သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းခြင်းမှာ ကမ္ဘာပေါ်တွင်အဖြစ်အများဆုံးသော သွေးအားနည်းရောဂါဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO စစ်တမ်းများအရ ကမ္ဘာတစ်ဝန်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီး ၄၀% ခန့်နဲ့ ကိုယ်ဝန်ဆောင်မဟုတ်သော အမျိုးသမီး ၃၃% ခန့်ဟာ သံဓာတ်ချို့တဲ့မှုကို ခံစားနေကြရပါတယ်။ မြန်မာနိုင်ငံမှာလည်း အရွယ်ရောက်ပြီး အမျိုးသမီးတွေရဲ့ ၅၀% ခန့်ဟာ သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်းဝေဒနာကို ခံစားနေရပါတယ်။
သံဓာတ်ဟာ လူ့ခန္ဓာကိုယ်အတွက် အောက်ဆီဂျင်ကို ခန္ဓာကိုယ်အနှံ့သယ်ပို့ပေးတဲ့ သွေးနီဥသွေးဆဲလ်များ ထုတ်လုပ်ရာမှာ အရေးပါပါတယ်။
သံဓာတ်ချို့တဲ့စေတဲ့အကြောင်းများမှာ –
၁။ သွေးထွက်ခြင်း(ရုတ်တရက်သွေးဆုံးရှုံးမှု। ခန္ဓာကိုယ်တွင်း သွေးဆုံးရှုံးမှုရောဂါများ)
၂။ ခန္ဓာကိုယ်သံဓာတ် လိုအပ်ချက်များလာခြင်း (ကြီးကောင်ဝင်ချိန်। ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ)
၃။ အစားအသောက် ပုံမှန် စုံစုံလင်လင် မစားသူများ। အစားရွေးခြင်း। သံဓာတ်ပါဝင်တဲ့ အစာစားသုံးမှု နည်းခြင်း
၄။ အမျိုးသမီများ လစဉ် ဓမ္မတာသွေးဆုံးရှုံးခြင်း। ကလေးမီးဖွားစဥ် သွေးဆုံးရှုံးခြင်း। အသက်ငယ်တဲ့ အမျိုးသမီးတွေမှာ ဓမ္မတာလာချိန် ရာသီသွေးဆင်းများခြင်း စတဲ့အကြောင်းများကြောင့် သံဓာတ်ချို့တဲ့တတ်ပါတယ်။
သံဓာတ်ချို့တဲ့ခြင်းဟာ ကနဦးပိုင်းမှာ ရောဂါလက္ခဏာမပြသဘဲ ရှိနေတတ်ပါတယ်။ ခန္ဓာကိုယ်တွင်းရှိသံဓာတ်များ တဖြည်းဖြည်း လျော့နည်းလာလျှင် ခံစားရမယ့် ရောဂါလက္ခဏာများမှာ ခေါင်းမူးခြင်း၊ အလွယ်တကူမောပန်းနွမ်းနယ်လာခြင်း ၊ခန္ဓာကိုယ်နှုန်းချိခြင်း၊ လှုပ်လှုပ်ရှားရှား ပြုလုပ်လျှင်မောခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ခြေဖျားလက်ဖျားအေးခြင်း၊ လက်သည်း ခြေသည်းများ ကြွပ်ဆတ်ခြင်း၊ ပုံမမှန်ချိုင့်ခွက်ခြင်း၊ အထိုင်အထပြုစဥ် မိုက်ခနဲ ဖြစ်ခြင်း၊ အာရုံစူးစိုက်၍မရခြင်း၊ သတိလစ်ခြင်းများအထိ ဖြစ်နိုင်ပါတယ်။
ဒါ့ပြင် သံဓာတ်ချို့တဲ့မှုကြောင့် မထင်ရှားဘဲ ရှိနေတတ်တဲ့ လက္ခဏာများအနက် တစ်ခုမှာ ဓမ္မတာသွေးကောင်းကောင်း မဆင်းခြင်း। ထိန်ခြင်းဖြစ်ပါတယ်။ ဓမ္မတာသွေးထိန်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ အဖြစ်အများဆုံးကတော့ သံဓာတ်ချို့တဲခြင်းဖြစ်ပါတယ်။
