“ကျွန်တော် စိတ်လျှော့လိုက်ချင်မိတယ်။ ရှူနေရင်းနဲ့ကို အသက်ရှူရကျပ်လာတယ်။ ရင်ဘတ်ထဲကဆို အသံတွေထွက်လာတယ်။ အမျိုးသမီးက ကျွန်တော့်ကို သွားပြီပဲထင်တာ”
ကိုဗစ်ကြောင့် ကိုစိုးသူမောင် အသက်ရှူကျပ်ဝေဒနာကို အလူးအလဲခံနေရခြင်းဖြစ်သည်။
ဇူလိုင်လဆန်းပိုင်းတစ်ရက် မိသားစုအလိုက် အပြင်ကပြန်လာပြီးချိန်တွင် ကိုစိုးသူမောင်၏အမျိုးသမီးဖြစ်သူ ချောင်းလေးဆိုး၊ လည်ချောင်းနာလေး စဖြစ်လာသည်။ ထို့နောက်မကြာခင် အမျိုးသမီး၏မိခင်ဖြစ်သူမှာ အနံ့စပျောက်သည်။ ကိုစိုးသူမောင် သူ့ကိုယ်သူသတိထားကြည့်တော့ ကိုယ်တိုင်လည်း အနံ့ကောင်းကောင်းမရချင်သလိုဖြစ်လာသည်။ သိပ်မကြာလိုက် အမျိုးသမီး၏မိခင်ဖြစ်သူအပါအဝင် သုံးယောက်လုံး ဝမ်းတွေသွား၊ အဖျားတွေ တက်လာတော့သည်။
ကိုဗစ်တတိယလှိုင်း စဖြစ်လာသည့် ဇူလိုင်လဆန်းတွင် ကိုစိုးသူမောင်တို့ အပြင်ထွက်တာကို အတတ်နိုင်ဆုံး ဆင်ခြင်သည်။ သွားလာချိန်တွင်လည်း Mask၊ လက်သန့်ဆေးရည် အပြည့်အစုံဖြင့်သွားလာသည်။ ထို့ကြောင့်ပင် ကိုဗစ်လက္ခဏာများစပြခဲ့စဉ်တွင် တုပ်ကွေးဟုပင် ထင်လိုက်သေးသည်ဟုဆိုသည်။
သတိစထားမိသည့်ညက ညလယ်လောက်ရောက်ချိန်တွင် ကိုဗစ်လက္ခဏာ ထင်ထင်ရှားရှား ပြလာတော့သည်။
“အဲဒီညလောက်မှာ အမျိုးသမီးကလည်း ချောင်းက တောက်လျှောက်တအားဆိုးတာ။ ကျွန်တော်က အဲဒီညမှာ နည်းနည်းစမောလာပြီ။ ယောက္ခမကလည်း ဆက်တိုက် ချောင်းဆိုးလာပြီ။ နောက်တစ်ရက်မှာမှ ဆိုးရွားသွားတာ။”
လူအနည်းငယ်သာဗိုင်းရပ်စ်စအကူးခံခဲ့ရသည့်ထိုအချိန်တွင် ကိုစိုးသူမောင်တို့ အခြားသူများကို အကူအညီတောင်းဖို့ထက် ကိုယ့်ဘာသာကုကြည့်ဖို့သာ စဉ်းစားမိသည်။
“ကျွန်တော် အသက်ရှူကျပ်လာတယ်။ အစားလည်းမစားချင်ဘူးဖြစ်တော့ ငှက်သိုက်တို့၊ ကြက်ပေါင်းရည်တို့ သောက်တယ်။ အဲဒီရက်မှာ သုံးယောက်လုံး ဘာမှမစားဘူး။ ချက်လည်းမချက်နိုင်ဘူး။”
ဟု ကိုစိုးသူမောင်က ခေါင်းခါပြီးပြောပြသည်။ ဓာတ်ဆားရည်တော့ တစ်ယောက်လျှင် တစ်ရက်အနည်းဆုံးတစ်ဘူး သောက်ဖြစ်ကြောင်းလည်း သူက ဆက်ပြောသည်။
