ပန်းနာရင်ကျပ်ရောဂါသည် ကလေးများတွင်ဖြစ်ပေါ်တတ်သော နာတာရှည်ရောဂါတစ်ခုဖြစ်ပါသည်။ ဓာတ်မ တည့်ခြင်းကြောင့် ပန်းနာရင်ကျပ်ရောဂါဖြစ်နိုင်သကဲ့သို့ အခြားအကြောင်းအရင်းများကြောင့်လည်း ဖြစ်တတ်ပါ သည်။ ပန်းနာရင်ကျပ်ရောဂါသည် ကလေးတစ်ယောက်အတွက် ထိတ်လန့်စရာကောင်းသောရောဂါဖြစ်ပါ သည်။ အသက်ရှုရခက်ခဲမှုသည် ပိုလို့ဆိုးလာပြီး မွန်းကျပ်မှုကိုခံစားရနိုင်သောကြောင့် ကလေးသည်အသက် အန္တရာယ်စိုးရိမ်ရနိုင်ပါသည်။
ပန်းနာရင်ကျပ်ရောဂါလက္ခဏာများ
ကလေးများတွင်ဖြစ်တတ်သော ပန်းနာရင်ကျပ်ရောဂါလက္ခဏာများမှာ အသက်ရှုရခက်ခဲခြင်း၊ အသက်ရှုထုတ် သောအခါတွင်ချွဲသံပါခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းပြီးစိုးရိမ်ကြောင့်ကြမှုဖြစ်ခြင်း၊ အသက်ရှုမြန်ပြီးမောဟိုက်နေ ခြင်းနှင့်မျက်နှာ နှုတ်ခမ်းတွင်အပြာရောင်သန်းခြင်းတို့ဖြစ်ပါသည်။
ကလေးအားရှေးဦးသူနာပြုစုခြင်း
မိဘများသည် ပန်းနာရင်ကျပ်ဖြစ်နေသောကလေးငယ်အား စိတ်တည်ငြိမ်မှုရရှိစေရန်အတွက် မိမိကိုယ်တိုင်က လည်းစိတ်ကို တည်ငြိမ်အောင်ထားရပါမည်။ မိမိအိမ်တွင်လေမှုတ်စက် (သို့) ရှုဆေးစက်ရှိပါက ကလေးဝေဒနာ သက်သာစေရန် ဆောင်ရွက်ပေးရပါမည်။ကလေးသည်အိမ်ယာထဲတွင် အိပ်နေစဉ်ပန်းနာရင်ကျပ်ထဖြစ်ပါက ကလေးကို ထထိုင်ခိုင်းရပါမည်။ ခေါင်းအုံး နှင့်မှီထားရပါမည်။ ထို့အပြင် ကလေးကိုကုလားထိုင်တစ်လုံးတွင် ထိုင်ခိုင်းပြီးရှေ့ဘက်မှစားပွဲပေါ်တွင် လက်နှင့် ထိန်းမှီခိုင်းထားရပါမည်။ကလေးကိုယ်တိုင် ထိန်းထားနိုင်ရပါမည်။ ကလေး၏ရင်ဘတ်ကြွက်သားများ အတွက် လည်းအသက်ရှုထုတ်နိုင်အောင် အထောက်အကူပြုပေးသော အနေအထားဖြစ်ရပါသည်။
ဆေးဝါးဖြင့်ကုသခြင်း
ကလေးသေးသေးလေးများနှင့် ငယ်ရွယ်သောကလေးငယ်များအတွက် ပန်းနာရင်ကျပ်ရောဂါနှင့် ပတ်သတ်ပြီး ဆေးဝါးကုသမှုပြုလုပ်ပေးရပါမည်။ ဆရာဝန်ညွှန်ကြားချက်အတိုင်း ရှုဆေးဗူးနှင့်နှာခေါင်းအုပ်ခွက်ကို စနစ်တကျ တပ်ဆင်ထားရပါမည်။ ရှုဆေးဗူးကို လှုပ်ခါကြည့်ခြင်း၊ ခလုတ်ဖွင့်ကြည့်ခြင်းအားဖြင့် ကောင်းစွာအလုပ်လုပ် မ လုပ်စစ်ဆေးထားရပါမည်။
ကလေးအားရှေးဦးစွာ ပြုစုနည်းဖြင့်ကုသရပါမည်။ ကလေးကို ပေါင်ပေါ်တွင်ထိုင်ခိုင်းပြီး ထိန်းကိုင်ထားရပါမည်။ နှာခေါင်းအုပ်ခွက်ကို ကလေး၏ပါးစပ်နှင့် နှာခေါင်းတွင်အုပ်ရပါမည်။ အကယ်လို့ မျက်နှာဖုံးအသုံးပြုသောကိရိ ယာဆိုပါက မျက်နှာဖုံးကိုကလေး၏ မျက်နှာပေါ်တွင်အုပ်ရပါမည်။ ရှုဆေးဗူးကိုညှစ်ပြီး နှာခေါင်းအုပ်ခွက်ကို ထိန်းထားပြီးကလေးကို အသက်ပြင်းပြင်းရှုခိုင်းရပါမည်။ ရှုဆေးသည်ကလေးအသက်ရှုလာစေရန် ကုသပေး သောဆေးဖြစ်ပါသည်။
အကြံပြုချက်
ပန်းနာရင်ကျပ်ဖြစ်နေသော ကလေးအနီးတွင် ခြင်ဆေးခွေ၊ အမွှေးတိုင်များမထားရပါ။ အနံ့ဆိုးများ၊ စူးရှသော အနံ့များမရှိရပါ။ ကလေးငယ်အနီး ဆေးလိပ်မသောက်ရပါ။ လေကောင်းလေသန့်ရအောင် ပြုလုပ်ပေးထားရ ပါမည်။ မိမိသဘောဖြင့် ရင်ကျပ်ပျောက်ဆေးများမတိုက်သင့်ပါ။ တတ်ကျွမ်းနားလည်သော ဆရာဝန်များအားပြ သသင့်ကြောင်းအကြံပြုအပ်ပါသည်။
Author: ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး) Vol-8 / No-10 Healthcare Journal