ဓမ္မတာမလာခြင်း၊ သွေးထိမ်ခြင်း၊ ဓမ္မတာအလာနောက်ကျခြင်း၊ စောလွန်းခြင်း၊ ဓမ္မတာလာရက်ကြာ ရှည်၊ ရက်နည်းခြင်း၊ ဓမ္မတာလာစဉ်အလွန်နာကျင်ကိုက်ခဲခြင်း စသည်ဖြင့်ဓမ္မတာမမှန်ခြင်းအမျိုးမျိုးရှိလေ သည်။
ဓမ္မတာမလာခြင်း၊ ရာသီသွေးထိမ်ခြင်းမှာ အပျိုပေါက်အရွယ်ကတည်းကစပြီး ဓမ္မတာလုံးဝမလာခြင်း နှင့် ယခင်လစဉ်မှန်မှန်ဓမ္မတာလာခဲ့သော်လည်း၊ နောက်မှဓမ္မတာမလာခြင်းဟူပြီး နှစ်မျိုးနှစ်စားရှိပါတယ်။ သ ဘာဝအလျောက်အခြေအနေအမျိုးမျိုးကြောင့် ဓမ္မတာမလာခြင်းနှင့်ရောဂါများကြောင့် ဓမ္မတာမလာခြင်းဟူပြီး နှစ်မျိုးဖြစ်နိုင်တယ်။
ခန္ဓာကိုယ်တွင်းရှိ မျိုးပွားအဖွဲ့အစည်းအင်္ဂါရပ်အမျိုးမျိုးနှင့် ပြွန်မဲ့ဂလင်းများ၏လုပ်ငန်းဆောင်တာများ ချွတ်ယွင်းမှုများကြောင့်ဓမ္မတာတစ်ကြိမ် တစ်ခါမျှမလာခြင်း ဖြစ်တတ်တယ်။ ဓမ္မတာစတင်လာသည့်အရွယ် ရောက်လာသည့်တိုင်မလာသည့် အမျိုးသမီးငယ်များတွင်ဖြစ်တတ်သော အကြောင်းတစ်ခုမှာအမျိုးသမီးအင်္ဂါ လှိုဏ်ခေါင်းကိုပိတ်အုပ်ထားသော ကညှာအမြှေးတွင်အပေါက်လုံးဝမရှိလို့ သွေးများအတွင်းတွင်စုဝေးနေတတ် ခြင်းဖြစ်သည်။ ထိုသို့သောအခြေအနေမျိုးတွင် လစဉ်ရာသီသွေးဆင်းတတ်လာသော်လည်း အပြင်သို့မထွက်ဘဲ စုပေါင်းလာပြီးလစဉ်လိုလို အချိန်မှန်မှန်ဆီးစပ်၌ နာကျင်ခြင်းပြည့်ဖောင်းနေခြင်းတို့ ဖြစ်တတ်၏။ ယင်းတို့တွင် ဓမ္မတာလာရာလမ်းကြောင်း ပွင့်သွားစေရန်ကညှာမြှေးကို မေ့ဆေးထုံဆေးတို့ဖြင့်ဖောက်ပေးခြင်းဖြင့် ဓမ္မတာ လာစေနိုင်သည်။
ဓမ္မတာစတင်လာသည့်ကာလတွင် ပထမလာခါစတစ်နှစ် နှစ်နှစ်အတွင်းဓမ္မတာ မမှန်လေ့ရှိသည်မှာအ ပျိုဖော်ဝင်စကာလဖြစ်သဖြင့် ဦးနှောက်ဂလင်းတွင်မှဓမ္မတာလာစေရန် ကနဦးနှိုးဆော်ပေးတတ်သော ဟော်မုန်း ဓာတ်များကိုစနစ်တကျ ထုတ်မပေးနိုင်သေးခြင်း၊ အမျိုးသမီးမျိုးပွားအင်္ဂါများ ပြည့်စုံစွာမဖွံ့ဖြိုးသေးခြင်းတို့ကြောင့် ဖြစ်လို့အန္တရာယ်မရှိပေ။ သို့သော် ၁၆ နှစ်ပြည့်သည့်အရွယ်အထိ ဓမ္မတာမပေါ်ဘဲရှိသေးလျှင် နီးစပ်ရာဆေးခန်း၊ မိသားစုဆရာဝန်နှင့်ပြသရမည်။
