မီးဖွားပြီးစ ဖြစ်တတ်သော ဝမ်းချုပ်ခြင်းပြဿနာ
ကလေးမွေးပြီးစ အမျိုးသမီးတဦးအနေနှင့် ကြုံတွေ့ရလေ့ရှိသည့် ကိစ္စရပ်များအနက် အဖြစ်များသောကျန်းမာရေးပြဿနာတရပ်မှာ ဝမ်းချုပ်ခြင်းဖြစ်သည်။ သာမန် အချိန်များတွင်ပင် ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်သည့် အကြောင်းအရာများ များစွာရှိနေပြီး မီးဖွားပြီးစ အမျိုးသမီးတဦးအတွက်မူ သာမန်လူတဦးထက်ပို၍ ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်သည့် အခြေအနေများ များစွာရှိသည်။
ဝမ်းချုပ်ခြင်းပြဿနာသည် မီးဖွားပြီးစ အမျိုးသမီး လေးဦးလျှင် အနည်းဆုံးတဦးအထိ ဖြစ်ပွားနိုင်သော အဖြစ်များသည့်ပြဿနာတရပ်ဖြစ်ပြီး ဖြစ်ပွားရသော အကြောင်းအရင်းကိုလိုက်၍ တရက်နှစ်ရက်မှ တပတ်ကျော်ခန့်အထိ ကြာမြင့်နိုင်သည်။ သာမန် ဖြစ်တတ်သော လက္ခဏာတရပ်လည်းဖြစ်၍ လတ်တလော စိုးရိမ်ရန်မလိုသော်လည်း အချိန်အတော်ကြာအထိ ဝမ်းချုပ်နေပါက ဝမ်းချုပ်ခြင်း၏ နောက်ဆက်တွဲ များဖြစ်သည့် ဗိုက်အောင့်၊ ဗိုက်နာခြင်းများနှင့်အတူ ကိုယ်လက်များ လေးလံခြင်း၊ ခေါင်းအုံ၊ ခေါင်းမူးခြင်းများခံစားရလာနိုင်ကာ မီးဖွားပြီးစ အမျိုးသမီးတဦးအတွက် အလွန်အရေးကြီးသော မီးတွင်းကာလအား စိတ်ညစ်ညူးစွာဖြင့်ပင် ဖြတ်သန်းသွားရနိုင်သည်။
မီးတွင်းကာလ ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်သည့် အကြောင်းအရင်းများ
ယခင်အချိန်ကာလများကတည်းက မကြာခဏ ဝမ်းချုပ်တတ်သည့် အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားနိုင်ခြေရှိပြီး မမွေးဖွားမီအခြေအနေ၊ မွေးဖွားသည့်နည်းစနစ်၊ မွေးဖွားနေစဉ် အခြေအနေနှင့် မွေးဖွားပြီးနောက်ပိုင်း နေထိုင်စားသောက်မှုပုံစံများကြောင့် မီးတွင်းကာလတွင် ဝမ်းချုပ်ခြင်း ပြဿနာကို ခံစားရစေနိုင်သည်။
– မမွေးဖွားမီကတည်းက သောက်သုံးသော သံဓာတ်အားဖြည့်ဆေးများကြောင့် ဖြစ်တတ်သော ဝမ်းချုပ်ခြင်း၊
– မွေးဖွားချိန်ကြာလွန်းပြီး အစားကောင်းကောင်းမစားထားခြင်းနှင့် မွေးပြီးနောက်ပိုင်း အစာကောင်းကောင်းမစားခြင်း၊
– ရိုးရိုးမွေးထားသောမိခင်များတွင် မွေးလမ်းကြောင်းတလျောက်နာကျင်နေခြင်းကြောင့် ဝမ်းမသွားလိုခြင်း၊
– ညှပ်ဆွဲမွေးရခြင်း၊ လေစုပ်မွေးရခြင်း စသည့်အခြေအနေများတွင် မွေးလမ်းကြောင်းနှင့် စအိုဝပတ်လည် ထိခိုက်မိခြင်းကြောင့် နာကျင်နေခြင်း၊
– မွေးလမ်းကြောင်းချဲ့ပြီး ပြန်ချုပ်ထားသော နေရာမှ နာကျင်နေခြင်း၊
– ဗိုက်ခွဲမွေးထားသော မိခင်များတွင် အစာအိမ်နှင့်အူလမ်းကြောင်း ကောင်းကောင်း အလုပ်မလုပ်သေးခြင်း၊
