ချစ်တင်းနှောခြင်းက စိတ်ခံစားချက်ကိုကောင်းမွန်စေသည်။ ပုံမှန်ချစ်တင်းနှောခြင်းသည် ကောင်းမွန်သောပြောင်းလဲခြင်းများဖြစ်သည့် စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးကောင်းကျိုးများကိုသာမက မိမိ၏အိမ်ထောင်ဖက်လက်တွဲဖော်နှင့်ဆက်ဆံရေးကိုသာယာစေကာ အိမ်ထောင်ရေးသုခပြည့်ဝစေပါသည်။
ပုံမှန်ချစ်တင်းနှောခြင်း၊ ကာမဆက်ဆံခြင်းဟုဆိုရာတွင် လေ့လာတွေ့ရှိချက်များအရ အသက်(၂၀)ကျော်အရွယ်များတွင် တစ်နှစ်လျှင် ကာမဆက်ဆံသည့် အကြိမ်အရေအတွက် (၈၀) ၊အသက်လတ်ပိုင်းတွင် တစ်နှစ်လျှင် (၅၄) ကြိမ်၊ အသက် (၆၀) ကျော်အရွယ်များတွင် အကြိမ် (၂၀) ပျမ်းမျှရှိကြသည်ဟုဆိုပါသည်။ သို့သော်လည်း တစ်ဦးနှင့်တစ်ဦး သည် ကာမဆက်ဆံသည့်အရေအတွက်နှင့် အယူအဆ မတူကြပါ။ အချို့သောသူများသည် ပျမ်းမျှအရေအတွက်ထက်များသော်လည်း မိမိကိုယ်ကို အကြိမ်ရေနည်းသည်ဟု ယူဆပြီး အချို့သောသူများတွင်မူပျမ်းမျှအရေအတွက်ထက်နည်းသော်လည်း စိတ်ကျေနပ်မှုရှိကြသည်။
ပုံမှန်ချစ်တင်းနှောခြင်းနှင့် ကျန်းမာရေးကောင်းကျိုးကိုကြည့်မည်ဆိုလျှင် များစွာရှိပါသည်။ စိတ်ကိုကျန်းမာစေပါသည်။ ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်စေပါသည်။ ကာမဆက်ဆံခြင်းသည်အသင့်အတင့်လှုပ်ရှားမှုပြုလုပ်ရသောကြောင့် လမ်းလျှောက်ခြင်း၊ လှေကားအတက်အဆင်း ပြုလုပ်ခြင်းကဲ့သို့ပင် ခန္ဓာကိုယ်လှုပ်ရှားမှုပြုခြင်းတွင်ပါဝင်ပါသည်။ မိနစ်၃၀ ခန့်ကာမဆက်ဆံခြင်းသည် ကယ်လိုရီ ၂၀၀ ခန့်ကို လောင်ကျွမ်းကာ ကိုယ်အလေးချိန်ကိုလျော့ကျစေပါသည်။ ထို့အပြင် ဝမ်းဗိုက်ကြွက်သားများ၊ တင်ပဆုံရိုးကြွက်သားများ စသည်တို့ကိုလည်းသန်မာစေပြီး ဆီးအိမ်ထိန်းချုပ်မှုအားကိုလည်းကောင်းစေပါသည်။ အမျိုးသမီးများတွင် ရာသီမလာခင်နှင့် ရာသီလာစဉ်ဝမ်းဗိုက်ကိုက်ခဲခြင်းကို သက်သာစေ၍ အမျိုးသားများတွင် ကာမစိတ်ကိုပိုမိုတက်ကြွစေပါသည်။
ထိုမျှသာမက ဦးနှောက်လုပ်ငန်းဆောင်တာများတွင်လည်း ပို၍ကောင်းမွန်စွာသိမြင်တတ်ခြင်း၊ ဆဲလ်အသစ်များဖွံံဖြိုးခြင်း၊ မှတ်ဉာဏ်အားစွမ်းရည်ကောင်းခြင်းတို့ကို ခံစားရပါသည်။ လိင်ဆက်ဆံနေချိန်တွင် ဦးနှောက်မှထွက်ပေါ်လာသော ဟော်မုန်းသည် အစာစားချင်စိတ်ကို ထိန်းချုပ်ပေးပါသည်။ လိင်ဆက်ဆံခြင်းသည် သွေးပေါင်ချိန်ကောင််းမွန်စေခြင်း၊ သွေးလည်ပတ်မှုကောင်းကာ ခန္ဓာကိုယ်တစ်ရှူးမှလိုအပ်သော အောက်ဆီဂျင်နှင့် အာဟာရဓာတ်များကိုပို့ဆောင်မှုတိုးစေခြင်းနှင့် နှလုံးရောဂါဖြစ်နိုင်မှုနှုန်းကိုကျဆင်းခြင်းတို့ကို ဖြစ်စေပါသည်။