ဓမ္မတာမှန်မှန်လာလေ့ရှိသူ အမျိုးသမီးအများစုအတွင်းမှာပင် တစ်ဝက်ခန့်၌တစ်ခါတစ်ရံ ဓမ္မတာတစ်လ နှစ်လလောက်မလာဘဲ ငုပ်နေတတ်၏။ ယင်းနောက်ပြန်ပေါ်လာသည့်အခါ ပုံမှန်အတိုင်းအချိန်မှန်စွာ ပြန်လာ သည်ကိုတွေ့ရတတ်သည်။ ဓမ္မတာလာခြင်း၊ စောခြင်း၊ ထိမ်ခြင်း၊ နောက်ကျခြင်းတို့မှ စိတ်လှုပ်ရှားမှုများနှင့် များ စွာဆက်စပ်နေသည်ကိုတွေ့ရသည်။ စာမေးပွဲဖြေဆိုခါနီးစိတ်ပူနေရခြင်း၊ အလုပ်အတွက်ကြောင့်ကြရခြင်း၊ တစ် နယ်တစ်ကျေးသို့နိုင်ငံခြားသို့ ပြောင်းရွှေ့နေထိုင်ရခြင်း၊ အိမ်ထောင်ကျခါစတွင် နေသားတကျမဖြစ်ခြင်း၊ အဆင် မပြေမှုများရှိခြင်းနှင့် အခြားသောဝမ်းနည်းဝမ်းသာ စိတ်လှုပ်ရှားမှုအမျိုးမျိုးနှင့် ကြုံတွေ့ရခြင်းစသည်တို့ကြောင့် ဓမ္မတာမမှန်ခြင်းကို ဖြစ်စေနိုင်ပါသည်။
ကိုယ်ဝန်ဆောင်နေစဉ် ဓမ္မတာမလာတော့သည်မှာ သဘာဝပင်ဖြစ်သည်။ အချို့မိခင်များသည်ကလေး မွေးဖွားပြီးကာစနှင့် နို့တိုက်နေသည့်အချိန်များတွင် ဓမ္မတာမလာဘဲ တစ်နှစ်ခန့်အထိနေတတ်သည်။ အ ကြောင်းမှာကိုယ်ဝန်ဆောင်စဉ်ကိုးလ ဆယ်လခန့်ဦးနှောက်အောက်အကျိတ်မှ သားဥထုတ်ရန်နှိုးဆော်သည့် ဟော်မုန်းထုတ်ပေးခြင်းမှာ ခေတ္တခဏဖြတ်ထားခံရသဖြင့် နောက်ထပ်ပြန်ထုတ်သောအခါ အံဝင်ခွင်ကျမဖြစ် သေးလို့ဖြစ်ပေသည်။ သို့သော်နို့ပြတ်ပြီး တစ်လနှစ်လအတွင်းဓမ္မတာ ပြန်လာတတ်သည်။
ကလေးနို့တိုက်နေစဉ်ဓမ္မတာမလာသဖြင့် ကိုယ်ဝန်ထပ်မရှိနိုင်ဟူသော အယူအဆသည်လည်းမမှန်ပေ။ မမျိုးဥကြွေခြင်းမှာ ဓမ္မတာမပေါ်သော်လည်း ဖြစ်နေနိုင်သဖြင့်အခြေအနေပေးရင် နောက်ထပ်ကိုယ်ဝန်ရနိုင် သည်။ သွေးဆုံးခါနီးအသက် ၄၀ နှင့် ၅၀ နှစ်ကြားတွင် ပဋ္ဋိသန္ဓေတည်နိုင်ရန် သားအိမ်၏ပြင်ဆင်မှုမှာ သက် တမ်းကုန်ခါနီးဖြစ်လို့ ဓမ္မတာလလိုက်၊ မလာလိုက်နှင့်အမှန်ပဲရှိတတ်သည်။ ဓမ္မတာကုန်ဆုံးသည့်အရွယ်သည် မျိုးရိုးအနေအထိုင် အစားအသောက်နှင့်ကျန်းမာရေး အခြေအနေတို့ကိုလိုက်ပြီး ကွာခြားလေသည်။ ကလေးမွေး ဖွားသူအမျိုးသမီးများသည် ကလေးမမွေးခဲ့သူများထက် ဓမ္မတာကုန်ဆုံးချိန်နောက်ကျလေ့ရှိသည်။
အချို့ကသွေးဆုံးခါနီး၊ ဓမ္မတာများများလာမှအပုပ်စင်သည်။ သွေးဆုံးမကိုင်တတ်ဟု အယူအဆလွဲမှား တတ်ကြသည်။ အမှန်စင်စစ်ဓမ္မတာကုန်ဆုံးသည့် အချိန်တဝိုက်တွင်သွေးများများဆင်းသော အမျိုးသမီးများ တွင်သားအိမ်ကင်ဆာပိုပြီး အဖြစ်များသည်ဟုသုတေသနမှတ်တမ်းများအရ သိရသည်။ အာဟာရဓာတ်လွန်စွာ ချို့တဲ့ခြင်း၊ သွေးအားနည်းခြင်း၊ ဦးနှောက်အောက်အကျိတ်ရောဂါအမျိုးမျိုး လည်ပင်းသိုင်းရွိုက်အကျိတ်နှင့် ကျောက်ကပ်အထက်အကျိတ်ရောဂါအမျိုးမျိုး၊ ဆီးရောဂါမမျိုးဥအိမ်ရောဂါအမျိုးမျိုး မွေးရာပါသားမွေးလမ်း ကြောင်းချွတ်ယွင်းမှုများနှင့် သားမွေးလမ်းကြောင်းရောဂါအမျိုးမျိုးတို့တွင် ဓမ္မတာမလာခြင်းဖြစ်တတ်သည်။
ဓမ္မတာအလာများခြင်းတို့ကိုလည်း အမျိုးသမီးအတော်များများ တွေ့ကြုံခဲ့ရဖူးသည်။ ထိုသို့သောအခါ ပင်ပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ သွေးအားနည်းခြင်းတို့ဖြစ်တတ်သည်။ အထူးသဖြင့် သွေးနှင့်ပတ် သက်သောရောဂါများ ဟော်မုန်းဓာတ်များမညီမညွှတ်ဖြစ်ခြင်း၊ သားအိမ်အတွင်းရှိအသားပို အရွတ်လုံးများ၊ ကင် ဆာများအပါအဝင် ရောဂါအမျိုးမျိုးကြောင့်ဖြစ်လာနိုင်သည်။
ထို့နည်းတူအချိန်မတိုင်မီစောပြီး ဓမ္မတာလာတတ်ခြင်းသည်လည်း သားအိမ်ခေါင်းနှင့်အမျိုးသမီး အင်္ဂါ အတွင်းတွင်အနာဖြစ်ခြင်း၊ သေးငယ်သောအသားပိုများ၊ အရွတ်လုံးများနှင့်သားအိမ်ကင်ဆာ အမျိုးမျိုးတို့ ကြောင့်လည်းဖြစ်တတ်လို့ အရေးကြီးပေသည်။
