သုတေသနလေ့လာတွေ့ရှိချက်များအရ ယနေ့ခေတ်အချိန်အခါတွင် သွေးအားနည်းရောဂါသည် အဖြစ်များသော ရောဂါအမျိုးအစားများအနက် တစ်မျိုးဖြစ်ကြောင်း တွေ့ရှိရပါသည်။ သွေးအားနည်းရောဂါဆိုသည်မှာ ခန္ဓာကိုယ်ရှိ တစ်ရှူးများဆီသို့ အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးရန်အတွက် လိုအပ်သော သွေးနီဥအရေအတွက် ခန္ဓာကိုယ်၌ လုံလောက်စွာ မရရှိသော အခြေအနေကို ဆိုလိုပါသည်။
သွေးအားနည်းရောဂါလက္ခဏာများ
သွေးအားနည်းရောဂါရှိသောသူများတွင် အောက်ပါရောဂါလက္ခဏာများကို တွေ့ရှိရပါသည်။
-ပုံမှန်အခြေအနေထက် ပိုမို၍ ပင်ပန်းလွယ်ခြင်း
-အားနည်းနေတတ်ခြင်း
-အရေပြားဖြူဖျော့ခြင်း၊ သို့မဟုတ် အဝါရောင်သမ်းနေခြင်း
-နှလုံးခုန်မမှန်ခြင်း
-အသက်ရှူမ၀ခြင်း
-မူးဝေနေခြင်း
-ရင်ဘတ်အောင့်ခြင်း
-ခြေဖျားလက်ဖျားအေးစက်နေခြင်း စသည့်ရောဂါလက္ခဏာများကို တွေ့ရှိနိုင်ပါသည်။
သွေးအားနည်းရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးရောဂါများ
သွေးအားနည်းရောဂါရှိသောသူများတွင် အထက်ပါရောဂါလက္ခဏာများအပြင် အသက်အန္တရာယ်အထိဖြစ်စေနိုင်သော အောက်ဖော်ပြပါ နောက်ဆက်တွဲရောဂါဆိုးကျိုးများကိုလည်း တွေ့ရှိနိုင်ပါသည်။
( ၁ ) နှလုံးရောဂါပြဿနာများ
သွေးအားနည်းရောဂါခံစားနေရသောသူများတွင် ဟေမိုဂလိုဘင်ဓာတ်ပြည့်၀သော သွေးနီဥများလုံလောက်စွာ မရှိသောကြောင့် နှလုံးသည် ပိုမို၍ အားစိုက်ထုတ်ကာ အလုပ်လုပ်ရသဖြင့် နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်း၊ နှလုံး၏လုပ်ငန်းဆောင်တာများကို ကောင်းစွာ လုပ်ဆောင်နိုင်မှုမရှိခြင်း စသည့်ရောဂါဆိုးကျိုးများဖြစ်လာပါသည်။
ထို့ပြင် သွေးအားနည်းရောဂါအခြေအနေ ပိုမိုဆိုးရွားလာလျှင် အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ကြောင်းကို လေ့လာချက်များအရ တွေ့ရှိရပါသည်။
( ၂ ) ကိုယ်ဝန်ဆောင်စဉ်ခံစားရနိုင်သော နောက်ဆက်တွဲဆိုးကျိုးများ
ကိုယ်ဝန်ဆောင်ကာလ လေးလမှ ကိုးလခန့်အထိတွင် သွေးအားနည်းရောဂါခံစားရနိုင်ခြေများကြောင်း တွေ့ရှိရပါသည်။ အကယ်၍ ကိုယ်ဝန်ဆောင်မိခင်များအား သွေးအားနည်းရောဂါကို ထိရောက်စွာ ကုသခြင်းမရှိလျှင် မွေးဖွားလာသည့် ကလေးများတွင် အောက်ပါ ဆိုးကျိုးများကို တွေ့ရှိနိုင်ပါသည်။
-ခန္ဓာကိုယ်အလေးချိန် မပြည့်မီသော ကလေးများကို မွေးဖွားခြင်း
-နေ့စေ့လစေ့မဟုတ်ဘဲ ကလေးမွေးဖွားခြင်း
-မွေးကင်းစကလေးငယ်များတွင် သွေးအားနည်းရောဂါကို ခံစားရခြင်း စသည့် အခြေအနေများကို တွေ့ရှိရပါသည်။