ပုံမှန်ချစ်တင်းနှောခြင်းသည် ခန္ဓာကိုယ်အပြင်ပိုင်းကျန်းမာရေးသာမက ကိုယ်ခံအားကောင်းမှုကိုလည်းရရှိစေပါသည်။ ပြင်ပမှပိုးမွှားများ၊ ရောဂါများဝင်ရောက်လျှင် မိမိတို့၏ခန္ဓာကိုယ်သည် ကိုယ်ခံအားကောင်းမှသာလျှင် ခံနိုင်ရည်စွမ်းရှိကာ ခုခံနိုင်ပါမည်။ ထို့ကြောင့် ပုံမှန်လိင်ဆက်ဆံခြင်းသည် အအေးမိခြင်း၊ ဖျားနာခြင်း မှ ကာကွယ်ပေးပါသည်။ ထို့ပြင် ကာမဆက်ဆံချိန်တွင်ထွက်သော Endorphin ဟုခေါ်သောဟော်မုန်းသည် ခါးနာခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း စသည်တို့ကို သက်သာစေပါသည်။
Endorphin ဟော်မုန်းသည် Oxytocin ဟုခေါ်သည့် ချစ်တင်းနှောခြင်း၊ ပွေ့ဖက်ယုယခြင်းပြုလုပ်ရာတွင် ထွက်ပေါ်လာသည့်ဟော်မုန်းနှင့်အတူတကွ ပူးပေါင်းကာ နှစ်ခြိုက်စွာအိပ်ပျော်စေပါသည်။ ချစ်တင်းနှောခြင်းသည် ကော်တီဆောဟုခေါ်သော စိတ်ဖိစီးမှုကိုဖြစ်စေသည့် ဟော်မုန်း၊ စိတ်ဓာတ်ကျရောဂါ၊ စိုးရိမ်ကြောင့်ကြမှုရောဂါ စသည်တို့ကိုလည်း လျော့ကျစေပါသည်။
ကာမဆက်ဆံခြင်း၊ ချစ်တင်းနှောခြင်းနှင့် စိတ်ကျန်းမာရေးအပိုင်းတွင်ကြည့်လျှင် ချစ်တင်းနှောခြင်းသည် မိမိကိုယ်ကို ယုံကြည်ခြင်း၊ မိမိကိုယ်ကို တန်ဖိုးထားမှုတိုးတက်ခြင်း၊ အကောင်းမြင်စိတ်တိုးလာခြင်း၊ မိမိဘဝကို ပိုမိုပျော်ရွှင်လာခြင်းစသည့်ကောင်းမွန်သော ပြောင်းလဲမှုများကိုတွေ့ရပါသည်။
မိမိ၏စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးအပြင် မိမိ၏လက်တွဲဖော်အိမ်ထောင်ဖက်နှင့်လည်းဆက်ဆံရေးချောမွေ့စေပါသည်။ ကာမဆက်ဆံချိန်၊ ချစ်တင်းနှောချိန်တွင်ထွက်လာသည့် Oxytocin ဟော်မုန်းသည် မိမိနှင့် မိမိလက်တွဲဖော်ကြား ရင်းနှီးမှု၊ အနှောင်အဖွဲ့၊ သံယောဇဉ် ပိုမိုတိုးပွားကာ ကျန်းမာသော ဆက်ဆံရေးကို ပိုင်ဆိုင်နိုင်ပါသည်။
ပုံမှန်ချစ်တင်းနှောခြင်းဖြင့် ကောင်းကျိုးများစွာ ရရှိသော်ငြားလည်း လိင်မှတစ်ဆင့်ကူးစက်နိုင်သောရောဂါများမှ ကာကွယ်ရန်လည်းလိုအပ်ပါသည်။ ကာမဆက်ဆံခြင်းသည် ကောင်းကျိုးများစွာပေးသော်လည်း မိမိ၏ပေါ့ဆမှုကြောင့်ဆိုးကျိုးများမရရှိလေအောင် အမျိုးသားသုံး၊ အမျိုးသမီးသုံး ကွန်ဒုံးများကို မိမိတို့နှင့် သင့်တော်သည့်ကာကွယ်နည်းများကိုရယူကာ ရောဂါများမကူးစက်အောင်ကြိုတင်ပြင်ဆင်သင့်ပါသည်။
ထို့ကြောင့် မိမိတို့အနေဖြင့်ကာကွယ်သင့်သည်များကို ကြိုတင်ကာကွယ်ကာ ချစ်တင်းနှောခြင်း၊ ကာမဆက်ဆံခြင်းမှ နောက်ဆက်တွဲရရှိသော ဆိုးကျိုးများကို မခံစားရစေဘဲ ကောင်းကျိုးများကိုသာခံစားရရှိကြပြီး စိတ်ကျန်းမာ၊ကိုယ်ကျန်းမာကာ သာယာပျော်ရွှင်စွာ နေထိုင်ကြရပါစေကြောင်း ဆုတောင်းအပ်ပါသည်။