သုတ်ရည်စစ်ဆေးတယ်ဆိုတာဟာ သုတ်ရည်ထဲမှာ မျိုးအောင်ဖို့အတွက် လုံလောက်တဲ့သုတ်ပိုးပမာဏ ပါမပါ၊အရည်အသွေးပြည့်မှီတဲ့ သုတ်ပိုးကောင်တွေပါမပါ စသဖြင့်ကို ဓါတ်ခွဲခန်း မှာစစ်ဆေးတာဖြစ်ပါတယ်။
ဆေးပညာအရတော့ Semen analysis လုပ်တယ်လို့ခေါ်ပါတယ်။
အများအားဖြင့်တော့ ဇနီးမောင်နှံတွေ ကလေးရဖို့ခက်နေတဲ့အခါ အမျိုးသားမှာချွတ်ယွင်းချက်ရှိနေမနေ သိဖို့ရန် သုတ်ရည်စစ်ဆေးခြင်းကို လုပ်ကြရလေ့ရှိပါတယ်။
ဒါ့အပြင် သားကြောဖြတ်ပြီးတဲ့အမျိုးသားတွေမှာလည်း သားကြောဖြတ်ပြီးနောက် သုတ်ရည်ထဲမှာသုတ်ကောင်ပါနေသေးလား မပါတော့ဘူးလား သိဖို့ရန် လုပ်ကြရလေ့ရှိပါတယ်။
(အမျိုးသားသားကြောဖြတ်တယ်ဆိုတာဟာ သုတ်ကောင်တွေ လိင်တံထဲရောက်မလာအောင် သုတ်ပို့ပြွန်ဆိုတဲ့ ပြွန်လေးကို ဖြတ်တောက်ပြီး ချည်တာ သို့မဟုတ် ပိတ်လိုက်တာ ဖြစ်ပါတယ်။
သားကြောဖြတ်လိုက်တယ်ဆိုပေမယ့် ဖြတ်လိုက်တဲ့သားကြောရဲ့တဖက်ခြမ်းမှာ သုတ်ကောင်လက်ကျန်တွေရှိနေတတ်လို့
သားကြောဖြတ်ပြီးတဲ့နောက် နှစ်လမြှောက် နဲ့ သုံးလမြှောက်မှာ သုတ်ရည်စစ်ဆေးမှု(Semen analysis) တကြိမ်စီ လုပ်ကြည့်ဖို့လိုပါတယ်။)
သုတ်ရည်စစ်ဆေးခြင်းလုပ်တဲ့အခါ သားကြောဖြတ်ပြီးတဲ့အမျိုးသားတွေမှာဆိုရင်တော့ သုတ်ကောင်ပါသေးလား မပါတော့ဘူးလားပဲ အဓိကထားကြည့်ပေမယ့်
ကလေးရဖို့ခက်နေလို့ စစ်တဲ့အမျိုးသားတွေမှာဆိုရင်တော့ ကြည့်စရာအချက်အလက်တွေများပါတယ်။
အဲ့ဒါတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။သုတ်ရည်ပမာဏ
ပုံမှန်အားဖြင့် သုတ်တခါလွှတ်ရင် သုတ်ရည် ၂မီလီလီတာ နဲ့အထက် ရှိသင့်ပါတယ်။တကယ်လို့ သုတ်ရည်ပမာဏက ၁.၅ မီလီလီတာ အောက်လျော့နည်းနေမယ်ဆိုရင်တော့ မျိုးအောင်နိုင်ခြေနည်းပါတယ်။
၂။သုတ်ကောင်ပမာဏ
သုတ်တခါလွှတ်တိုင်းမှာ စုစုပေါင်းသုတ်ကောင်ပမာဏဟာ ပုံမှန်အားဖြင့် သန်း၂၀ ကနေ သန်း၂၀၀ကြားမှာ ရှိသင့်ပါတယ်။
တကယ်လို့ သုတ်ကောင်ပမာဏဟာ ၁၅သန်းအောက်လျော့နည်းနေတယ်ဆိုရင်တော့ မျိုးအောင်နိုင်ခြေနည်းပါတယ်။
၃။သုတ်ကောင်ပုံစံ
