မိန်းကလေးတွေဟာ အပျိုဖော်ဝင်ချိန်ကနေ သွေးဆုံးချိန်ထိ လစဉ်ဓမ္မတာ ပုံမှန်လာရပါတယ်။ ဓမ္မတာ သွေးဆင်းတဲ့ရက်၊ သွေးဆင်းတဲ့ ပမာဏတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ပုံမှန် ဓမ္မတာသွေးအရောင်ဟာ ခန္ဓာကိုယ်ရဲ့ အပြင်ကိုရောက်ဖို့ ဘယ်လောက် ကြာခဲ့သလဲ ပေါ်မူတည်ပြီး အနီရောင်ရဲရဲကနေ အညိုရောင် သို့မဟုတ် အမည်းရောင်အထိ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။
(၁) အနီရောင်ရဲရဲ
ဓမ္မတာသွေး အရမ်းဆင်းနေတဲ့ ရက်တွေမှာ သွေးက အနီရောင်ရဲရဲ ဖြစ်နေတတ်ပါတယ်။ ဘာကြောင့်လဲဆိုရင် သွေးစီးဆင်းနှုန်းက အရမ်းမြန်တဲ့အတွက် အောက်ဆီဂျင်နဲ့ ဓာတ်ပြုဖို့ အချိန်မရှိတဲ့အတွက်ပါ။
သွေးဆင်းများတဲ့ရက်တွေမှာ အနီရဲရဲ သို့မဟုတ် အနီရင့်ရောင် သွေးခဲတွေလည်း ဆင်းတတ်ပါတယ်။ ခန္ဓာကိုယ်က သွေးမခဲအောင် လုပ်ပေးနိုင်တဲ့ လုပ်ငန်းစဉ်ထက် သွေးစီးဆင်းမှုက ပိုမြန်လွန်းတဲ့အခါ သွေးခဲတွေ ဆင်းလာတတ်တာက ပုံမှန်ဖြစ်စဉ်ပါပဲ။
ဒါပေမယ့်…
• ဓမ္မတာလာချိန်တိုင်း သွေးဆင်းများနေတာ
• လစဉ် ရက်ထက်ကျော်အောင် ဓမ္မတာ လာတာ
• tampon သို့မဟုတ် pad ကို ၁ နာရီ၊ ၂ နာရီခြားတစ်ခါ လဲနေရတာ
• ဓမ္မတာလာတဲ့ ရက်တွေမှာ မောနေတာ၊ မူးနေတာ၊ အသက်ရှူမဝတာ
• သွေးခဲက ၂.၅ စင်တီမီတာထက် ကြီးတာမျိုး ဆိုရင်တော့ OG နဲ့ ပြသသင့်ပါတယ်။
(၂) အနီရင့်ရောင်
အနီရင့်ရောင်သွေးကတော့ မနက်အိပ်ယာက ထထချင်း အချိန်တွေမှာ ဆင်းတတ်ပါတယ်။ အချိန်အတော်ကြာ လဲလျောင်းနေတဲ့အခါ သားအိမ်ထဲက သွေးက အောက်ဆီဂျင်နဲ့ ဓာတ်ပြုပြီးမှ ထွက်လာရတဲ့အတွက် အနီရင့်ရောင် ပြောင်းသွားတာ ဖြစ်ပြီး ဒါက ပုံမှန်ပါပဲ။ ဓမ္မတာ ပြီးဆုံးခါနီးရက်တွေမှာလည်း သွေးစီးဆင်းမှု နှေးတဲ့အတွက် အောက်ဆီဂျင်နဲ့ ဓာတ်ပြုချိန်ရပြီး အနီရင့်ရောင်သွေး ဆင်းတတ်ပါတယ်။
(၃) အညိုရင့်ရောင် သို့မဟုတ် အမည်းရောင်
အညိုရင့်ရောင်နဲ့ အမည်းရောင်ဆိုရင်တော့ ဓမ္မတာသွေးက ခန္ဓာကိုယ်ထဲကနေ ထွက်ဖို့ အချိန်အရမ်းကြာရင် (သွေးဆင်းတာ အရမ်းနှေးရင်) တွေ့ရတတ်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အညိုရင့်ရောင်၊ အမည်းရောင်သွေး အနည်းငယ်ဆင်းခဲ့ရင် ကိုယ်ဝန်ပျက်ကျချင်တာ သို့မဟုတ် သားအိမ်ပြင်ပ သန္ဓေတည်တာ ဖြစ်နိုင်ပါတယ်။ အကယ်၍ သွေးအများကြီး ဆင်းလာခဲ့ရင်တော့ အရေးပေါ် သားအိမ်ခြစ်တာ သို့မဟုတ် ခွဲစိတ်ကုသဖို့ လိုအပ်နိုင်တာ ဖြစ်နိုင်လို့ နီးစပ်ရာ ဆေးရုံဆေးခန်းကို ချက်ချင်းသွားသင့်ပါတယ်။