– ချုပ်ရိုးများမှ နာကျင်မှုကြောင့် အပေါ့အလေးသွားရန် ဆန္ဒမရှိခြင်း၊
– ချုပ်ရိုးများကို ထိခိုက်မည်စိုး၍ ဗိုက်ကိုအောင့်ထားရာက ဝမ်းသွားချင်စိတ်မရှိခြင်း၊
– မွေးဖွားပြီးနောက်ပိုင်း ရုတ်တရက်ပြောင်းလဲသွားသော ဟော်မုန်းများကြောင့် အစာအိမ်နှင့်အူလမ်းကြောင်း ပုံမှန်အလုပ်မလုပ်သေးပဲ ဝမ်းချုပ်တတ်ခြင်း၊
– ကိုယ်ဝန်ဆောင်ကာလ ဖြစ်လေ့ရှိသော လိပ်ခေါင်းများ ခံစားရနေခြင်းကြောင့် စအိုဝ နာကျင်နေပြီး ဝမ်းသွားချင်စိတ်မရှိခြင်း၊
– ဆေးရုံ၊ ဆေးခန်းတက်နေသူများ ဖြစ်ပါက အများသုံး အိမ်သာများတွင် ဝမ်းမသွားလိုခြင်းကြောင့် အောင့်ထားရင်းက ဝမ်းချုပ်နိုင်ခြင်းနှင့်
– ရေအသောက်နည်းသည့် မီးနေသည်များတွင် ဝမ်းချုပ်ခြင်း ပြဿနာကို အများဆုံး ခံစားရနိုင်သည်။
မီးဖွားပြီးစဝမ်းချုပ်ခြင်းကို ခံစားနေရလျှင်
ဝမ်းချုပ်ခြင်း ခံစားနေရသည့် မိခင်များအနေနှင့် ဝမ်းသွားလိုက်ခြင်းကြောင့် ချုပ်ရိုးများ ပြေသွားလေမလား၊ ပြုတ်သွားလေမလား၊ အနာများ ကွဲသွားလေမလား ဟူသော စိုးရိမ်စိတ်ကိုလျော့၍
မကြာခဏ အိမ်သာ တက်ပေးသင့်သည်။ အိမ်သာတက် ရာတွင်လည်း အချိန်နည်းနည်းနှင့် မကြာခဏတက် ခြင်းမျိုးထက် တကြိမ်တည်းတွင် တက်နိုင်သမျှ အချိန်များများပေး၍ တနေ့လျှင် လေးငါးကြိမ်ခန့် သွားပေးခြင်းမျိုးဖြင့် ဝမ်းကောင်းကောင်းသွားစေနိုင်သည်။
ရိုးရိုးမွေးပြီး မွေးလမ်းကြောင်း ချဲ့ထားရသည့် မိခင်များအနေနှင့် ချုပ်ရိုးမဖြေခင် ကာလများတွင် ဝမ်းသွားလိုလျှင် တစ်ရှုးစကို ခေါက်၍ အနာပေါ်မှဖိကာ ခပ်ဖြေးဖြေး သွားပေးနိုင်ပြီး အတင်းညှစ်၍ သွားခြင်းမျိုးကိုမူ ဆင်ခြင်ရန်လိုသည်။ ထို့အပြင် အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်ကြခြင်းဖြင့် မီးဖွားပြီးစ ဖြစ်ပွားလေ့ရှိသည့် ဝမ်းချုပ်ခြင်းပြဿနာကင်းဝေးပြီး မိခင်ကောကလေးပါ စိတ်လက်ချမ်းသာစွာဖြင့် မီးတွင်းကာလကို ဖြတ်သန်းသွားနိုင်ကြမည်ဖြစ်သည်။
– အစားစားခြင်းနှင့် ရေသောက်ခြင်းကို မွေးဖွားပြီးသည်နှင့် တတ်နိုင်သမျှ အမြန်ဆုံး ပြုလုပ်ပေးခြင်းဖြင့် အစာချေစနစ်ကို မြန်မြန်အလုပ်လုပ်စေနိုင်ပြီး ဝမ်းမှန်စေနိုင်သည်။
– ယခုကဲ့သို့ ပူအိုက်သော ရာသီဥတုတွင် ဖြစ်လေ့ရှိသည့် ရေဓာတ်ခန်းခြောက်မှုကြောင့် ဝမ်းချုပ်ခြင်းသာမက ခေါင်းအုံ၊ ခေါင်းမူးခြင်းနှင့် အခြားကျန်းမာရေး ပြဿနာများလည်း ခံစားလာရနိုင်သဖြင့် ရေများများသောက်ပေးရမည်ဖြစ်သည်။ ရေချည်း သီးသန့်ကို တနေ့လျှင် ရေသန့်ဘူး ၃ ဘူးခန့်သောက်ပေးခြင်းဖြင့် ဆီး/ဝမ်းမှန်စေနိုင်ရုံ သာမက မိခင်နို့ရည်ကိုလည်း များများထွက်စေနိုင်သည်။
