ရာသီသွေးဆင်းတာများရင် ခန္ဓာကိုယ်မှ သံဓာတ်ဆုံးရှုံးမှုလည်း များပြားနိုင်ပါတယ်။ သံဓာတ်ဟာ သွေးနီဥဆဲလ်လေးတွေထဲမှာ ပါဝင်တဲ့ ဟေမိုဂလိုဘင်ဖွဲ့စည်းတည်ဆောက်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဟေမိုဂလိုဘင်ဆိုတာ အဆုတ်ကနေ ခန္ဓာကိုယ်အနှံ့အပြားဆီသို့ သွေးမှတစ်ဆင့် အောက်ဆီဂျင်ပို့ဆောင်ပေးနိုင်တဲ့ ပရိုတင်းတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် သံဓာတ်ဆုံးရှုံးရင် ဟေမိုဂလိုဘင်တွေ ကောင်းစွာမဖွံ့ဖြိုးနိုင်တော့ဘဲ သွေးအားနည်းရောဂါ ဖြစ်လာရပါတယ်။ ရာသီသွေးဆင်းတာများရင် သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းရောဂါ ဖြစ်လာစေနိုင်ပါတယ်။
ရာသီသွေးဆင်းများတယ်ဆိုတာဟာ ပုံမှန်မဟုတ်တဲ့ သွေးဆင်းခြင်းဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ လစဥ်ရာသီလာတဲ့အခါ သွေးဆုံးရှုံးမှု ၃၅-၅၀ မီလီလီတာ လောက်ထိရှိနိုင်ပါတယ်။ အကယ်၍ ၈၀ မီလီလီတာ ကျော်နေပြီဆိုရင်တော့ သွေးဆင်းတာများနေပြီဖြစ်လို့ သတိပြုရမှာဖြစ်ပါတယ်။
▪︎ရာသီလာတာ ၈ ရက်ထက်ကျော်ခြင်း
▪︎ရာသီလာစဥ် ယခင်အကြိမ်တွေထက် Pad မကြာခဏလဲနေရခြင်း
▪︎သွေးခဲကြီးတွေ အမြောက်အမြားဆင်းခြင်း
▪︎တစ်လလုံး သွေးနည်းနည်းစီဆင်းနေခြင်း
▪︎တစ်ချိန်လုံးမောပန်းနွမ်းနယ်ပြီး အသက်ရှူကျပ်သလို ခံစားနေခြင်း စတာတွေဖြစ်ပေါ်လာပါက ဆရာဝန်နဲ့ပြသတိုင်ပင်သင့်ပါတယ်။
ရာသီသွေးဆင်းများနေတာ ဘာကြောင့်လဲ ?
အဓိကအားဖြင့် ဟော်မုန်းမညီမျှမှုကြောင့် သွေးဆင်းများရခြင်းဖြစ်ပါတယ်။ ရာသီသွေးဆင်းများတာဟာ များသောအားဖြင့် နေ့စဥ်နေထိုင်မှုပုံစံနဲ့ သက်ဆိုင်နေပါတယ်။ အဆီအစိမ့်စားလွန်းတာ၊ စိတ်ဖိစီးမှုများတာ၊ လှုပ်ရှားမှုမရှိတာ၊ အဝလွန်တာစတာတွေက ရာသီသွေးဆင်းများခြင်းကို ဖြစ်စေနိုင်ပါတယ်။ အခြားအကြောင်းအရင်းတွေဖြစ်တဲ့ သားအိမ်အလုံးအကြိတ်တည်ခြင်း၊ ပိုးဝင်ခြင်း၊ သားဥအိမ်ရေအိတ်တည်ခြင်း၊ PCOS၊ သွေးကျဲဆေးများသောက်ခြင်း စတာတွေကလည်း ရာသီသွေးဆင်းခြင်းများလာစေတတ်ပါတယ်။
ရာသီသွေးဆင်းတာများတဲ့အခါ သွေးနီဥဆဲလ်လေးတွေထဲမှာပါတဲ့ သံဓာတ်ကိုပါဆုံးရှုံးစေနိုင်ပါတယ်။ သံဓာတ်ကို ဆုံးရှုံးသွားသလောက် အစာအာဟာရနဲ့ ပြန်လည်ဖြည့်တင်းပေးနိုင်ဖို့ အရေးကြီးပါတယ်။ တကယ်လို့ပြန်လည် မဖြည့်တင်းပေးဘူးဆိုရင်တော့ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းရောဂါခံစားရစေမှာ ဖြစ်ပါတယ်။ သွေးအားနည်းနေပြီဆိုရင် အသားအရေဖြူဖျော့ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ အားနည်းခြင်း၊အသက်ရှူကျပ်ခြင်း စတာတွေခံစားရနိုင်ပါတယ်။
သံဓါတ်ချို့တဲ့နေရင် ဘယ်လိုကုသရမလဲ ?
