ကလေးများနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ
ကလေးများ၏ ကိုယ်ခံအားစနစ်သည် ကောင်းစွာဖွံ့ဖြိုးတိုးတက်မှု မရှိသေးသည့်အတွက် ဝမ်းပျက်ဝမ်းလျှောခြင်းသည် ကလေးများတွင် လူကြီးများထက် ပိုမို ဖြစ်ပွားလေ့ရှိသည့်အပြင် ပိုမိုပြင်းထန်လေ့လည်းရှိပါသည်။
ထို့အပြင် အသက် ၅ နှစ်အောက် ကလေးများသေဆုံးမှု၏ ၉% မှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဖြစ်ပါသည်။
ဝမ်းပျက်ဝမ်းလျှောခြင်းသည် အစာအိမ်နှင့် အူလမ်းကြောင်းတွင် ကူးစက်ရောဂါပိုးများ ဝင်ရောက်နေသည့် လက္ခဏာတစ်ရပ် ဖြစ်ပါသည်။
ထို့အပြင် ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိသည့် ရောဂါပိုးများ၊ မလိုအပ်သည့် အကျိအချွဲများ စသည်တို့ကို ခန္ဓာကိုယ်အတွင်းဘက်မှ အပြင်ဘက်သို့ စွန့်ထုတ်သည့် နည်းလမ်းတစ်ခုလည်းဖြစ်ပါသည်။
ကလေးများတွင် ဝမ်းပျက်ဝမ်းလျှောခြင်းဖြစ်ပွားစေသည့် အကြောင်းရင်းများ
ကလေးများတွင် ဝမ်းပျက်ဝမ်းလျှောခြင်းဖြစ်ပွားစေသည့် အကြောင်းအရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- ဗိုင်းရပ်စ် ပိုးများကူးစက်ခံရခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှောခြင်း
- ဘက်တီးရီးယားပိုးများ ကူးစက်ခံရခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှောခြင်း
- အချို့သော အစားအစာများနှင့် ဓာတ်မတည့်ခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှောခြင်း
- အစာအဆိပ်သင့်ခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှောခြင်း
- ဝမ်းနုတ်ဆေးနှင့် အချို့သော ပဋိဇီဝဆေးများကြောင့် ဝမ်းပျက်ဝမ်းလျှောခြင်း
- အစာခြေလမ်းကြောင်း ရောင်ရမ်းခြင်းကို ဖြစ်စေသည့် Irritable bowel syndrome ၊ Crohn’s disease များကြောင့် ဝမ်းပျက်ဝမ်းလျှောခြင်း
- နေရာအသစ်တစ်ခုသို့ သွားရောက်ခြင်း သို့မဟုတ် အစားအစာ အသစ်တစ်ခု စားသောက်ခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှောခြင်း စသည်တို့ကြောင့် ဝမ်းပျက်ဝမ်းလျှောခြင်း ဖြစ်ပွားနိုင်ပါသည်။
ရောဂါလက္ခဏာများ
ကလေးများ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသောအခါ ဝမ်းပျက်ဝမ်းလျှောခြင်းအပြင် အောက်ပါရောဂါလက္ခဏာများလည်း ဖြစ်ပွားနိုင်ပါသည်။
- ဗိုက်အောင့်ခြင်း၊
- ပျို့အန်ခြင်း
- အစားအသောက်ပျက်ခြင်း
- ရေဓာတ်ခန်းခြောက်ခြင်း
- ကိုယ်အလေးချိန်လျော့ကျခြင်း
- လေပွခြင်း
- ဝမ်းမထိန်းနိုင်ခြင်း စသည့် လက္ခဏာများ ဖြစ်ပွားနိုင်ပါသည်။
ကလေးများ ဝမ်းပျက်ဝမ်းလျှောခြင်းကို ကုသခြင်းသည် ဝမ်းပျက်ဝမ်းလျှောခြင်း ဖြစ်စေသည့် အကြောင်းရင်းနှင့် ပြင်းထန်မှုအခြေအနေအပေါ် မူတည်ပါသည်။
ပုံမှန်အားဖြင့် အချိန်တစ်ခဏသာကြာသည့် ဝမ်းပျက်ဝမ်းလျှောခြင်းတွင် ဆုံးရှုံးသွားသောအရည်များကို ပြန်လည်ဖြည့်တင်းရန်သာ လိုအပ်ပါသည်။
သို့သော် ၂၄ နာရီထက်ကြာအောင် ဝမ်းပျက်ဝမ်းလျှောခြင်း ဖြစ်ပွားခဲ့ပါက ခန္ဓာကိုယ်မှ ရေဓာတ် အလွန်အကျွံ မဆုံးရှုံးစေရန်အတွက် ဆေးဝါးများသောက်သုံးရန် လိုအပ်ကောင်းလိုအပ်လာမည်ဖြစ်ပါသည်။
ရေဓာတ်ဖြည့်တင်းခြင်း
ရေဓာတ်ဖြည့်တင်းခြင်းသည် ကလေးများ ဝမ်းပျက်ဝမ်းလျှောခြင်းအတွက် အကောင်းဆုံး ကုသနည်းတစ်ခုဖြစ်ပါသည်။
သို့ရာတွင် ရေတစ်ခုတည်း ဖြည့်တင်းရုံဖြင့် လုံလောက်မည်မဟုတ်ပါ။
