ရာသီမလာခင် ကိုက်ခဲနာကျင်ခြင်း
အကြမ်းအားဖြင့် မြန်မာလိုတော့ ရာသီမလာခင် ကိုက်ခဲနာကျင်ခြင်းပါ။ အပျိူဖော်ဝင်တဲ့ အချိန်ကနေ သွေးမဆုံးခင် အချိန်ထိ အမျိူးသမီးလေးယောက်မှာ သုံးယောက်လောက် (၈၀ရာခိုင်နှုန်း) ဟာ ရာသီလာခါနီးကျ ကိုက်ခဲနာကျင်မှုကို ခံစားရလေ့ရှိပါတယ်။ အများစုကတော့ နည်းနည်းပါးပါးလောက်ပါပဲ။
သို့သော် အမျိူးသမီးခြောက်ယောက်မှာ တစ်ယောက်လောက်ကတော့ နိစ္စဒူဝ အလုပ်တွေ မလုပ်နိုင်အောင်ကို ပြင်းထန်တဲ့နာကျင်မှုကိုလည်း ခံစားရနိုင်ပါတယ်။ အများစု နာကျင်ကိုက်ခဲတာက ဘာဆိုဘာမှ ရောဂါကြီးကြီးမားမား မရှိတတ်ပါဘူး။ ရာသီစလာပြီး တစ်ရက်နှစ်ရက်အတွင်း သို့မဟုတ် ရာသီပြီးသွားတာနဲ့ ဆရာဝန်မလိုဘဲ သက်သာသွားနိုင်ပါတယ်။
ဒါပေမယ့် နာကျင်မှုက သိပ်ပြင်းထန်လွန်းရင်ကျ ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဖို့လိုပါတယ်။ တခြားရောဂါ တစ်ခုခုကြောင့် နာကျင်တာလည်း ဖြစ်နိုင်လို့ပါ (ဥပမာ Fibroid ဆိုတဲ့သားအိမ်အသားလုံးဖြစ်တာ Endometriosis ဆိုတဲ့ရောဂါမျိုး နောက်ဆီးလမ်းကြောင်းပိုးဝင်ရာမှ တဆင့်တင်ပဆုံထဲမှာရှိတဲ့ မျိူးပွားအင်္ဂါတွေ ရောင်ရမ်းတာမျိုးတွေမှာ တအား ကိုက်ခဲတတ်ပါတယ်)
ဘာကြောင့်ဒီလို ဖြစ်ရလဲကတော့ အတိအကျ မသိသေးပါဘူး။ ရာသီလာခါနီး သားအိမ်ထဲမှာ ဟော်မုန်း အပြောင်းအလဲဖြစ်ကာ Prostaglandin ဆိုတဲ့ ဟော်မုန်းတွေ အထွက်များလာပြီး သားအိမ်ကြွက်သားတွေကို ကျုံစေလို့ ဖြစ်နိုင်တယ်လို့ပဲ အကြမ်းဖျင်း ပြောနိုင်ပါသေးတယ်။
ကိုက်ခဲနာကျင်ရုံပဲလား ဆိုတော့ မဟုတ်ပါဘူး။ အားယုတ်နေတာ၊ ရင်ကယ်နေတာ၊ ရင်သားနာတာ၊ ဝက်ခြံထွက်တာ၊ စားချင်စိတ် မတူဖြစ်လာတာ၊ ချဉ်ခြင်းတက်တာ၊ ပျို့တာ၊ ဝမ်းပျက်တာ၊ ဝမ်းချုပ်တာ၊ ခါးနာတာ၊ ပေါင်ကြောနာတာ၊ ခေါင်းကိုက်တာတွေလည်း ဖြစ်နိုင်တယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေပါ ခံစားကြရပါတယ်။
အဲ့ဒီအချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်တို စိတ်ဆတ် စိတ်အလိုမကျတာ ရန်ရှာတာ ရှိတတ်တယ်။ Premenstrual Mood Swing လို့ ခေါင်းစဉ်တပ်လို့ရတယ်။ အမြဲတမ်းဖြစ်တာ မဟုတ်ပေမယ့် တစ်လတစ်ခါတော့ ဖြစ်နေမှာပဲ။
ငိုချင်ငိုမယ်၊ တိကျတဲ့အကြောင်းအရာမရှိဘဲ စိတ်ဖိစီးမှု စိတ်ပူပန်မှု များချင်များနေမယ်၊ အလျင်အမြန် ပြောင်းလဲပြီး ဘယ်လိုဖြစ်လာမယ်ဆိုတာ မှန်းမရတာမျိုး ဖြစ်တယ်။ ဆောင်းဦးမနက်ခင်းနေရောင်ခြည်လို နုပျိုလန်းဆန်းနေရာကနေ ရုတ်ချည်းဆိုသလို မာန်ဖီဒေါသထွက်နေတဲ့ ကျားသစ်ရိုင်းမလေးအသွင် ပြောင်းသွားနိုင်တယ်။ အလွယ်ပြောရရင် ဒေါသနဲ့ ပူဆွေးမှုကြား ဗျာများနေမယ်။ သူမတစ်ယောက်ထဲကိုသာမက သူမမိသားစု၊ ဆက်ဆံနေရတဲ့ လူမှုအသိုင်းအဝိုင်းကိုပါ သက်ရောက်စေတယ်။
