ရာသီဆင်းတာ နည်းရခြင်း အကြောင်းရင်း ၇ ချက်
အမျိုးသမီးတွေဟာ တယောက်နဲ့ တယောက် ဓမ္မတာစက်ဝန်းခြင်း မတူကြပါဘူး။
အမျိုးသမီးတယောက် ရာသီလာတဲ့အခါမှာ သုံးရက်ကနေ ၇ ရက်အထိ ကြာနိုင်ပါတယ်။
ပမာဏအနေနဲ့ပြောရရင် ၃၀ မီလီလီတာမှ ၈၀ မီလီလီတာအထိ ဆင်းတတ်ပါတယ်။
ရာသီလာတဲ့ရက်က နှစ်ရက်ထက်နည်းတယ် သို့မဟုတ် လာတဲ့ပမာဏက ၃၀ မီလီမီတာထက်နည်းတယ် ဆိုရင်တော့ ရာသီဆင်းတာနည်းနေတယ်လို့ သတ်မှတ်ပါတယ်။
ဆေးပညာအရတော့ Hypomenorrhoea လို့ခေါ်ပါတယ်။
ကျွန်တော်တို့ဆီက အမျိုးသမီးအတော်များများက ရာသီအဆင်းနည်းတဲ့အခါမှာ ခန္ဓာကိုယ်တွင်းမှာ သွေးပုပ်တွေကျန်နေမလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။
ဒါဟာမှားပါတယ်။ ရာသီသွေးဆိုတာဟာ သွေးပုပ်သွေးညစ်မဟုတ်တဲ့အတွက် ရာသီသွေးဆင်းနည်းတာနဲ့ ကိုယ်ခန္ဓာထဲသွေးပုပ်ကျန်နေတယ်လို့ ပြောမရပါ။
ရာသီသွေးဆင်းနည်းခြင်းကို ဖြစ်စေနိုင်တဲ့အကြောင်းတွေကတော့ အများကြီးရှိပါတယ်။
တချို့အကြောင်းတွေက စိတ်ပူစရာမလိုပေမယ့် တချို့အကြောင်းတွေကတော့ စိတ်ပူစရာလိုပါတယ်။
ရာသီသွေးဆင်းနည်းခြင်းကို ဖြစ်စေနိုင်တဲ့အကြောင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ မျိုးရိုးလိုက်ခြင်း
အမေ၊ အဒေါ်၊ အမတွေမှာ ရာသီလာတာနည်းရင် မိမိမှာလည်း ရာသီလာတာ နည်းနိုင်ပါတယ်။
ဒီလိုမျိုးရိုးလိုက်လို့ဖြစ်တဲ့ ရာသီအဆင်းနည်းခြင်းကတော့ သဘာဝပဲဖြစ်ပါတယ်။ စိုးရိမ်စရာမရှိပါ။
၂။ သားဥအိမ်မှာ ရေအိတ်တည်နေတာ
Polycystic ovarian syndrome (PCOS) လို့ခေါ်တဲ့ သားဥအိတ်မှာ ရေအိတ်လေးတွေတည်တဲ့ ရောဂါဖြစ်တဲ့အခါ ခန္ဓာကိုယ်ရှိ ဟော်မုန်းတွေကြား မျှခြေပျက်သွားကာ အမွှေးတွေများလာတာ၊ ဝလာတာ၊ ဝက်ခြံထွက်လာတာတွေနဲ့အတူ ရာသီသွေးဆင်းနည်းလာတာပါ ဖြစ်နိုင်ပါတယ်။
၃။ ပိန်လွန်းတာ
ရာသီသွေးကောင်းကောင်းဆင်းဖို့အတွက် ခန္ဓာကိုယ်က အဆီကို အတိုင်းအတာတခုထိ လိုအပ်ပါတယ်။