နောက်နေ့ညနေတွင် ကိုစိုးသူမောင် အသက်ရှူပိုကျပ်လာတယ်။ သူ အိမ်ရှိ ရှိသမျှအပေါက်များကို အကုန်ပြေးဖွင့်လိုက်တယ်။ ကိုယ့်အောက်ဆီဂျင်အခြေအနေကို ပိုပိုစိုးရိမ်လာသဖြင့် သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းရတော့သည်။
အောက်ဆီဂျင်က ၇၀ လောက်ထိ ကျသွားချိန်တွင် သူငယ်ချင်းက အောင်ဆီဂျင်အချိန်မီပို့နိုင်ခဲ့သဖြင့် သူကံကောင်းသွားသည်။
“ကျွန်တော် (အောက်ဆီဂျင်အိုးနဲ့) ထိန်းပြီးရှူတယ်။ နေလို့ကောင်းရင် ပိတ်ပြီး Manual လေ့ကျင့်တာပေါ့။” ဟု အောက်ဆီဂျင်ထိုးကျသည့်အချိန်ကအခြေအနေကို ပြန်ပြောပြသည်။
အောက်ဆီဂျင်ကျသလို ဝမ်းကပါသွားလာသဖြင့် သူ ပိုအားနည်းနေသည်။ လိုအပ်သည့်အစားအသောက်၊ ဓာတ်ဆာလာပို့သူကိုပင် တံခါးထမဖွင့်ပေးနိုင်။ ပိုဆိုးသည်က အိမ်ရှိလူကြီးအားလုံး အိပ်ရာထဲလဲကုန်ပြီး ထူထူထောင်ထောင်ဆို၍ ၆ နှစ်အရွယ်သားလေးတစ်ယောက်သာ ကျန်တော့သည်။
အွန်လိုင်းကရှာဖတ်ထားသည့် ကျန်းမာရေးဗဟုသုတလေးဖြင့် ကုနေရသည့်အခြေအနေကို ကိုစိုးသူမောင်အားမရ။ ညီတစ်ယောက်ကို ဖုန်းဆက်ပြီး ကားဖြင့် ပုဂ္ဂလိကဆေးရုံတစ်ရုံသို့သွားပြသည်။ သူကံဆိုးသည်ဟုပြောရမလား အောက်ဆီဂျင် ၉၀ အောက်ရောက်နေသည့်သူ့ကို ထိုဆေးရုံကလက်မခံ၊ ပုဂ္ဂလိကဆေးရုံပင်လက်မခံသည့်အခြေအနေတွင် ပြည်သူ့ဆေးရုံများတွင်လည်း အဆင်ပြေမည် မထင်သောကြောင့် စိတ်ပျက်လက်ပျက်ဖြင့် နောက်ဆုံး အောက်ဆီဂျင်သွားဖြည့်ပြီး သူအိမ်သို့သာ ပြန်ခဲ့လိုက်သည်။
“အဲ့ဒီအချိန်မှာတောင်မှ အောက်ဆီဂျင်ဖြည့်တာ လွယ်နေသေးပေမဲ့ တန်းစီနေရတာက စလာပြီ။”
ဟု ထိုအချိန်က အောက်ဆီဂျင်လိုအပ်ချက်ကို သူကပြောသည်။ အောက်ဆီဂျင် Level က ၈၅ ဖြင့် ကားပတ်စီးနေသောသူ့အနေဖြင့် ကားမှန်ဖွင့်ပြီး အသက်ရှူရလျှင် နည်းနည်းသက်သာသည်ဟု ဆိုသည်။
“ကျွန်တော် ကားနဲ့လျှောက်သွားချိန်မှာ အောက်ဆီဂျင်က ၈၅ လောက်ဖြစ်နေတယ်။”
ဟု သူ့အောက်ဆီဂျင်အခြေအနေကို ကိုစိုးသူမောင်က ပြောသည်။
ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အလူးအလဲဆက်ခံနေရသည့် သူတို့သုံးယောက်လုံး ဆန်ပြုတ်ပင် ကောင်းကောင်းမဝင်။ သူတို့သုံးယောက် တစ်အိမ်တည်းတွင် အကူးခံနေရသည့်တိုင် တစ်ယောက်နှင့် တစ်ယောက် ရောဂါလက္ခဏာချင်းမတူ။ သူက အောင်ဆီဂျင်ကျသော်လည်း အခြားသူကများ အသက်ရှူရပင်မခက်။ အမျိုးသမီးဖြစ်သူ ချောင်းတဟွတ်ဟွတ်ဆိုးနေသော်လည်း ကိုစိုးသူမောင်က ချောင်းဆိုးဝေဒနာ သိပ်မခံစားရဟုဆိုသည်။ သို့သော် သုံးယောက်စလုံး အစားစားလို့မဝင်တာတော့ တူသည်။