ဒီလိုဆိုလို့ ရာသီလာခါနီးတိုင်း အမျိူးသမီးအားလုံး စိတ်ဓာတ်ကျ ဝမ်းနည်း စိတ်ဖိစီးတာ နေလို့မကောင်းတာချည်းပဲလားဆိုတော့ မဟုတ်ပါဘူး။ တချို့အမျိူးသမီးတွေမှာ အပြုသဘောဆောင်တာမျိုး ခံစားရတယ်။ လွတ်လပ်သွားသလို၊ အသစ်တဖန် ပြန်မွေးဖွားလာသလို၊ နေလို့ထိုင်လို့ ကောင်းနေသလိုလိုဖြစ်ပြီး အဲ့အချိန်မှာ လိင်စိတ်ပိုလာတာမျိုးလည်းရှိနိုင်ပါတယ်။
နာကျင်ကိုက်ခဲမှုအတွက်ကတော့
နွေးနွေးထွေးထွေးနေပါ၊ လဲလျောင်းနေစဉ် ခြေထောက်ပိုင်းကို အနည်းငယ်မြှင့်ထားပါ၊ ခါးအောက်ပိုင်းနောက်ကျောကို နှိပ်နယ်ပေးပါ၊ ပွတ်သပ်ပေးပါ ၊ ရေနွေးနွေးလေးနဲ့ ရေချိုးတာ(တအားအပူကြီးကိုမဆိုလိုပါ) ရေနွေးပုလင်း သို့မဟုတ် ရေနွေးအိတ်လေးကို ဆီးစပ်နားမှာ အသာကပ်ပြီး အိပ်ရာထဲလှဲနေတာမျိုး စတဲ့စိတ်ဖြေလျှော့မှုမျိုး လုပ်ပေးပါ။
ချိုလွန်းငန်လွန်းတဲ့ အစာတွေ ရှောင်ပါ၊ အရက် မသောက်ရပါ၊ ဆေးလိပ် မသောက်ရပါ၊ ဆေးလိပ်သောက်တဲ့ နားမှာလည်း မနေပါနဲ့၊ ဆေးလိပ်ငွေ့တွေက နာကျင်မှုကို ပိုဆိုးစေနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားပါ၊ အစာကို နဲနဲချင်းစီ ခွဲစားပေးပါ၊ ဝမ်းချူပ်တာ သက်သာဖို့အတွက် ဟင်းရွက်များများစားပါ။ ရေများများသောက်ပါ။ Mefenamic acid ပါတဲ့ဆေးများ (ဥပမာ Dolfenal, Mifemic, Hostan) လည်း သောက်သုံးနိုင်ပါတယ်။ သို့သော် အစာအိမ်ရောဂါရှိရင်တော့ သတိထားသောက်ပါ။ အစာစားပြီးမှ သောက်ပါ။
အဆုံးသတ်အနေနဲ့ကတော့ ကိုယ့်လူပုရိသများကို အကြံပေးချင်တာတစ်ခု ရှိပါတယ်။ FA (Foever Alone) တွေတော့ မပါပါဘူး။
ကိုယ့်ချစ်သူ ကိုယ့်ဇနီးနဲ့ ကတောက်ကဆဖြစ်တဲ့အခါ သို့မဟုတ် ကိုယ့်ချစ်သူကအကြောင်းမရှိဘဲ ရစ်နေတဲ့အခါမျိုးမှာ တစ်ခါတလေမှာ
“မင်း ဘာဖြစ်ချင်လဲ ခုတမျိုး တော်ကြာတမျိုး နားငြီးလာပြီ”ဆိုပြီး အကြောကြီးနဲ့ပြောမယ့်အစား
“ဟိုရက်နဲ့ နီးနေပြီလားဟင်” လို့ ဂရုတစိုက် ကြင်ကြင်နာနာ မေးကြပါ။ တစ်ခါမေးပြီးလည်း မှတ်သားထားဖို့တော့ လိုတယ်။
ချောကလက်တို့ ကိတ်မုန့်တို့စတဲ့ အချိုပါတာလေးတွေဝယ်ပေး။ စိတ်ပြေလက်ပျောက်ဖြစ်အောင် အလည်အပတ်တွေသွားပေး။ လက်ဆောင်လေးတွေဝယ်ပေး။ ဘာမှတန်ဖိုးကြီးစရာမလိုဘူး။ ပုခုံးလေးကိုင် နဖူးလေးသပ်ပြီး စကားပြောပေးလည်း ဖြစ်တယ်။
အေး. . .မင်းဘာဖြစ်ချင်တာလဲ ခုတစ်မျိုး တော်ကြာတစ်မျိုး သွားပြောလို့ကတော့ မိုးမီးလောင်လို့မဆုံးပဲ လေးငါးဆယ်ရက်လောက် ကိုယ့်လူတို့ ရစ်တာ နားပူတာခံရနိုင်တယ်။
ဉာဏ်ကောင်းကြပါ ပုရိသအပေါင်းတို့ရေ။
အိမ်ထောင်ရှင်များ ချစ်သူများအားလုံး အဆင်ပြေကြပါစေလို့ဆုတောင်းရင်း
Author : Dr. 528