ကလေးမွေးဖွားပြီးနောက်မှာ မိခင်တွေကြုံတွေ့ရလေ့ရှိတဲ့ ကျန်းမာရေးပြဿနာတစ်မျိုးကတော့ သွေးအားနည်းခြင်းပဲဖြစ်ပါတယ်။ သွေးအားနည်းခြင်းဆိုတာဟာ ဟေမိုဂလိုဘင်ပမာဏ ရှိသင့်တာထက်လျော့နည်းနေခြင်းကို ဆိုလိုပါတယ်။ ဟေမိုဂလိုဘင်ဟာ သွေးနီဥဆဲတွေအတွင်းမှာတည်ရှိပြီး အောက်ဆီဂျင်ကိုသယ်ယူပို့ဆောင်ပေးပါတယ်။ ဟေမိုလိုဘင်ဖွဲ့စည်းမှုမှာ သံဓာတ်မရှိမဖြစ်လိုအပ်ပြီး သံဓာတ်ချို့တဲ့တဲ့အခါ သွေးအားနည်းခြင်းကို ဖြစ်လာစေနိုင်ပါတယ်။
ဘာကြောင့်ကလေးမွေးဖွားပြီးချိန်မှာ သွေးအားနည်းရောဂါဖြစ်တတ်သလဲ?
ကလေးမီးဖွားနေစဉ်အတွင်းမှာ မိခင်တွေဟာ သွေးအမြောက်အမြားဆုံးရှုံးရတာကြောင့် သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းရောဂါဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် အခြားအကြောင်းအရင်းတွေဖြစ်တဲ့- ကိုယ်ဝန်ဆောင်ကာလမှာ သံဓါတ်ပါဝင်တဲ့ အစားအစာတွေကို လုံလုံလောက်လောက်မစားသုံးခြင်း၊ အစာအိမ်နဲ့အူလမ်းကြောင်းရောဂါအခံများရှိခြင်းကြောင့် ခန္ဓာကိုယ်မှ သံဓါတ်ကိုကောင်းကောင်းမစုပ်ယူနိုင်ခြင်း စတာတွေကြောင့် ကလေးမွေးဖွားပြီးတဲ့အချိန်မှာ သွေးအားနည်းရောဂါဖြစ်ပေါ်လာစေနိုင်ပါတယ်။
ကလေးမွေးဖွားပြီးသွေးအားနည်းရင် ဘယ်လိုလက္ခဏာတွေခံစားရတတ်လဲ?
အလွန်အမင်းမောပန်းခြင်း၊ အသားအရောင်ဖြူဖျော့ခြင်း၊ အားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အသက်ရှူကြပ်ခြင်း၊ ရင်တုန်ခြင်း၊ မူးဝေခြင်း၊ မကြာခဏခေါင်းကိုက်ခြင်း၊ ကိုယ်ခံအားကျဆင်းခြင်း၊ လိင်ဆန္ဒလျော့နည်းခြင်းနဲ့ နို့မထွက်ခြင်း စတဲ့လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
ဘယ်လိုမိခင်တွေက ကလေးမီးဖွားပြီးနောက်မှာ သွေးအားနည်းခြင်းကိုခံစားရနိုင်ခြေရှိလဲ?
ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သံဓါတ်ချို့တဲ့နေရင်၊ ကလေးအများကြီးမွေးဖူးရင်၊ ခွဲမွေးရင်၊ လမစေ့ခင်မွေးရင်၊ အချင်းရှေ့ရောက်နေရင်၊ မိခင်မှာသွေးတိုးရောဂါရှိရင် စတဲ့အခြေအနေတွေရှိခဲ့ရင် ကလေးမွေးဖွားပြီးနောက်မှာ သွေးအားနည်းခြင်းကို ခံစားရနိုင်ခြေပိုမိုများပြားပါတယ်။
သွေးအားနည်းနေတဲ့အခါ ကလေးနို့တိုက်လို့ရနိုင်လား?
သွေးအားနည်းတဲ့အခါ နို့ကြောင်းပိတ်ခြင်း၊ နို့ရောင်ခြင်း၊ နို့ထွက်နည်းခြင်း စတာတွေဖြစ်လာနိုင်တာကြောင့် ကလေးဟာလိုအပ်တဲ့ အာဟာရတွေကောင်းကောင်းမရရှိဘဲ ကိုယ်အလေးချိန်နည်းနေတတ်ပါတယ်။
ဘယ်လိုကုသရမလဲ?
ကလေးမွေးဖွားပြီးသွေးအားနည်းခြင်းကို နေ့စဉ်အစားအသောက်၊ အနေအထိုင် ဂရုတစိုက်ပြောင်းလဲခြင်းဖြင့် ကုသလို့ရနိုင်ပါတယ်။ ဥပမာ-
– သံဓာတ်အားဆေးများသောက်သုံးခြင်း၊
– သံဓာတ်ပါဝင်သောအစားအစာတွေဖြစ်တဲ့ အမဲသား၊ ကြက်သား၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင်အသီးအရွက်များ စတာတွေကိုများများစားသုံးခြင်း၊
– လက်ဖက်ရည်သောက်သုံးမှုကို ရှောင်ကြဥ်ခြင်း၊
– ဗီတာမင်စီပါဝင်တဲ့အသီးအနှံတွေကိုများများစားသုံးခြင်း၊
– ရေများများသောက်ခြင်း၊
– အိပ်ရေးဝဝအိပ်ခြင်း စတဲ့နည်းလမ်းတွေကို လိုက်နာမယ်ဆိုရင် လိုအပ်နေတဲ့သံဓါတ်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်မှာဖြစ်ပါတယ်။
အကယ်၍မိမိက ကလေးမွေးဖွားပြီးနောက်မှာ သွေးအားနည်းခြင်းလက္ခဏာရပ်တွေခံစားနေရမယ်ဆိုရင် အစားအသောက်ကို ဂရုတစိုက်စားသုံးရမယ့်အပြင် ဆရာဝန်နဲ့တိုင်ပင်ပြသပြီး လိုအပ်တဲ့ဆေးကုသမှုကိုခံယူရမှာဖြစ်ပါတယ်။
Author: Dr. Aye Myat Mon