ဘာလို့လဲဆိုတော့ သားအိမ်နံရံအလွှာတည်ဆောက်မှုမှာ အရေးပါတဲ့ အီစတိုဂျင်ဟော်မုန်းကို အဆီဆဲလ်တွေကနေလည်း ယူရလို့ဖြစ်ပါတယ်။
ပိန်လွန်းပြီး အဆီမရှိတဲ့အခါ အီစတိုဂျင်ဟော်မုန်းဓါတ်အားနည်းပြီး သားအိမ်နံရံအလွှာကောင်းကောင်းမဖြစ်တဲ့အတွက် ရာသီသွေးဆင်းချိန်မှာ ရာသီသွေးဆင်းနည်းနိုင်ပါတယ်။
၄။ စိတ်ဖိစီးစရာများလွန်းတာ
စိတ်ထောင်းကိုယ်ကြေဆိုတဲ့စကားအတိုင်း စိတ်ဖိစီးစရာများလာတဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာဖြစ်တဲ့ ခန္ဓာကိုယ်အပေါ်မှာလည်း သက်ရောက်မှုတွေ ရှိပါတယ်။
စိတ်ဖိစီးစရာများလာတဲ့အခါမှာ Adrenaline နဲ့ Cortisol ဟော်မုန်းနှစ်မျိုး ထွက်လာပါတယ်။
အဲ့ဟော်မုန်းနှစ်မျိုးက ရာသီသွေးဆင်းရန်အရေးကြီးတဲ့ အီစတိုဂျင်နဲ့ ပရိုဂျက်စတီရုန်း ဟော်မုန်း နှစ်မျိုးထုတ်လုပ်မှုကို ထိခိုက်စေပြီး ရာသီသွေးဆင်းတာကို နည်းစေနိုင်ပါတယ်။
၅။ ကိုယ်ဝန်ရှိခြင်း
ကိုယ်ဝန်ရှိတယ်ဆိုရင် အများအားဖြင့်တော့ ရာသီထိန်သွားခြင်း ဖြစ်ပါတယ်။
သို့ပေမယ့် တချို့အမျိုးသမီးတွေမှာကျ ရာသီထိန်တာမဖြစ်ဘဲ သွေးအနည်းငယ်ဆင်းတာမျိုး ဖြစ်ပါတယ်။
မမျိုးဥနဲ့ သုတ်ကောင် ပေါင်းစပ်မျိုးအောင်ပြီးဖြစ်တဲ့ သန္ဓေအောင်ဥလေးက သန္ဓေသားအဖြစ် ဆက်ကြီးထွားဖို့ရန် သားအိမ်နံရံကို သွားတွယ်ကပ်တဲ့အတွက် သွေးအနည်းငယ်ဆင်းတာမျိုး ဖြစ်တာပါ။
ဆေးပညာအရတော့ Implantation bleeding လို့ခေါ်ပါတယ်။
၆။ ဟော်မုန်းပါ တားနည်းတမျိုးမျိုးသုံးခြင်း
ဟော်မုန်းပါ တားနည်းတမျိုးမျိုးသုံးတဲ့အခါမှာ ဘေးထွက်ဆိုးကျိုးအနေနဲ့ ရာသီနည်းတာဖြစ်တတ်ပါတယ်။ တချို့တွေမှာ ရာသီထိန်သွားတာ၊ မလာတော့တာမျိုးထိ ဖြစ်နိုင်ပါတယ်။
အထူးသဖြင့် ရေရှည်ခံတားနည်းတွေဖြစ်တဲ့ လက်မောင်းထဲ ပစ္စည်းမြုပ်တာ၊ မိန်းမကိုယ်ထဲ ဟော်မုန်းပါပစ္စည်းထည့်တာမျိုးတွေမှာ ပိုဖြစ်နိုင်ပါတယ်။
သို့ပေမယ့် နေ့စဉ်သုံးတားဆေးကဒ်သောက်ရင်လည်း ဘေးထွက်ဆိုးကျိုးအနေနဲ့ ရာသီသွေးဆင်းတာမျိုး ရံဖန်ရံခါ ဖြစ်နိုင်ပါတယ်။