သံဓာတ်ကို ပြန်လည်ဖြည့်တင်းနိုင်ဖို့အကောင်းဆုံးနည်းလမ်းကတော့ သံဓာတ်ပါဝင်တဲ့အစားအစာတွေနဲ့ ပြန်လည်ဖြည့်တင်းတာဖြစ်ပါတယ်။ သံဓာတ်ရရှိစေမယ့် အစားအစာတွေကတော့ အသား၊ ငါး၊ ပင်လယ်စာ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များ၊ တို့ဖူးနဲ့ မြေပဲစတာတွေဖြစ်ပါတယ်။ Vitamin C ကြွယ်ဝတဲ့ ခရမ်းချဥ်သီး၊ ငရုတ်သီးနဲ့ စတော်ဘယ်ရီသီးစတာတွေစားသုံးပေးရင်လည်း သံဓာတ်စုပ်ယူမှုကို အားကောင်းစေမှာဖြစ်ပါတယ်။ သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေတဲ့ ကော်ဖီ၊ လက်ဖက်၊ နွားနို့၊ သစ်ကြားသီး စတာတွေကို သံဓာတ်ပါဝင်တဲ့ အစားအစာတွေနဲ့တွဲပြီးစားသုံးခြင်းမျိုးကို ရှောင်ကြဥ်ရမှာဖြစ်ပါတယ်။ အကယ်၍ မိမိကအထက်ပါအစားအစာတွေကို လုံလောက်အောင်မစားနိုင်တာ ဒါမှမဟုတ် မိမိခန္ဓာကိုယ်အူလမ်းကြောင်းက သံဓာတ်ကို ကောင်းစွာမစုပ်ယူနိုင်တာ စတာတွေဖြစ်နေရင်တော့ သံဓာတ်အားဖြည်းဆေးများကို သောက်သုံးပေးရမှာဖြစ်ပါတယ်။ ရာသီသွေးဆင်းတာများနေရင် ဆရာဝန်က ဟော်မုန်းဆေးများနဲ့ သံဓာတ်အားဖြည့်ဆေးကို တွဲ၍သောက်သုံးခိုင်းမှာဖြစ်ပါတယ်။
တစ်နေ့ကိုသံဓာတ်ဘယ်လောက်လိုလဲ ?
ဆယ်ကျော်သက်အရွယ်မိန်းကလေးတွေဆို တစ်နေ့ကို ၁၅ မီလီဂရမ်၊ အသက် ၁၉ မှ ၅၀ ကြားဆိုရင် ၁၈ မီလီဂရမ်၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့နို့တိုက်မိခင်တွေဆို ၂၇-၂၉ မီလီဂရမ် လောက်ရရှိဖို့လိုအပ်ပါတယ်။
ရာသီသွေးဆင်းတာများလို့ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းရောဂါ ခံစားနေရပြီဆိုပါက ဆရာဝန်နဲ့တိုင်ပင်ပြသပြီး လိုအပ်ပါက သွေးဆင်းမှုများစေတဲ့ အကြောင်းအရင်းတွေကို စစ်ဆေးဖော်ထုတ်ရမှာဖြစ်ပါတယ်။