“ဆန်ပြုတ်တောင်မနည်းသောက်ရတယ်။ အရသာလည်း လုံး၀မရှိတော့ဘူး။ ဒါပေမဲ့ မသေချင်တဲ့စိတ်နဲ့စားရတာပေါ့။ အစာဝင်မှဖြစ်မယ်ဆိုတဲ့ အသိပေါ့။”
သုံးဦးထဲတွင် ကိုစိုးသူမောင် ရောဂါအပြင်းထန်ဆုံးဟုဆိုရမည်။ သူ့အခြေအနေက တုပ်တုပ်မျှပင်မလှုပ်ရဲ၊ အောက်ဆီဂျင်အဖွင့်အပိတ်လုပ်ဖို့တောင် အိပ်ရာထဲကမထနိုင်။ တစ်ညလုံး လှဲလို့လည်းမရ။ ခေါင်းအုံးကို လေးလုံးလောက်ထပ်ပြီး ထိုင်လျက်နေရသည်။ ခံစားရသည့်ဝေဒနာပြင်းလွန်းသောကြောင့် ၃၁ နှစ်ဟူသော သူ့အသက်အရွယ်ကိုတောင် သတိမထားနိုင်၊ သူလက်လျှော့ချင်သည့်စိတ်များပင်ဖြစ်လာသည်။
“စိတ်လျှော့လိုက်ချင်တယ်။ ဒီဝေဒနာကြီးကို မခံစားချင်တော့ဘူး။ တစ်ယောက်ယောက်က ရင်ဘတ်ပေါ်တက်ပြီးလည်ပင်ညှစ်ထားသလို ခံစားရတာ။”
သို့သော် ထိုအတွေးတွင်မျောသွားလို့မဖြစ်၊ အားလျှော့လို့မဖြစ်ဆိုသည်ကို သူသတိပြန်ထားသည်။ တစ်ရက်လောက်ဖျားပြီး နေပြန်ကောင်းလာသော သားလေးကို ကြည့်ရင်း သူအားပြန်တင်းရသည်။
“အဖေရော အမေရောနှစ်ယောက်လုံးတော့ ဆုံးလို့မဖြစ်ဘူး။ ငါ့သားအတွက် ရှင်အောင်ကြိုးစားမှဖြစ်မယ်။ အားမွေးပြီး နောက်ဆုံးအချိန်ထိရအောင်လုပ်မယ်ဆိုပြီး စိတ်တင်းလိုက်တာ။”
တစ်ဖက်တွင်လည်း တကယ်၍ဆိုသည့်သဘောဖြင့် သူ့စိတ်ကိုပြင်ဆင်မိသည်။ ဘာသာရေးအရ လုပ်ခဲ့သည့်ကုသိုလ်ကောင်းမှုများကို ပြန်စဉ်းစားနေမိသည်။ ဘာပဲဖြစ်ဖြစ် သူစိတ်သက်သာရရဖို့လိုသည်။
ဇာတ်လမ်းကမပြီး။ အောက်ဆီဂျင်ထိုးကျပြီး နှစ်ရက်အကြာတွင် အဖျားက ထပ်တက်လာသည်။ အဖျားပျောက်ဆေးပုံမှန်သောက်သည့်တိုင် အဖျားကလုံးမ၀ကျ ၁၀၄ အထိတက်သည်။ အဖျားကတက် အားကပျက်နှင့် လူက နုံးခွေနေပြီ။
“ခုတင်နဲ့ နောက်ဖေးသွားဖို့တောင် မလွယ်ဘူး။ အဲ့အချိန်မှာ လေးဘက်သွားရတယ်။ လမ်းမှာ နှစ်ခါလောက်နားပြီးတော့မှ ဘေဇင်ကိုရောက်တယ်။ ရေပတ်တိုက်တယ် မပျောက်ဘူး။ အဝတ်တင်လိုက်ရင် အဝတ်ခြောက်သွားတယ်။ အဲ့အချိန်မှာ အဖျားဆက်မတိုင်းရဲတော့ဘူး။ နည်းနည်းလန့်သွားတယ်။”
