စပျစ်သီးသန္ဓေဆိုသည်မှာ
အမျိုးသမီးတွေအချို့ မှာ ကိုယ်ဝန်ထင်ပြီးမှ တစ်ခါတစ်လေ စပျစ်သီးသန္ဓေဆိုတာ ဖြစ်နေတတ်တာလည်း ရှိတတ်ကြတယ်။ စပျစ်သီးသန္ဓေဆိုတာ ဘာလဲ။ တကယ့်ကိုယ်ဝန်နဲ့ ဘာကွာလဲ။ ဘယ်သူတွေ ပိုဖြစ်လွယ်လဲ။ ဘယ်လိုလက္ခဏာတွေ ရှိတတ်လဲ။ ဘယ်လိုကုမလဲ။
စပျစ်သီးသန္ဓေဆိုတာက hcg ဟော်မုန်းနဲ့ဆိုင်တဲ့ ရောဂါပါ။ သားအိမ်နံရံအတွင်းပိုင်းလွှာတွေထဲက သန္ဓေသားနဲ့ဆိုင်တဲ့အလွှာက ပုံမှန်ထက်ပိုထူနေတတ်ပြီး တချို့နေရာလေးတွေမှာ ရေတွေနဲ့ အဖောင်းလေးတွေလိုဖြစ်နေတာမျိုးပါ။ ကြည့်လိုက်တဲ့အခါ စပျစ်သီးခိုင်ပုံစံ မြင်တွေ့ရတာကြောင့် စပျစ်သီး သန္ဓေလို့ခေါ်ကြတာပါ။
စပျစ်သီးသန္ဓေမှာ ကလေးမဟုတ်ဘဲ စပျစ်သီးသန္ဓေပဲဖြစ်နေတာလည်းရှိသလို ကလေးပါဖြစ်နေတဲ့စပျစ်သီးသန္ဓေလည်းရှိပါတယ်။ ကလေးပါရှိနေပေမယ့် ဒီကိုယ်ဝန်က မမြဲတတ်ပါဘူး။ စပျစ်သီးသန္ဓေက အသက် ၁၅နှစ် အောက်တွေနဲ့ အသက် ၃၀ကျော်တွေမှာ ကိုယ်ဝန်ဆောင်တဲ့အခါ ဖြစ်ဖို့ အခွင့်အရေးပိုများတတ်ပါတယ်။ တခြားအသက်အရွယ်မှာလည်း ဖြစ်နိုင်ပါတယ်။ စပျစ်သီးသန္ဓေ တစ်ခါဖြစ်ဖူးထားတယ်ဆိုရင် နောက်ထပ်ကိုယ်ဝန်မှာ ထပ်ဖြစ်ဖို့လည်း အခွင့်အရေးပိုများပါတယ်။
စပျစ်သီးသန္ဓေက အစပိုင်းမှာတော့ ကိုယ်ဝန်စရှိသလိုပါပဲ။ ရာသီထိန်မယ်။ ကိုယ်ဝန်ရှိစမှာ ခံစားရတဲ့ လက္ခဏာတွေလည်း ဖြစ်ပါတယ်။ ပျို့အန်ချင်တာတွေ၊ ရင်သားနာတာတွေ၊ အီလည်လည်ဖြစ်တာတွေပါ။ ပုံမှန်ကိုယ်ဝန်ဆောင်ထက်တောင် ပိုပြီးဆိုးပါတယ်။ ကိုယ်ဝန်အပတ်ထက်စာရင်လည်း ဗိုက်ကပိုပူနေတတ်ပါတယ်။