၇။ Asherman’s Syndrome ခေါ် သားအိမ်ခြစ်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ သားအိမ်မှာ အမာရွတ်တစ်သျှူးတွေဖြစ်ခြင်း
သားအိမ်ခြစ်တယ်ဆိုတာ သားအိမ်ခေါင်းအဝကို ကိရိယာ သို့မဟုတ်ဆေးတွေသုံးပြီး ကျယ်အောင်ချဲ့ကာ အထူးပြုလုပ်ထားသော ဇွန်းလိုပုံစံရှိ ကိရိယာငယ်လေး ထည့်ပြီး သားအိမ်နံရံအတွင်းတစ်သျှူးလွှာကို ခြစ်တာဖြစ်ပါတယ်။
ဆေးပညာအရတော့ Dilatation and Curettage (D and C) လုပ်တယ်လို့ ခေါ်ပါတယ်။
သားအိမ်ခြစ်ရခြင်းအကြောင်းတွေက အများကြီးရှိနိုင်ပါတယ်။
– စပျစ်သီးသန္ဓေတည်တာ သို့မဟုတ်
– ကိုယ်ဝန်ပျက်ကျပြီးနောက် သားအိမ်ထဲမှာ သန္ဓေသားအပိုင်းအစကျန်နေခဲ့တာ သို့မဟုတ်
– ကလေးမွေးပြီးနောက် သားအိမ်ထဲမှာ အချင်းရဲ့ အပိုင်းအစကျန်နေခဲ့တာတွေဖြစ်လို့ အဲ့တာတွေကို ဖယ်ရှားဖို့အတွက် သားအိမ် ခြစ်ရနိုင်သလို
– ရာသီမပေါ်တာ၊ ရာသီလာရမယ့်ရက်မဟုတ်ဘဲ ကြားရက်တွေမှာ သွေးဆင်းတာ၊ သွေးဆင်းများတာ၊ သွေးဆင်းရက်ကြာတာ၊ သွေးဆုံးပြီးနောက်ပိုင်း သွေးပြန်ဆင်းတာစတဲ့ အခြေအနေတွေမှာဆိုရင်လည်း ဘာကြောင့်ဖြစ်မှန်း အကြောင်းရင်းကိုသိအောင်လုပ်တဲ့ စမ်းသပ်စစ်ဆေးမှုတခုအနေနဲ့လည်း သားအိမ်ခြစ်တာ လုပ်ရနိုင်ပါတယ်။
အများအားဖြင့်တော့ လူအများစုမှာ သားအိမ်ခြစ်တာဟာ ဘာနောက်ဆက်တွဲဆိုးကျိုးမှ မဖြစ်ဘဲ ပြီးသွားတာများပါတယ်။
သို့ပေမယ့် တချို့တလေမှာ ကံမကောင်းစွာနဲ့ သားအိမ်ခြစ်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေထဲက တခုဖြစ်တဲ့ သားအိမ်မှာ အမာရွတ်တစ်သျှူးတွေ ကျန်ခဲ့တာမျိုး ဖြစ်နိုင်ပါတယ်။
ဆေးပညာအရ Asherman’s syndrome လို့ခေါ်ပါတယ်။
အမာရွတ်တစ်သျှူးတွေဟာ သားအိမ်နံရံ အလွှာကို ကျုံ့သေးစေပြီး ရာသီသွေးဆင်းနည်းတာ၊ ရာသီလာတဲ့အခါ ကိုက်ခဲတာ၊ နောက်တကြိမ်ကိုယ်ဝန်ဆောင်တဲ့အခါ ကိုယ်ဝန်မမြဲတာတွေကို ဖြစ်စေနိုင်ပါတယ်။
Dr 528