ထို့ကြောင့် ဓာတ်ဆားရည်ကဲ့သို့သော သတ္ထုဓာတ်များပါဝင်သည့် အရည်များကိုပါ ပြန်လည်ဖြည့်တင်းရမည် ဖြစ်ပါသည်။
အကယ်၍ ဓာတ်ဆားရည် အလွယ်တကူမရရှိခဲ့ပါက ဆားလက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်နှင့် သကြား လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်ကို ရေတစ်ဖန်ခွက်ထဲသို့ထည့်၍ ရောမွှေပြီး တိုက်ကျွေးနိုင်ပါသည်။
ဝမ်းပိတ်ဆေးများ
ဝမ်းပိတ်ဆေးများကို ဝမ်းလျှောခြင်း အပြင်းအထန်ဖြစ်သောကိစ္စများတွင် ခန္ဓာကိုယ်မှ အရည်များအလွန်အကျွံမဆုံးရှုံးစေရန်အတွက် အသုံးပြုနိုင်ပါသည်။
သို့သော် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ရောဂါပိုးများကြောင့် ဝမ်းလျှောခြင်းဖြစ်ပွားသည့်အခါ ခန္ဓာကိုယ်တွင် အဆိုပါရောဂါပိုးများ ဆက်လက်တည်ရှိ ပိတ်မိမနေစေရန် ဝမ်းပိတ်ဆေးများပေးလေ့မရှိပါ။
ထို့အပြင် အောက်ပါ အိမ်တွင်းကုထုံးများဖြင့်လည်း ကလေးများ၏ ဝမ်းပျက်ဝမ်းလျှောခြင်းကို သက်သာအောင် လုပ်ဆောင်ပေးနိုင်ပါသည်။
ဂျင်း
ဂျင်းသည် ဝမ်းလျှောခြင်းကို ရပ်စေနိုင်သည့်အပြင် ဝမ်းလျှောခြင်းကို ဖြစ်စေသည့် ဘက်တီးရီးယားများနှင့် အခြားကပ်ပါးပိုးများကိုလည်း တိုက်ခိုက်နိုင်စွမ်းရှိပါသည်။
ဂျင်းအနည်းငယ်ကို ရေတစ်ဖန်ခွက်ထဲတွင် ထည့်၍ ပြုတ်ကာ အအေးခံပြီး ကလေးငယ်အား တိုက်ကျွေးနိုင်ပါသည်။ အရသာချိုစေရန် ပျားရည်တစ်ဇွန်းခန့် ရောထည့်နိုင်ပါသည်။
သံပုရာရည်
သံပုရာရည်သည်လည်း ဘက်တီးရီးယားများကို သတ်နိုင်သည့် အစွမ်းသတ္တိရှိခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှောခြင်းကို ကုသရာတွင် အသုံးဝင်ပါသည်။
တစ်ကြိမ်လျှင် သံပုရာရည် တစ်ခွက်၊ တစ်နေ့လျှင် ၃ ကြိမ်မှ ၄ ကြိမ်ခန့်အထိ တိုက်နိုင်ပါသည်။
အာလူး
အာလူးတွင် ပါဝင်သော ကစီဓာတ်သည် ဝမ်းကိုမာကျောစေ၍ မကြာခဏ ဝမ်းသွားခြင်းကို ကာကွယ်ပေးသဖြင့် ရေဓာတ် ခန်းခြောက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
ကစီဓာတ်ကြွယ်ဝသော အရည်များ
ထမင်းရည် သို့မဟုတ် ဆန်ဆေးရည်ကို ဆားအနည်းငယ်ထည့်၍ ကလေးငယ်အား တိုက်ကျွေးခြင်းသည်လည်း ဝမ်းပျက်ဝမ်းလျှောခြင်းကို ကာကွယ်နိုင်သည့် နည်းလမ်းတစ်ခုပင် ဖြစ်ပါသည်။
Black Tea
Black Tea တွင် ပါဝင်သော Tannic Acid က အစာအိမ်မအီမသာ ဖြစ်ခြင်းကို သက်သာစေ၍ ဝမ်းပျက်ဝမ်းလျှောခြင်း လက္ခဏာများကို ပျောက်ကင်းစေပါသည်။
ကဖင်းဓာတ်မပါဝင်သော Black Tea တစ်နေ့လျှင် ၂ ခွက်မှ ၃ ခွက် အထိ ကလေးငယ်အား တိုက်ကျွေးနိုင်ပါသည်။
ဒိန်ချဉ်
ဒိန်ချဉ်တွင် အူလမ်းကြောင်းအတွင်းတွင် နေထိုင်တတ်သည့် အကျိုးပြု ဘက်တီးရီးယားပေါင်းများစွာ ပါဝင်သည့်အတွက်ကြောင့် မကောင်းသောဘက်တီးရီးယားရောဂါပိုးများကြောင့်ဖြစ်သည့် ဝမ်းပျက်ဝမ်းလျှောခြင်းများကို သက်သာပျောက်ကင်းစေပါသည်။
ငှက်ပျောသီး
ငှက်ပျောသီးတွင်ပါဝင်သော ပိုတက်စီယမ် နှင့် Pectin တို့သည် ဝမ်းကိုမာကြောစေ၍ ခန္ဓာကိုယ်မှ ရေဓာတ်နှင့် သတ္ထုဓာတ်ဆားများ ဆုံးရှုံးခြင်းမှ ကာကွယ်ပေးပါသည်။
ကလေးများတွင် ဝမ်းပျက်ဝမ်းလျှောခြင်းသည် ကောင်းစွာကုသမှုခံယူလျှင် ပြန်လည်ပျောက်ကင်းနိုင်သည့် ရောဂါတစ်ခုဖြစ်ပါသည်။ ကလေးများကို ကုသခြင်းများအပြင် အားအင်ပြန်လည်ပြည့်ဝစေရန်အတွက် ကောင်းစွာအနားယူစေရန်လည်း လိုအပ်မည်ဖြစ်ပါသည်။