ကင်ဆာရောဂါကိုအမြစ်ပြတ်ပျောက်ကင်းအောင်ကုသရန်ခက်ခဲနေဆဲဖြစ်သည်။ကင်ဆာရောဂါကို အောင်နိုင်ရန် ဆေးပညာရှင်များအစွမ်းကုန်ကြိုးပမ်းနေကြရဆဲဖြစ်သည်။သို့သော် နိုင်အောင်တိုက်နိုင်စွမ်း မရှိသေးပေ။
ကင်ဆာရောဂါကို ကုသရာတွင်
(၁) ဆေးဝါးများဖြင့် ကုသခြင်း Chemotherapy
(၂) ခွဲစိတ် ကုသခြင်း Surgery
(၃) ဗီဇကုထုံး Genetheraphy
(၄) ဟော်မုန်းကုထုံး Hormone theraphy နှင့်
(၅)ခုခံစွမ်းအားဆိုင်ရာကုထုံးImmunotheraphyတို့ကိုသုံးစွဲလျက်ရှိသည်။
ကင်ဆာရောဂါကို နိုင်အောင်မတိုက်နိုင်သေးခြင်းမှာအကြောင်းရင်းသုံးရပ်ကြောင့်ဖြစ်သည်။ (က) ဖြစ်ပွားရခြင်း၏ ဇစ်မြစ်အတိအကျ မသိနိုင်ခြင်း
(ခ) ရောဂါကို ရှာဖွေတွေ့ရှိနောက်ကျခြင်းနှင့်
(ဂ)ကင်ဆာ ရောဂါ၏ထိုးဖေါက်ပျံ့နှံနိုင်သောသတ္တိ
တို့သည်ကင်ဆာရောဂါကိုကုသရာအခက်အခဲဖြစ်စေသောအကြောင်းခြင်းရာများ ဖြစ်ကြသည်။ ဖြစ်ပွားရခြင်းအကြောင်းအရင်းအတိအကျမသိရှိနိုင်ခြင်း (Unknown Cause) ကင်ဆာရောဂါဖြစ်ပွားရခြင်း၏ ဇစ်မြစ်အတိအကျကိုတိကျစွာပြောရန်ခက်ခဲသည်။
“အနာသိဆေးရှိ”ဟူသောဆိုရိုးစကားရှိသည်။အနာကိုအတိအကျမသိရှိနိုင်သောအခါတိကျသောကုသမှုမျိုး မပေးနိုင်ခြင်းဖြစ်သည်။တစ်ချိန်က ကျောက်ရောဂါကို နိုင်အောင်မတိုက်နိုင်ခဲ့ပေ။ ကျောက်ရောဂါမှာ ဗိုင်းရပ်စ်ပိုး ကြောင့်ဖြစ်ကြောင်း အတိအကျသိထားခဲ့ရာ ယနေ့အချိန်တွင် ကမ္ဘာအဝန်းမှ ကျောက်ရောဂါ ပပျောက်အောင် စွမ်းဆောင်နိုင်ခဲ့ပြီဖြစ်သည်။ AIDS ရောဂါမှာ HIV ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ကြောင်း သိရှိ ထားပြီးဖြစ်ရာ ၊ တစ်ချိန်တွင် AIDS ကိုအမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်မည်သာဖြစ်သည်။ ကင်ဆာရောဂါမှာ မျိုးရိုးဗီဇ ၊ ရောဂါပိုးမွှား၊ အစားအစာ၊ ဓာတ်ရောင်ခြည်၊ စီးကရက်သောက်ခြင်း၊ အရက်သောက်ခြင်း စသည့်အကြောင်းချင်းရာ များစွာကြောင့် ဖြစ်နိုင်သည်။ သို့သော် တိကျစွာပြောရန် မလွယ်ပေ။ထို့ကြောင့်အနာကိုသေချာမသိ၍တိကျစွာကုသရန်ခက်ခဲနေခြင်းဖြစ်သည်။ ရောဂါကိုရှာဖွေတွေ့ရှိချိန်နောက်ကျခြင်း(late Diagnosis)ကင်ဆာရောဂါသည် လူ၏ခန္ဓာကိုယ်တွင်းမှာ နှစ်ကာလကြာရှည်စွာ လက္ခဏာတစ်စုံတစ်ရာမပြဘဲ ငုတ်လျိုးနေတတ်သည်။ ထို့ကြောင့် ရောဂါကို အဆင့် ဆိုးဝါးချိန်မှသာ အဖြေထုတ်သိရှိနိုင်ကြသဖြင့် ကုသရန် ခက်ခဲရခြင်း ဖြစ်သည်။ ကင်ဆာရောဂါကို စောစွာသိ၍ အချိန်မီကုသနိုင်မှသာ ပျောက်ကင်းချမ်းသာရာ ရနိုင်မည်။ ကင်ဆာရောဂါ၏ ထိုးဖေါက်ပျံနှံံ့နိုင်သော အစွမ်းသတ္တိ (Metastasis) ကင်ဆာရောဂါသည် အနီးပတ်ဝန်းကျင်ကို ထိုးဖေါက်နိုင်သည်။ ထို့အပြင် လင့်ကြောများမှ တဆင့် ပျံ့နှံ့နိုင်သည်။ သွေးမှတဆင့် ခန္ဓာကိုယ်၏ အခြားသော အင်္ဂါအစိတ်အပိုင်းများသို့ ပျံ့နှံံ့နိုင်သည်။ ရောဂါ၏ ပျံ့နှံ့မှုသည် ပျောက်ကင်းအောင် ကုသရန်အတွက် အခက်အခဲ ဖြစ်စေသည်။ ကင်ဆာရောဂါကို အဖြေထုတ် သိရှိချိန်တွင် အများအားဖြင့် အထက်ပါနည်း အမျိုးမျိုးဖြင့် ပျံ့နှံ့နေခဲ့ပြီး ဖြစ်တတ်သည်။ ကင်ဆာရောဂါကို စောစွာ အဖြေထုတ် သိရှိနိုင်ပြီး၊ အချိန်မီထိရောက်စွာ ကုသနိုင်မှသာလျင် ပျောက်ကင်းနိုင်မည်ဖြစ်သည်။ ဆေးပညာရှင်များသည်ကင်ဆာရောဂါကို စောစွာ ဖေါ်ထုတ်သိရှိနိုင်ရန် နည်း မျိုးစုံဖြင့် ကြိုးပမ်းလျက် ရှိနေကြပေသည်။
AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)