သုတ်ကောင်ရဲ့ပုံစံနဲ့အရွယ်အစားကလည်း မျိုးအောင်နိုင်စွမ်းအပေါ်မှာ လွှမ်းမိုးနိုင်မှုရှိပါတယ်။သုတ်တခါလွှတ်တိုင်းမှာ ပုံမှန်ပုံစံနဲ့ပုံမှန်အရွယ်အစားရှိသုတ်ကောင်တွေ အနည်းဆုံး ၄ရာခိုင်နှုန်းပါရှိမှသာ မျိုးအောင်နိုင်မှာဖြစ်ပါတယ်။
၄။သုတ်ကောင်သွားလာလှုပ်ရှားနိုင်စွမ်း
သုတ်ကောင်လှုပ်ရှားနိုင်စွမ်းဟာလည်း မျိုးအောင်နိုင်စွမ်းအပေါ်မှာ လွှမ်းမိုးမှုရှိပါတယ်။
မိန်းမကိုယ်ထဲရောက်သွားတဲ့သုတ်ကောင်တွေဟာ မျိုးအောင်ဖို့အတွက် သားဥပြွန်ထဲမှာစောင့်နေတဲ့ သားဥဆီကို ရောက်အောင် သွားလာနိုင်စွမ်းရှိမှသာ သားဥနဲ့ပေါင်းစပ်နိုင်ပြီး မျိုးအောင်နိုင်မှာပါ။
ပုံမှန်အားဖြင့် သုတ်တခါလွှတ်တိုင်းမှာ ကောင်းမွန်စွာလှုပ်ရှားသွားလာနိုင်တဲ့ သုတ်ကောင်တွေဟာ အနည်းဆုံး ၅၀ ရာခိုင်နှုန်း ပါရှိရပါမယ်။
၅။သုတ်ရည်ကျဲဖို့ရန်ကြာချိန်
ပုံမှန်အားဖြင့် စစသုတ်လွှတ်ပြီးချိန်မှာထွက်လာတဲ့ သုတ်ရည်ဟာ ဖြူပြီးပျစ်ပါတယ်။
အဲဒီလိုဖြူပြီးပျစ်နေတဲ့သုတ်ရည်ဟာ ၁၅ မိနစ် ကနေ မိနစ်၃၀ ကြာတဲ့အခါမှာ ကျဲလာပြီး အရည်ကြည်ဖြစ်သွားရပါမယ်။
ဒါမှသာ သုတ်ကောင်တွေဟာ ကောင်းမွန်စွာလှုပ်ရှားသွားလာနိုင်မှာပါ။
၆။သုတ်ရည်အရောင်
သုတ်လွှတ်ပြီးခါစထွက်တဲ့ ပုံမှန်သုတ်ရည်အရောင်က အဖြူနှစ်ရောင်ဖြစ်ရပါမယ်။အဲ့လိုမဟုတ်ဘဲ နီညိုရင့်ရောင်သန်းနေတယ် ဆိုရင် သွေးပါတာဖြစ်နိုင်ပြီး အဝါရောင်သန်းနေတယ်ဆိုရင် အသားဝါ သို့မဟုတ် သောက်နေတဲ့ဆေးတခုခုရဲ့အာနိသင်ကြောင့်လည်းဖြစ်နိုင်ပါတယ်။
၇။pH ပမာဏ
သုတ်ရည်ရဲ့ပုံမှန် pH ပမာဏဟာ ၇.၁ ကနေ ၈ အကြားမှာရှိရပါမယ်။အဲ့ထက်နည်းရင် အက်စစ်ဓါတ်များပြီး အဲ့ထက်များရင် အယ်လ်ကာလီဓါတ်များတဲ့ဘက်ရောက်သွားပါမယ်။
ပုံမှန်မဟုတ်တဲ့ pH ပမာဏဟာ သုတ်ကောင်တွေရဲ့ကျန်းမာမှုနဲ့ လှုပ်ရှားသွားလာနိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။
သုတ်ရည်စစ်ဆေးမှု အကြောင်းဖတ်ပြီးတဲ့အခါ အမျိုးသားတွေအမေးများဆုံးမေးခွန်းက