( ၃ ) စိတ်ဓာတ်ကျရောဂါကို ခံစားရခြင်း
ထို့ပြင်သွေးအားနည်းရောဂါအမျိုးအစားများအနက် ဗီတာမင် B12 ချို့တဲ့သောကြောင့်ဖြစ်သည့် Pernicious Anaemia ရောဂါအမျိုးအစားတွင် အာရုံကြောအားထိခိုက်နိုင်သဖြင့် စိတ်ဓာတ်ကျရောဂါဖြစ်နိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။
( ၄ ) ခုခံအားစနစ်အားနည်းခြင်း
သွေးအားနည်းရောဂါ၏ နောက်ထပ်တွေ့ရှိနိုင်သော နောက်ဆက်တွဲဆိုးကျိုးတစ်ခုမှာ ခုခံအားစနစ်လျော့နည်း လာပြီး ရောဂါပိုးများ အလွယ်တကူ ကူးစက်နိုင်ခြင်းပင် ဖြစ်ပါသည်။
( ၅ ) သွေးအားနည်းရောဂါရှိသည့် ကလေးများတွင် ဉာဏ်ရည်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနှောင့်နှေးခြင်း
ထို့ပြင် သွေးအားနည်းရောဂါခံစားနေရသည့် ကလေးများတွင် မှတ်ဉာဏ်ပိုင်းဆိုင်ရာအားနည်းခြင်းနှင့် အခြားဉာဏ်ရည်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွင် သာမန်ကလေးများထက် နှောင့်နှေး နေခြင်းတို့ကိုလည်း တွေ့ရှိရပါသည်။
အထက်ပါ ပြင်းထန်သည့် သွေးအားနည်းရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် သွေးအားနည်းရောဂါ မဖြစ်စေရန်အတွက် သွေးအားကောင်းရန်မှာ အလွန်ပင်အရေးပါကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် သွေးအားနည်းရောဂါကို ကာကွယ်ရန်အတွက် သွေးအားကောင်းစေနိုင်သည့် အာဟာရဓာတ်များပါဝင်သည့် အားဆေးဖြည့်စွက်စာများကို သောက်သုံးမှီဝဲခြင်း၊ သွေးအားကောင်းစေမည့် အစားအစာများကို လုံလောက်စွာ စားသုံးခြင်း၊ သွေးအားကောင်းစေမည့် အာဟာရဓာတ်များကို ခန္ဓာကိုယ်မှ စုပ်ယူခြင်းအား တားဆီးနိုင်သည့် အစားအသောက်များကို စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်းစသည့် အချက်များကို လိုက်နာရန်လိုအပ်ကြောင်း အကြံပြုလိုပါသည်။
သွေးအားကောင်းစေမည့်အစားအစာများ
အောက်ဖော်ပြပါ အစားအစာများသည် သွေးအားကောင်းစေနိုင်သော အစားအစာများဖြစ်ပါသည်။
-အမဲသား
-ဆိတ်သား
-ပင်လယ်စာများ
-အသည်း
-အစေ့အဆန်များ
-သစ်သီးခြောက်များ
-အခွံမာသီးများ
-ပဲအမျိုးမျိုး
-အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ စသည်တို့ကို စားသုံးသင့်ပါသည်။
ထို့ပြင်
-လက်ဖက်ရည်
-ကော်ဖီ
-နို့နှင့်နို့ထွက်ပစ္စည်းများ
-စပျစ်သီး
-ပြောင်းဖူး စသည့်အစားအစာအချို့သည် သံဓာတ်စုပ်ယူမှုကို တားဆီးနိုင်သဖြင့် သွေးအားနည်းရောဂါကို ကာကွယ်ရန်အတွက် အလွန်အကျွံစားသုံးရန်မသင့်ကြောင်း အကြံပြုအပ်ပါသည်။