သံဓါတ်ချို့တဲ့မှုဟာ လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို အာနည်းစေနိုင်တဲ့အတွက် ရောဂါပိုမွှားဝင်ရောက်မှုကို ကာကွယ်တားဆီးနိုင်ခြင်းမရှိဘဲ အလွယ်တကူ ကူးစက်ဖျားနာ စေနိုင်ပါတယ်။
သံဓာတ်သည် ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင်ပံ့ပိုးပေးတဲ့အတွက် ဆံပင်နှင့်လူ့အရေပြား ကျန်းမာရေးအတွက်လည်း အရေးကြီးပါတယ်။ သံဓာတ်ချို့တဲ့လျှင် အရေပြား। လက်သည်းခြောက်သွေ့ပျက်စီးခြင်း। ဆံပင်ကျွတ်ခြင်းစသည်တို့ ဖြစ်ပေါ်စေနိုင်ပါတယ်။
နောက်ထပ်လက္ခဏာတစ်ခုမှာ PICA ဟုခေါ်တဲ့ အာဟာရဓါတ်မဖြစ်သည့်အရာများကို (မြေကြီး। သံသတ္တုအစရှိသည်) စွဲလန်းစားသုံးချင်တတ်တဲ့ သံဓါတ်ချိူ့တဲ့ရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်၀န်ဆောင်မိခင်များ သံဓာတ်ချို့တဲ့ပါက ကျောက်မီးသွေး। မြေဖြူခဲ အစရှိသည့် အရာများစားချင်ခြင်း। ” ချင်ခြင်း ” ဖြစ်ခြင်း ဖြစ်တတ်ကြပါသည်။
သံဓာတ်ချို့တဲ့မှု ဖြစ်ပွားနိုင်ခြေများသူများမှာ ကိုယ်ဝန်မကြာခဏဆောင်နေတဲ့မိခင်များ। သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ဖြစ်ပွားဖူးသူများ। မီးဖွားပြီးတစ်နှစ်အတွင်း ဒုတိယကိုယ်ဝန်ဆောင်သူများပဲ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်များ သံဓာတ်ချို့တဲ့လျှင် ရောဂါပိုးမွှားများ အလွယ်တကူကူးစက်နိုင်ခြင်း। စိတ်ကျရောဂါဖြစ်နိုင်ခြင်း। သန္ဓေသားရဲ့ဦးနှောက်ကြီးထွားဖွံဖြိုးမှုထိခိုက်ခြင်း। ကလေးမီးဖွားစဥ် သွေးသွန်ခြင်း। ကိုယ်ဝန်လမစေ့ဘဲ သို့မဟုတ် အလေးချိန်မပြည့်ဘဲ မီးဖွားခြင်းတို့ ခံစားရနိုင်ပါတယ်။
ဒါကြောင့် အမျိုးသမီးတွေမှာ ဖြစ်ပွားနိုင်မှုများတဲ့ သံဓာတ်ချို့တဲ့ခြင်းရဲ့ လက္ခဏာများဟာ မထင်ရှားဘဲ ရှိနေတတ်တဲ့အတွက် ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့အချက်တွေအတိုင်း တွေ့ကြုံခံစားရပါက တတ်ကျွမ်းနားလည်တဲ့ဆရာဝန်များနဲ့ ဆွေးနွေးတိုင်ပင်ပြီး သံဓာတ်အားဖြည့် ကုသမှုခံယူရန်လိုအပ်ပါတယ်။
အစားအသောက် အာဟာရပြည့်ဝစုံလင်အောင်စားသုံးဖို့လိုအပ်သလို သံဓာတ်အားဖြည့်ဆေးများလည်း လိုအပ်ပါကပုံမှန်ဖြည့်စွက် သောက်သုံးရန်လိုအပ်တဲ့အကြောင်း မျှဝေရေးသားပေးလိုက်ပါတယ်။
Author: Dr. Yee Mon