အများစုက ကိုယ်ဝန်လို့ သိပြီးနောက်ပိုင်းမှာ သွေးတွေဆင်းတတ်ပါတယ်။ သွေးထဲမှာ စပျစ်သီးတွေလို အစိလေးတွေပါ ပါလာတတ်ပါတယ်။ ဒါမျိုးနဲ့ စပြီးသတိထားမိတတ်ကြပါတယ်။ တစ်ခါတစ်လေကျတော့လည်း ကိုယ်ဝန်လို့သိပြီးနောက်ပိုင်း အာထရာဆောင်းရိုက်တာကနေတဆင့် သိနိုင်တတ်ပါတယ်။ အာထရာဆောင်းထဲမှာ ကလေးရဲ့အစိတ်အပိုင်း ပါတာလည်းဖြစ်နိုင်တယ်။ မပါတာလည်းဖြစ်နိုင်တယ် သားအိမ်ထဲမှာ အစိအစိလေးတွေ တွေ့နေရတတ်ပါတယ်။
စပျစ်သီးသန္ဓေလို့သိပြီးတဲ့အခါမှာတော့ ဒါကိုဖယ်ထုတ်ပစ်ဖို့လိုပါတယ်။ သားဖွားမီးယပ်အထူးကုတွေ ပြရပါတယ်။ ပထမဆုံးအကြိမ်ဖြစ်တာမျိုးက စပျစ်သီးသန္ဓေ ကိုပဲ ဖယ်ပြီး စစ်ဆေးသင့်တာတွေစစ်ဆေးရပါတယ်။ အသားစပို့စစ်ဖို့လည်းလိုပါတယ်။ အသားစအဖြေကောင်းနေတယ်ဆို စောင့်ကြည့်လို့ရပါတယ်။ စောင့်ကြည့်နေဆဲ အချိန်မှာ hcg ဟော်မုန်းကို သတ်မှတ်ထားသလိုတောက်လျှောက်စစ်နေဖို့လိုပါတယ်။ ကိုယ်ဝန်ထပ်မရဖို့ကိုလည်း တားထားဖို့လိုပါတယ်။ တားတဲ့အခါမှာလည်း ဟော်မုန်းမပါတဲ့ တားတဲ့နည်းလမ်းတွေပဲ သုံးရပါတယ်။
အသားစစစ်တာမှာ အဖြေမကောင်းခဲ့ရင်ဖြစ်ဖြစ်၊ hcg ဟော်မုန်း ဘယ်လိုမှပြန်မကျပဲ တောက်လျှောက်များနေတာပဲဖြစ်ဖြစ်၊ ခဏခဏပြန်ဖြစ်နေတာမျိုးဆိုရင် စပျစ်သီးသန္ဓေဖယ်လိုက်ရုံနဲ့ မရတော့ပါဘူး။ ဆေးသွင်းကုသဖို့လည်းလိုလာပါတယ်။
စပျစ်သီးသန္ဓေမှာလည်း ကင်ဆာဖြစ်နိုင်တာရှိပါတယ်။ ဒါကြောင့် တစ်ခါတစ်လေမှာ သားအိမ်ပါထုတ်ပစ်ဖို့ထိလိုတတ်ပါတယ်။ တစ်ခြားနေရာတွေမှာလည်း ပျံ့နေတာရှိမရှိ လိုက်ရှာရပါတယ်။ ရင်ဘတ်ဓာတ်မှန်ရိုက်ဖို့လိုတတ်တယ်။ တစ်ကိုယ်လုံးလည်း လိုက်ရှာဖို့လိုနိုင်တယ်။ စပျစ်သီးသန္ဓေကနေဖြစ်တဲ့ ကင်ဆာက အဆုတ်၊ အသည်း၊ ဦးနှောက်၊ တင်ပဆုံပိုင်း နဲ့ မိန်းမကိုယ် ကို ပျံ့နေတတ်ပါတယ်။
ဒါကြောင့် စပျစ်သီးသန္ဓေဖြစ်တဲ့သူတွေက ရောဂါကိုမပေါ့ဘဲ သတ်မှတ်တဲ့အတိုင်း ရက်ချိန်းပြဖို့ ဟော်မုန်းစစ်ဖို့ လိုအပ်သလို ကုသဖို့အရေးကြီးပါတယ်။
Author: Dr. CST