မိခင်နို့တိုက်ကျွေးခြင်းဖြင့် ကလေးများ၌ အာဟာရနှင့် ခန္ဓာကိုယ်ချို့တဲ့မှု ကျန်းမာရေး ထိခိုက်မှုများ မရှိကြောင်း ကမ္ဘာတစ်ဝန်းတွင် မိခင်နို့တိုက်ကျွေးခြင်းကို တာဝန်ရှိသူများက အားပေးသင့်ကြောင်း မိခင်နို့တိုက်ကျွေးခြင်းကို အားမပေးပါက နိုင်ငံ့စီးပွားရေးကို ထိခိုက်စေနိုင်ကြောင်း လန်းဆက်ဂျာနယ်တွင် ဖော်ပြထားသည်။
ကမ္ဘာတစ်ဝန်း၌ ကလေးငယ်များ အသက် ပထမခြောက်လအရွယ်တွင် မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်း၊ နောက် ခြောက်လတွင် ဖြည့်စွက်စာနှင့် မိခင်နို့ဆက်လက်တိုက်ကျွေးခြင်း၊ မပြုလုပ်ပါက ကလေးငယ် သန်းပေါင်းများစွာ မိခင်နို့ကြောင့် ရရှိလာမည့် ကျန်းမာရေး ကောင်းကျိုးများကိ ရရှိလာနိုင်မည် မဟုတ်ကြောင်း ကျန်းမာရေးပညာရှင်များက အကြံပြုထားသည်။
အကယ်၍ ကမ္ဘာတစ်ဝန်း မိခင်နို့တိုက်ကျွေးခြင်းကို နိုင်ငံတကာ စံချိန်နီးပါး တိုက်ကျွေးအားပေးနိုင်ပါက နှစ်စဉ် ကလေးငယ်ပေါင်း ရှစ်သိန်းသေဆုံးရခြင်း၊ ရင်သားကင်ဆာကြောင့် နှစ်စဉ်လူနှစ်သောင်းသေဆုံးရခြင်းနှင့် ကမ္ဘာ့စီးပွားရေးအတွက် အမေရိကန် ဒေါ်လာ ၃၂၀ ဘီလီယံကုန်ကျခြင်းကို ကာကွယ်နိုင်ကြောင်း သိရသည်။
သုတေသနပညာရှင်များက မိခင်နို့တိုက်ကျွေးခြင်းကို အားမပေးနိုင်ပါက ကမ္ဘာတစ်ဝန်းရှိ ချမ်းသာသောနိုင်ငံ ဖြစ်စေ၊ ဆင်းရဲသောနိုင်ငံ ဖြစ်စေ၊ မိခင်နှင့်ကလေးငယ်များအတွက် ကျန်းမာရေးကောင်းကျိုး ရရှိနိုင်မည့် အကောင်ဆုံးနည်းလမ်းကို လက်လွတ်ရခြင်းနှင့်တူကြောင်း တင်ပြထားသည်။ ဘရာဇီးနိုင်ငံ ဖယ်ဒရယ် တက္ကသိုလ်ပါမောက္ခ ဒေါက်တာဆီဇာက “မိခင်နို့ တိုက်ကျွေးခြင်းကြောင့် ရရှိလာနိုင်မည့် ကောင်းကျိုးများကို နားမလည်ခြင်းသည် နိုင်ငံကို ဆင်းရဲတွင်းသို့ တွန်းပို့နေကြောင်း ကျွန်တော်တု့ိ၏ ယခုလေ့လာချက်များတွင် မိခင်နို့တိုက်ကျွေးခြင်းသည် လူ့အသက်ပေါင်းများစွာနှင့် နိုင်ငံ့စီးပွားရေးကို အကျိုးပြုနေမှုကို ရှင်းရှင်းလင်းလင်း တွေ့ရှိထားကြောင်း” ပြောကြားခဲ့သည်။
ပါမောက္ခဆီဇာက “မိခင်နို့ရည်သည် ဗီဇဂျင်းများပေါ်တွင် သက်ရောက်မှုမရှိကြောင်းကို ကျွန်တော်တို့ စတင်နားလည်သိရှိလာကြောင်း ဆဲလ်များလှုပ်ရှားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ထိန်းချုပ်လွှမ်းမိုးနိုင်ကြောင်း နောက်ဆုံးတွေ့ရှိချက်၌ မိခင်နို့ရည်တွင် Stem ဆဲလ်ပါဝင်နေကြောင်း” ပြောကြားခဲ့သည်။
မိခင်နို့ တိုက်ကျွေးခြင်းသည် ကလေးငယ်များတွင် အသိဉာဏ်ရည် တိုးတက်စေပြီး ဝမ်းပျက်ဝမ်းလျှောနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားမှုကို ကာကွယ်ပေးသည်။ အဝလွန်ခြင်းနှင့် ဆီးချိုသွေးချိုရောဂါများ ကလေးငယ်များတွင် ဖြစ်ပွားလာနိုင်ရန်လည်း တားဆီးပေးသည်။ မိခင်များတွင်လည်း ရင်သားကင်ဆာနှင့် သားဥကင်ဆာများ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။
ပါမောက္ခဆီဇာနှင့် အဖွဲ့၏ ခြောက်လအောက် ကလေးငယ်များတွင် တွက်ချက်လေ့လာမှုများအရ အမေရိကန်၊ တရုတ်၊ ဘရာဇီးနိုင်ငံများ၌ မိခင်နို့တိုက်ကျွေးခြင်း ၉၀ ရာခိုင်နှုန်းတိုးတက်လာပါက ဒေါ်လာ ၂.၄ ဘီလီယံ၊ ဒေါ်လာ ၂၂၃ သန်းနှင့် ဒေါ်လာ ၆ သန်းကုန်ကျမှုကိ အသီးသီးလျှော့ချရာ ရကြောင်း တင်ပြထားသည်။
Author: ကိုဟိန်း, Healthcare Journal, vol 8,no 32 (25.8.17)