(၄) ပန်းရောင်ဖျော့ဖျော့
သားအိမ်ခေါင်းက ထွက်တဲ့အရည်နဲ့ ဓမ္မတာသွေး ရောသွားတဲ့အခါ ပန်းရောင်ဖျော့ဖျော့ သွေးဆင်းနိုင်ပြီး ဓမ္မတာပြီးဆုံးခါနီး ရက်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒါ့အပြင် သွေးအားနည်းနေတဲ့အခါ နဲ့ spotting လို့ခေါ်တဲ့ ဓမ္မတာလာချိန်မဟုတ်ဘဲ သွေးနည်းနည်းဆင်းတဲ့အခါတွေမှာလည်း ပန်းရောင်ဖျော့ဖျော့ ဖြစ်တတ်ပါတယ်။ Spotting ဟာ မျိုးဥကြွေတာ၊ လိင်ဆက်ဆံစဉ် မွေးလမ်းကြောင်း စုတ်ပြဲသွားတာ၊ လိင်ကြောင့်ကူးစက်တတ်တဲ့ chlamydia ရောဂါဖြစ်တာ၊ ဟော်မုန်းတားဆေးသုံးသူတွေ၊ သားဥအိမ်မှာ အရည်အိတ်တည်တဲ့ Polycystic ovary syndrome (PCOS)၊ သားအိမ်ခေါင်းကင်ဆာ နဲ့ သားအိမ်ထဲမှာ အလုံးတည်တာနဲ့ သွေးဆုံးခါနီးချိန်တွေမှာလည်း ဖြစ်နိုင်ပါတယ်။
(၅) လိမ္မော်ရောင်
လိမ္မော်ရောင်ကလည်း သားအိမ်ခေါင်းက ထွက်တဲ့အရည်နဲ့ ဓမ္မတာသွေး ရောသွားတာကြောင့် ဖြစ်တတ်သလို မွေးလမ်းကြောင်း ဘက်တီးရီးယားပိုးဝင်ခြင်း( bacterial vaginosis) နဲ့ လိင်ဆက်ဆံရာက ကူးစက်တတ်တဲ့ trichomoniasis တွေကြောင့်လည်း ဖြစ်နိုင်တာမို့ မိန်းမကိုယ် ယားယံတာ၊ အနံ့နံတာတွေ ဖြစ်ရင် စစ်ဆေးကြည့်သင့်ပါတယ်။
(၆) မီးခိုးရောင်
မီးခိုးရောင် သွေးဆင်းတာကလည်း bacterial vaginosis ကြောင့် ဖြစ်တတ်တာမို့ မိန်းမကိုယ်ယားတာ၊ အနံ့နံတာ၊ ဆီးသွားရင် ပူတာတွေ ဖြစ်ရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။
အိမ်ထောင်ရှင် အမျိုးသမီးတွေမှာ မီးခိုးရောင် သွေးဆင်းတဲ့အပြင် သွေးခဲတွေပါ ပါလာရင်တော့ ကိုယ်ဝန်ပျက်ကျတာ ဖြစ်နိုင်ပါတယ်။
အမျိုးသမီးတို့ လာစဉ်ဓမ္မတာ သွေးအရောင်တွေကို သတိထားကြည့်ခြင်းဖြင့် သားအိမ်နဲ့ မျိုးပွားအင်္ဂါတွေရဲ့ ကျန်းမာရေးကို အကြမ်းဖျင်း သိနိုင်ပါတယ်။ မူမမှန်တဲ့ ဓမ္မတာသွေးအရောင်နဲ့ ရောဂါလက္ခဏာတွေ ရှိနေရင် အချိန်မဆွဲဘဲ သားဖွားမီးယပ် အထူးကုများ၊ ဆရာဝန်များ နဲ့ ပြသဖို့ လိုအပ်ပါတယ်နော်။
Author: Dr.Yee Mon