ဖျက်ချခြင်းရဲ့ ဆိုးကျိုးများ
“ဆရာမ ကျွန်မ ကိုယ်ဝန်ရှိလို့ ကိုယ်ဝန်ဖျက်ချချင်ပါတယ် ကူညီပါလို့ “Ondr မှာ အကူအညီတောင်းလေ့ရှိပါတယ်။
ကိုယ်ဝန်ဖျက်ချခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများက များပြားလှပါတယ်။ မသိနားမလည်ဘဲ ကိုယ်ဝန်ပျက်ချင်တာပဲ သိသော ညီမလေးများကို ရှင်းပြချင်ပါတယ်။ ကိုယ်ဝန်ဖျက်ချခဲ့ရင် ဘာတွေဆက်ဖြစ်နိုင်သလဲ 🙂 ??
(၁) ဖျက်တိုင်း မပျက်ကျခြင်း
ဖျက်ချသော်လည်း ကိုယ်ဝန်မပျက်ဘဲ သားအိမ်ထဲတွင် ကလေးသေနေခြင်းဖြစ်တတ်တယ်။
သို့မဟုတ် မွေးလာသောကလေးတွင် မွေးရာပါရောဂါ ပါလာခြင်း၊ မွေးရာပါ ကိုယ်လက်အင်္ဂါ မပြည့်စုံသော ကလေးမွေးဖွားလာနိုင်ခြင်း စသည်တို့ဖြစ်နိုင်ပါတယ်။
(၂) သားအိမ်ပေါက်သွားခြင်း
ကိုယ်ဝန်ဖျက်ချရာတွင် သားအိမ်ပေါက်သွားခြင်းသည် အဖြစ်များသော ပြဿနာဖြစ်ပါတယ်။ သားအိမ်ပေါက်သွားခြင်းသည် သားအိမ်ထုတ်ပစ်ရသည့်အပြင် အသက်အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ပါသည်။ အကယ်၍ သားအိမ်နံရံခြစ်မိပြီး မှန်ကန်စွာမကုခဲ့လျှင် နောက်ထပ်ကလေးရနိုင်ခြင်း မရှိနိုင်ပါ။
(၃) ပိုးဆိပ်တက်ခြင်း
ပိုးဆိပ်တက်ခြင်းသည် အဆိုးရွားဆုံး ဆိုးကျိုးဖြစ်ပါတယ်။ မသန့်ရှင်းသောပစ္စည်းများဖြင့်
ဖျက်ချခြင်း၊ လက်ဖြင့် နိူက်ထုတ်ခြင်း၊ ကလေးအထဲတွင် အသက်မရှိဘဲ သေဆုံးနေခြင်း စသည်တို့ကြောင့် ပိုးဆိပ်တက်နိုင်ပါတယ်။ ပိုးသည် သားအိမ်မှတဆင့် သွေးကြောထဲသို့ဝင်ရောက်ကာ တစ်ကိုယ်လုံးသို့ပျံ့နှံ့၍ ကိုယ်တွင်းအင်္ဂါများ အလုပ်မလုပ်တော့သည်အထိ ဖြစ်နိုင်ပါတယ်။ အသက်ဆုံးရှုံးနိုင်ပါတယ်။
(၄) သွေးထွက်လွန်ခြင်း
သားအိမ်ပျက်ဆီးကာ အလုပ်မလုပ်နိုင်ခြင်း၊ သန္ဓေသားအပိုင်းအစကျန်ခြင်း၊ သားအိမ်ခေါင်းအဝ ပျက်စီးခြင်းတို့ကြောင့် ညစ်အားနည်းကာ သွေးထွက်လွန်ပြီး အသက်ဆုံးရူံးနိုင်ပါတယ်။
(၅) သားအိမ်ပြင်ပ သန္ဓေတည်ခြင်း
ကိုယ်ဝန်ဖျက်ချခြင်းကြောင့် နောင်ကလေးယူခဲ့လျှင် သားအိမ်ပြင်ပ သန္ဓေတည်ခြင်းဖြစ်နိုင်ပါတယ်။ သန္ဓေသားသည် သားဥအိမ်၊ သားဥပြွန်၊ ဝမ်းဗိုက်စသည့်တို့တွင် သန္ဓေတည်နိုင်သည်။ ကိုယ်ဝန်ဖျက်ချထားသောကြောင့် သားအိမ်နံရံတွင်အမာရွတ်များရှိသောကြောင့်
သန္ဓေမတည်နိုင်ပါ။ သားအိမ်ပြင်ပ သန္ဓေတည်ခဲ့လျှင် နောင်ကလေးရဖို့ အခွင့်အလမ်းနည်းပါးပါလိမ့်မယ်။
(၆) အချင်းရှေ့ရောက်ခြင်း