သုတ်ရည်စစ်ဆေးမှုလုပ်တဲ့အခါ သုတ်ရည်ကို ဆေးခန်းမှာပဲထုတ်ယူတာလား။ဘယ်လိုနည်းတွေနဲ့ထုတ်ယူတာလဲ။အိမ်မှာထုတ်ပြီး ယူခဲ့လို့ရမလားဆိုတဲ့ မေးခွန်းတွေပါ။
စစ်ဖို့သုတ်ရည်ထုတ်ယူတဲ့နည်းတွေကတော့
အာသာဖြေတဲ့နည်းနဲ့ထုတ်ယူခြင်း
လိင်ဆက်ဆံတဲ့အခါ အထူးပြုလုပ်ထားသောကွန်ဒုံးစွပ်ကာဆက်ဆံခြင်းဖြင့်ထုတ် ယူခြင်း
လိင်ဆက်ဆံတဲ့အခါ မိန်းမကိုယ်ပြင်ပမှာ သုတ်လွှွတ်ခြင်းဖြင့် ထုတ်ယူခြင်း
လျှပ်စစ်ဓါတ်နဲ့လှုံ့ဆော်ခြင်းဖြင့် ထုတ်ယူခြင်း
ဆိုပြီး လေးနည်းရှိပါတယ်။
ဒီထဲမှာကတော့ အာသာဖြေပြီးယူတဲ့နည်းလမ်းက ပိုကောင်းပါတယ်။ဘာလို့လဲဆိုတော့ အဲ့နည်းလမ်းကအသန့်ရှင်းဆုံးသုတ်ရည်ကိုရရှိနိုင်လို့ပါ။
ဓါတ်ခွဲခန်းမှာ ထုတ်ယူလို့ရမလား။အိမ်မှာထုတ်ပြီးယူလာလို့ရလားဆိုတဲ့မေးခွန်းရဲ့အဖြေကိုပြောရရင်တော့
သုတ်ရည်ကိုထုတ်ပြီးတဲ့အခါမှာ ခန္ဓာကိုယ်အပူချိန်နဲ့တူတဲ့နေရာမှာ ထိန်းသိမ်းထားဖို့လိုပြီး ထုတ်ယူပြီးတဲ့ သုတ်ရည်ကို နာရီဝက်ကနေ တနာရီအတွင်းမှာစစ်မှသာ အနီးစပ်ဆုံးအဖြေကိုရမှာဖြစ်တဲ့အတွက် အိမ်မှာထုတ်ပြီးဓါတ်ခွဲခန်းလာပို့ဖို့ဆိုတာ အဆင်မပြေနိုင်ပါဘူး။
ဓါတ်ခွဲခန်းမှာပဲ ထုတ်ယူမှသာ အဆင်ပြေနိုင်မှာပါ။
ဓါတ်ခွဲခန်းတွေမှာ သုတ်ရည်ထုတ်ဖို့ သီးသန့်အခန်းလေးထားရှိပေးထားပါတယ်။
ဒါကြောင့် ကိုယ့်ဘာသာအာသာဖြေခြင်းဖြင့် ထုတ်တဲ့နည်းဟာ အကောင်းဆုံးလို့ အပေါ်မှာတခါပြောခဲ့တာပါ။
Semen Analysis ခေါ် သုတ်ရည်စစ်ဆေးမှုလုပ်တော့မယ်ဆိုရင် အနီးစပ်ဆုံးအဖြေမှန်ရဖို့ သတိထားလိုက်နာရမှာတွေရှိပါတယ်။သတိထားလိုက်နာရမှာတွေကိုမလိုက်နာပါက အဖြေမှားထွက်နိုင်ပါတယ်။
အဲ့ဒါတွေကတော့
သုတ်ရည်မစစ်ခင်မှာ
သုတ်လွှတ်ခြင်း(အာသာဖြေတာ၊လိင်ဆက်ဆံတာတွေ)ကို သုံးရက်အထိရှောင်ဖို့
အရက်၊ကဖင်းဓါတ်ပါတဲ့အစားအသောက်၊ဆေးခြောက်၊ကိုကင်းစတဲ့ မူးယစ်ဆေးဝါးတွေကို ငါးရက်အထိရှောင်ဖို့
တိုင်းရင်းဆေးတွေ၊ဆေးဖက်ဝင်နွယ်မြက်အပင်စတာတွေ သုံးနေတာရှိရင် ရပ်ထားဖို့
ဟော်မုန်းဆေးတွေသောက်နေတာရှိရင် ရပ်ထားဖို့ တွေပါ။
Dr 528