ဓမ္မတာမမှန်လျှင် – အမျိုးသမီးများအနေဖြင့် ဓမ္မတာမမှန်ခြင်းဂရုပြုတတ်ရမည်။ ဓမ္မတာမမှန်ခြင်းအမျိုး မျိုးရှိသည့်အနက် အဖြစ်များသောဓမ္မတာမမှန်ခြင်းကို ဖောြ်ပခဲ့ပြီးပြီ။
ဓမ္မတာမလာသည့်အခါ ဖြစ်နိုင်သောအကြောင်းအရင်းများကို ဆင်ခြင်စဉ်းစားပြီးရောဂါကြောင့်ဟု ယူဆလျှင်
မကြာခဏ ဓမ္မတာထိမ်ခြင်း၊ နောက်ကျခြင်း၊ စောခြင်းဖြစ်လေ့ရှိလျှင်
ဓမ္မတာသွေးဆင်းမှုလွန်ကဲလျှင်
ဓမ္မတာဆင်းရာတွင် သူတစ်ပါးထက်ပိုမိုပြီး၎င်း၊ ပုံမှန်အတိုင်းထက်ပိုပြီး၎င်း၊ နာကျင်ကိုက်ခဲလျှင်
သွေးဆုံးခါနီး ဓမ္မတာပိုဆင်းနေလျှင် ကျွမ်းကျင်သောဆရာဝန်ဖြင့်လျှင်မြန်စွာ ပြသစစ်ဆေးပြီးလိုအပ်သော ကု သမှုကိုတိကျစွာ ခံယူရမည်ဖြစ်ပါသည်။
အမျိုးသမီးတိုင်းအနေဖြင့် မိမိ၏ဓမ္မတာလာခြင်းသည် ကောင်းမွန်မှန်ကန်သောဓမ္မတာ ဟုတ်၊ မဟုတ် အစဉ်လေ့လာသတိပြုပြီး ဓမ္မတာမမှန်သည့်အခါတွင်လည်း အထက်ဖော်ပြခဲ့သည့်အတိုင်းလေ့လာဆန်းစစ်ပြီး လိုအပ်ပါက ထိရောက်စွာဆေးကုသမှုခံယူခြင်းဖြင့် ဓမ္မတာမမှန်ခြင်း၏နောက်ကွယ်မှ ဘေးအန္တရာယ်ဆိုး ရောဂါ အမျိုးမျိုးတို့ကိုကြိုတင်ကာကွယ် နိုင်မည်ဖြစ်ပေသည်။
ရာသီသွေးလာခြင်းနှင့်အတူ အဖြူဆင်းခြင်းအနည်းအများလည်း ကြုံရတတ်ပါသည်။ သဘာဝအရဆို လျှင်အဖြူအနည်းငယ်ဆင်းပြီးမှ ရာသီလာတတ်ပါသည်။ အဖြူဆင်းခြင်းများလျှင်မူ ဂနိုဆီးပူညောင်းကျရောဂါ၊ အဆုတ်တီဘီရောဂါ၊ ကာလသားပိုးရောဂါတို့ကြောင့် အမျိုးသမီးအင်္ဂါများရောင်ခြင်းအမျိုးမျိုး၊ နမိုနီးယားရောဂါ၊ ထရိုင်ကိုမိုးနပ်ရောဂါများ၊ ဓမ္မတာကုန်ဆုံးပြီး သားမွေးလမ်းကြောင်းရောင်ခြင်း၊ အောက်သို့သားအိမ်လျှောကျ ခြင်း၊ သားအိမ်နှင့်သားအိမ်ခေါင်းတွင် အသားပိုအရွတ်လုံးနှင့် အခြားအလုံးအခဲများပေါ်ပေါက်ခြင်း၊ မျိုးအင်္ဂါတ လျောက်ဖြစ်သောကင်ဆာအမျိုးမျိုး စသည်တို့ကြောင့်မီးယပ်လာသလို အဖြူလွန်ကဲစွာလာတတ်ပါသည်။ ဆရာဝန်နှင့်ပြသရမည်။
Author: ဒေါက်တာလွင်သန့် (Vol-8 / No-6) Healthcare Journal