်သက်သာရှိသည်ဟု ထင်မှတ်ကြပါသည်။ အချို့သော ကလေးများသည် လက်မစုပ်ခြင်းကို လေးနှစ်အရွယ်တွင်သာမက ခြောက်နှစ်အရွယ်အထိပြုလုပ်ကြပါသည်။ ဆိုးကျိုးအနေဖြင့် လက်မှရောဂါပိုး (ဥပမာ – ဝမ်းလျှောဝမ်းပျက်၊ အသည်းရောင်အသားဝါ၊ သန်ကောင်စွဲခြင်း၊ အစာအဆိပ်သင့် ခြင်း) များဝင်ရောက်တတ်ပါသည်။ သွားနာခြင်း၊ သွားကိုက်ခြင်း၊ သွားပိုးစားခြင်းစသည့်သွားပြဿနာများဖြစ် ပေါ်တတ်ပါသည်။
နှာခေါင်းနှိုက်ခြင်း
နှာခေါင်းနှိုက်ခြင်းအလေ့အကျင့်ဆိုးကို ကလေးအရွယ်မှာစတင်ပြီးပြုမူမိပါက အရွယ်ရောက်သည်အထိစွဲသွား တတ်သည်ကို သတိပြုရပါမည်။ အချို့သောကလေးများသည် နှာခေါင်းနှိုက်ခြင်းကြောင့် ဒဏ်ရာရရှိတတ်ပါ သည်။ နှာခေါင်းသွေးထွက်တတ်ပါသည်။
လက်သည်းကိုက်ခြင်း
အသက်ငါးနှစ်မှဆယ်နှစ်အတွင်း ကလေးငယ်သုံးပုံတစ်ပုံခန့်သည် လက်သည်းကိုက်ခြင်းအလေ့အထဆိုးများရှိ တတ်ပါသည်။ ဆယ်ကျော်သက်အချို့သည်လည်း လက်သည်းကိုက်လေ့ရှိပါသည်။ လက်သည်းများကို သွား နှင့်ကိုက်ခြင်းကြောင့် အမြဲစိုစွတ်နေပြီး မညီမညာဖြစ်တတ်ပါသည်။ အချို့သောကလေးများသည် လက်သည်း အပြင်ခြေသည်းများကိုလည်း ကိုက်တတ်ကြပါသည်။ မသန့်ရှင်းသောလက်သည်းကို ကိုက်ခြင်းကြောင့်ရောဂါ ပိုးများဝင်ရောက်တတ်ပါသည်။ သွားပြဿနာများဖြစ်ပေါ်တတ်ပါသည်။
Author: Dr.Myint Than Tun