ကိုယ်ဝန်ဖျက်ချထား၍ သားအိမ်နံရံအမာရွတ်များရှိခြင်းကြောင့် နောင်ကိုယ်ဝန်ဆောင်သော် အချင်းသည် ပုံမှန်နေရာတွင်မရှိနိုင်ပဲ ရှေ့ရောက်ကာ သားအိမ်အဝဖုံးနိုင်သည်။ အချင်းရှေ့ရောက်ခြင်းကြောင့် ကလေးကိုယ်လက်အင်္ဂါ ချို့ယွင်းနိုင်ခြင်း၊ မမွေးခင်အသက်ဆုံးရှုံးခြင်းနှင့် မွေးစဉ် သွေးထွက်လွန်ခြင်းစသည်တို့ ဖြစ်နိုင်ပါတယ်။ မွေးခဲ့သော် လမစေ့၊ပေါင်မပြည့်သော ကလေးမွေးနိုင်ပါတယ်။
(၇) လမစေ့ ကလေးမွေးခြင်း
ကိုယ်ဝန်ဖျက်ချဖူးသောသူများတွင် သားအိမ်အဝအားနည်းသော်ကြောင့် နောင်ကိုယ်ဝန်ရှိသော် လမစေ့သော ကလေးမွေးဖွားနိုင်ပါတယ်။
(၈) ကလေး လုံးဝမရနိုင်တော့ခြင်း
ကိုယ်ဝန်ဖျက်ချထားသောကြောင့် သားအိမ်ပေါက်ခြင်း၊ ပိုးဝင်ခြင်း၊ သန္ဓေသားအပိုင်းအစများကျန်ရစ်ခြင်းစသည်တို့ကြောင့် နောင်တွင် ကလေးလုံးဝမရနိုင်သော အဖြစ်ရောက်ရှိနိုင်ပါတယ်။
(၉) ရင်သားကင်ဆာ
ကိုယ်ဝန်ရှိလျှင် ရင်သားတွင် နို့ထွက်စေသော ဟော်မုန်းအပြောင်းအလဲရှိပါတယ်။ ဟော်မုန်းများပြောင်းလြဲခင်းကြောင့် ရင်သားဆဲလ်များသည် ကင်ဆာဆဲလ်အဖြစ်ပြောင်းလဲနိုင်သည်။ သို့သော် ပုံမှန်ဆက်လက် ကိုယ်ဝန်ဆောင်ခဲ့သော် ကင်ဆာဆဲလ်အဖြစ်မပြောင်းလဲနိုင်တော့ပါ။ ထိုတောအတွင်း ကိုယ်ဝန်ဖျက်ချခဲ့သော် ထိုဟော်မုန်းအပြောင်းအလဲများကြောင့် ရင်သားကင်ဆာဆဲလ်အဖြစ် ရောက်ရှိရန် ဆက်စပ်မူရှိသည်ဟု သုတေသနပြုထားပါတယ်။
(၁၀) စိတ်ဝေဒနာခံစားရခြင်း
ကိုယ်ဝန်ဖျက်ချခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုသာမက စိတ်ပိုင်းဆိုင်ရာလည်း ထိခိုက်နိုင်ပါတယ်။ စိတ်ဓာတ်ကျခြင်း၊ မူးယစ်ဆေးသုံးခြင်းမှအစ မိမိကိုယ်ကို အဆုံးစီရင်ခြင်း လုပ်သည်အထိ ပြင်းထန်ပါတယ်။
အထက်ပါအချက်များမှ အရေးကြီးသော အချက်ဖြစ်သည့် လူနာသည် ပိုးဆိပ်တက်ခဲ့သော် အလွန်အေးစက် သို့မဟုတ် အလွန်အပူကြီးခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသက်ရူမြန်ခြင်း၊ သွေးပေါင်ထိုးကျခြင်းနှင့် သတိလစ်ခြင်းများဖြစ်နိုင်ပါတယ်။ ထိုအချိန်တွင် ဆေးရုံတက်ကာထိရောက်စွာကုသသင့်ပါတယ်။
လိုအပ်လျှင် သားအိမ်ထုတ်သည်အထိ ကုသမှုခံရပါမယ်။ သေချာမကုသခဲ့လျှင် ကိုယ်တွင်းအင်္ဂါများ အလုပ်မလုပ်ပဲ အသက်ဆုံးရူံးနိုင်ပါတယ်။ ထို့ကြောင့် ကိုယ်ဝန်ဖျက်ချခြင်းသည် ကိုယ်ဝန်ပျက်ဖို့တခုတည်းသာမက မိမိအသက်ဆုံးရူံးသည်အထိ ဖြစ်နိုင်ပါတယ်။
Author: Dr. ပြည့်ရှင်း