– ပန်းသီး၊ လိမ္မော်သီး၊ စပျစ်သီးစသည့် အသီးအနှံများစားပေးခြင်းနှင့် လတ်ဆတ်သော သစ်သီးဖျော်ရည်များလည်း သောက်သုံးပေးခြင်းဖြင့်လည်း ဝမ်းမှန်စေနိုင်သည်။
– အမျှင်ဓာတ်ကြွယ်ဝသည့် ဟင်းသီးဟင်းရွက်များစားပေးခြင်းနှင့် အရည်သောက် ဟင်းလျာများ စားပေးဖြင့်လည်း ဝမ်းချုပ်ခြင်းမှ သက်သာစေနိုင်သည်။
– အချိန်ကြာကြာထိုင်နေခြင်း၊ လှဲနေခြင်းများရှိလျှင် ဝမ်းချုပ်ခြင်းကို ပိုမိုဖြစ်စေနိုင်သည့် အတွက် အစားစားပြီးချိန်များနှင့် ကလေးအိပ်နေချိန်များတွင် တတ်နိုင်သမျှ လှုပ်လှုပ်ရှားရှား ရှိနေသင့်သည်။
– ဝမ်းသွားချင်စိတ်ပေါ်လာချိန်တိုင်း မသွားသေးပဲ အောင့်ထားတတ်သူများတွင် ဝမ်းချုပ်ခြင်း ပိုမိုဖြစ်ပွားနိုင်သည်အတွက် အောင့်ထားတတ်သည့် အကျင့်ကို ဂရုပြု ရှောင်ကျဉ်ကြသင့်သည်။ အထူးသဖြင့် မနက်အိပ်ယာထအချိန်များတွင် ဝမ်းသွားချင်စိတ် အများဆုံး ဖြစ်ပွားနိုင်သည့်အတွက် အဆိုပါ အချိန်များနှင့် တနေ့တာအတွင်း ဝမ်းသွား ချင်စိတ်ပေါ်လာသည့် အချိန်တိုင်းတွင် အောင့်ထားခြင်းမျိုး မပြုလုပ်သင့်ပဲ အမြန်ဆုံး အိမ်သာတက်ပေးသည့်အကျင့်ကို မီးတွင်းကာလတွင် ပိုမို၍ဂရုတစိုက် ပြုလုပ်ပေး သင့်သည်။
– ဘိုထိုင်အိမ်သာ အသုံးပြုသည့် မိခင်များသည် ရေလောင်းအိမ်သာအသုံးပြုသည့် မိခင်များထက် ဝမ်းချုပ်ခြင်း ပို၍ဖြစ်ပွားနိုင်သည့်အတွက် အိမ်သာတက်ရာတွင် အောက်ခံခုံ ပေါ်တွင် ပုံမှန်ထိုင်၍ အသုံးပြုခြင်းထက် ခြေဖျားအောက်တွင် ခုံကဲ့သို့ အမြင့်တခုခုခံ၍ မိမိ၏ဒူးခေါင်းအား ပေါင်ထက်အနည်းငယ်မြင့်နေအောင် ပြုလုပ်ပေး ထားခြင်းဖြင့် ဝမ်းသွားချင်စိတ် ပိုမို ဖြစ်စေနိုင်ပြီး ဝမ်းချုပ်ခြင်း သက်သာစေနိုင်သည်။
မီးတွင်းကာလဝမ်းချုပ်ခြင်းပြဿနာ ခံစားနေရသူများတွင် အထက်ပါ နည်းလမ်းများ အတိုင်း လိုက်နာဆောင်ရွက်သော်လည်း
– ဝမ်းမသွားသေး သူများ၊
– ဝမ်းချုပ်ချိန် တပတ်ထက်ပို၍ကြာနေသူများ
– လိပ်ခေါင်း ရောဂါခံစားရနေသူများနှင့်
– ဝမ်းသွားတိုင်း နာကျင်မှု ခံစားနေရသူများ
– ဝမ်းသွားရာတွင် သွေး၊ အကျိအချွဲများ ပါဝင်လာလျှင်နှင့်
– ပြင်းထန်သော ဗိုက်အောင့်ခြင်းလက္ခဏာများ ခံစားလာရသူများအနေနှင့် နီးစပ်ရာ ကျန်းမာရေးဌာန၊ ဆေးရုံ/ဆေးခန်းများသို့သွား၍ နားလည်တတ်ကျွမ်းသော ဆရာဝန်/ သားဖွားဆရာမများနှင့် တိုင်ပင်ကာ လိုအပ်သော ကုသမှုခံယူကြရန်လိုသည်။
မီးတွင်းကာလအတွင်း ဖြစ်လေ့ရှိသည့် ဝမ်းချုပ်ခြင်းပြဿနာကို အကောင်းဆုံး ဖြေရှင်းနိုင်ကြပါစေ။
Dr. Tint Tal