ဟု ကိုစိုးသူမောင်က စိုးရိမ်သည့်မျက်နှာအမူအရာဖြင့်ပြောသည်။
သူ အဖျားကျဆေးတွေကို ဂရုတစိုက် ဆက်သောက်သည်။ ချွေးထုတ်တာကို ကြိုးစားလုပ်သည်။ အစားအသောက်ကို ဝင်အောင်စားသည်။ တစ်ပတ်ခန့်အကြာတွင်တော့ ကိုစိုးသူမောင် အဖျားကျသွားသည်။ အောက်ဆီဂျင် Level ဆိုလျှင်လည်း ၉၀၊၉၁၊ ၉၂ အထိ ပြန်တက်လာပြီ။ အနည်းငယ်မောနေသေးသည့်တိုင် အသက်ရှူလို့ အထိုက်အသင့်အဆင်ပြေလာသည်။
သူတို့မိသားစု အနည်းငယ်လှုပ်လာနိုင်ချိန်တွင် အိမ်ရှေ့တွင် နေစာလှုံသည်။ လေကောင်းလေသန့်ရှူသည်။ ပြီးတော့ ရေနွေးငွေ့ ဆက်ရှူသည်။
“ပင်စိမ်းတို့၊ ခွေးတောက်တို့ အနံ့လေးရအောင် ခေါင်းရင်းလေးမှာထားတယ်။ ဟုတ်လိုဟုတ်ငြားပေါ့။” ဟုလည်း ကိုဗစ်ကာလခေတ်စားသော အရွက်များအကြောင်းကိုပါ သူက ရယ်မောရင်း ပြောသည်။
နေပြန်ကောင်းလာသော်လည်း နောက်ဆက်တွဲကိုစိတ်မချသေးသဖြင့် ကိုစိုးသူမောင် အဆုတ်ကိုဓာတ်မှန်ရိုက်ကြည့်ရာ အဆုတ်တစ်ခုလုံးရောင်ရမ်းနေသည်။ ဆရာဝန်ပေးသည့် ပိုးသတ်ဆေးကို သူရောသူ့မိသားစုပါ ရက် ၂၀ ခန့်သောက်လိုက်ရသည်။ ပြီးတော့ မောတာနှင့် နှလုံးခုန်နှုန်း သာမန်ထက်ပိုမြန်တာကိုတော့ တစ်လလောက်အထိ ခံစားရသည်ဟုဆိုသည်။
“အခုဆို မေ့တတ်လာတယ်။ နောက် ကျွန်တော် စိတ်တိုတတ်လာတယ်။ အရင်က အဲ့လိုမရှိဘူး။ သူ့ရဲ့ Side Effect ဖြစ်ရင်ဖြစ်မှာပေါ့။”
ကိုဗစ်ကို မိသားစုအလိုက် အလူးအလဲခံခဲ့ရသည့် သော်လည်း တစ်ယောက်မှအဖိတ်အစင်မရှိ အောင်အောင်မြင်မြင်အနိုင်တိုက်နိုင်ခဲ့သည်။ ကိုဗစ်ရောဂါကိုအောင်မြင်စွာကျော်လွှားနိုင်တာနှင့်ပတ်သက်လို့တော့ စိတ်ဓာတ်ခိုင်မှုရှိဖို့နှင့် ဆုံးဖြတ်ချက် မှန်ကန်ဖို့ အရေးကြီးသည်ဟု ယုံကြည်သည်။
“အဓိကကတော့ စိတ်ဓာတ်နဲ့ ဆုံးဖြတ်ချက်မှန်ဖို့ပေါ့။ တကယ့်တကယ်ဖြစ်ပြီဆိုရင် ကျန်းမာရေးအသိကတော့လိုတယ်။ ဆရာဝန်ကြီးတွေ ဝေမျှထားတဲ့ဟာတွေရှိမယ်။ တစ်ယောက်နဲ့တစ်ယောက်ဖြစ်စဉ်မတူတော့။ အဲဒါကို Guideline ယူပြီးတော့ ဉာဏ်သုံးပြီးတော့ ကိုယ့်အခြေအနေပေါ်မူတည်ပြီး လှုပ်ရှားရမှာပေါ့။”
OnDoctor Team