ကျွန်တော့်နာမည်ကကျော်ကျော်။
အခုကျွန်တော်ပြောမယ့့်အကြောင်းတွေက ကျွန်တော့်အစ်ကိုကြီးအောင်အောင် သူ့သူငယ်ချင်းတွေကိုပြောပြနေကျ ကျွန်တော့အကြောင်းတွေပါ။ ကျွန်တော့မှာအဖေရယ်၊ အမေရယ်၊ ကျွန်တော်အကိုကြီးရယ် အားလုံးပေါင်း ကျွန်တော့်မိသားစုဝင် (၃)ယောက်ရှိတယ်။ ကျွန်တော် ၂ နှစ်ခွဲ ၃ နှစ်လောက်ထိလမ်းမလျှောက်တတ်တော့ဉာဏ်ထက်မယ့် ကလေးတွေကဒီလိုပဲရောက်ကျနေကျလို့ အမေကအကိုကြီးကိုပြောသတဲ့။
ဒါပေမယ့် အမေနဲ့အဖေကိုမျက်လုံးပြူးသွားစေမယ့် အကြောင်းက အသက်၅နှစ်အထိ ကျွန်တော့်ပါးစပ်ကစကားလုံးတွေမထွက်မှပါ။ အမေက ကျွန်တော့်ကိုနား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆီသွားပြတော့ ဆရာဝန်က “နင့်ကလေးနားမကြားတာနေမှာ” ဆိုပြီးစစ်ဆေးခိုင်းတယ်။အမေကခေါင်းမာတယ်။ ကျွန်မသားနားကြားပါတယ်တဲ့။ ဟုတ်တယ်လေ။ ကျွန်တော့်ကိုကျော်ကျော်လို့ အမေခေါ်ရင် ကျွန်တော်လှည့်ကြည့်နေကျပဲ။ ဒါနဲ့ ကလေးအထူးကု ဆရာဝန်ကြီးဆီသွားပြတော့ ကလေးကဖြေးဖြေးချင်းတိုးတက်လာမယ်တဲ့။ အမေဝမ်းသာသွားပြီလေ။
ကျွန်တော် ၅နှစ်ခွဲမှာအမေက ကျွန်တော့်ကိုမူကြိုပို့ပြီ။ အဲ့ဒီမူကြိုဆရာမလေးက ကျွန်တော့်ကိုစကားစသင်ပေးပါတယ်။ ကျွန်တော်က ခြင်ကိုက်ရင်ကုတ်တယ်။ ဆရာမကအဲ့ဒါကို “ယားတယ်” လို့ပြောရမယ်တဲ့။ “ယားတယ်” “ယားတယ်” ဒါပထမဆုံး ကျွန်တော်ရဲ့နှုတ်ထွက်စကား။ အဖေတို့ အမေတို့ပျော်ပြီလေ။ သိပ်မကြာပါဘူး။ အဖေတို့ အမေတို့ ဘာသာစကားအသစ် စသင်ရတော့တယ်။ ကျွန်တော်နဲ့ပြောဖို့ပေါ့။ ကျွန်တော်ကအများပြောနေတဲ့ အတိုင်းပြောတာမဟုတ်ဘူး။ ဥပမာ- “စားချင်တယ် ဒါကိုကျွေးပါ” “ဝယ်ကျွေးမှာလားမုန့်” အဲ့လိုမျိုး။ ပြန်ဖြေတဲ့သူကလည်း “ဝယ်ကျွေးပါ့မယ်” လို့အတိအကျ ပြန်ဖြေမှနော်။ မဟုတ်လို့ကတော့ ကျွန်တော်ကမနားတမ်းမေးပါပြီ။ “ဟုတ်” တို့၊ “အင်း” တို့၊ ခေါင်းငြိမ့်ပြတာတို့ဟာ ကျွန်တော်အတွက် အဖြေမဟုတ်ဘူး။ ကျွန်တော့်ကိုမဖြေသေးဘူးလို့ပဲထင်နေတာပါ။ အစ်ကိုကြီးကပြောတယ် ကွန်ပျူတာပရိုဂရမ်သွင်းထားတဲ့ အတိုင်းပဲတဲ့။
ကျွန်တော့်ကိုအရောင်တွေသင်တော့ ဆရာမတွေ၊ အိမ်ကလူတွေစိတ်လေရပါပြီ။ အနီကိုအပြာလို့ပြော၊ အဖြူကိုအညိုလို့ပြောတာပါ။ အဲ့လိုမောရတာက ကျွန်တော့်အသက် ၁၀နှစ်လောက်မှာရပ်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်ဘယ်လိုသိသွားလည်း ကျွန်တော်ကိုယ်တိုင်တောင် မသိပါဘူး။
နောက်တစ်ခုက ကျွန်တော်ကအစားဆိုလည်းဒါဆိုဒါပဲ။ အဝတ်ဆိုလည်း Power Ranger ပါတဲ့ အင်္ကျ ီမှနော်။ ကျန်တာကတော့ No ပါ။ အဲလိုနဲ့ စာသင်တဲ့အကြောင်းပြောရရင် အစ်ကိုကြီးကပြောတယ်။ မင်းကနားနဲ့မျက်စိပေါင်းပြီးမှတ်တဲ့ကောင်တဲ့။ ဟုတ်ပါတယ်။ ကျွန်တော်ကစာလုံးတစ်စု၊ စာကြောင်းတစ်စုကို မြင်တယ်။ အဲဒီအချိန်မှာဆရာမ၊ အစ်ကိုကြီးကဒါကိုဖတ်ပြလိုက်ရင် ကျွန်တော့်အသည်းထဲစွဲသွားပြီ။ ဘာလဲဆိုတာ။ စာလုံးတွေကိုပေါင်းပြီးဖတ်ဖို့တော့…အင်း…စာလုံးတွေက…ဘာတွေလဲ။ ဘုရားစာတွေကိုလည်းလူကြီးတွေ နှုတ်တိုက် ကျက်ပေးရင် ကျွန်တော်ရတယ်။ ကျန်တာအစ်ကိုကြီးသင်ပေး၊ ပြောပေးတဲ့ သင်္ချာတို့၊ ပထဝီတို့ စိတ်မဝင်စားပါဘူး။ အင်္ဂလိပ်စာကိုလည်း ကျွန်တော့်ကိုအဲလိုသင်ပေးရင်ရပါတယ်။ ကျွန်တော် တတိယတန်းဆိုတာအထိ ကျွန်တော်သိတယ်။ နောက်အတန်းတွေက ကျွန်တော့်မှာမရှိတော့ပါဘူး။ အဲဒီမှာအမေတို့ အဖေတို့ပြောနေကျ “Special need child” ဆိုတာကို ကျွန်တော်ကြားဖူးပြီ။ လူကြီးတွေက ကျွန်တော့်ကိုကျောင်းပြန်ထားဖို့ စီစဉ် ကြတယ်။ အဲဒီအချိန်မှာအစ်ကိုကြီးကဆေးကျောင်းပြီးကာစလေ။ ကျွန်တော့်ကို ကလေးအထူးကုဆရာဝန်ကြီးတစ်ယောက်နဲ့ ပြန်ပြတယ်။ ကျွန်တော့်အကြောင်းတွေ မေးတော့၊ ကျွန်တော်ကတစ်ခုခုကြိုက်ပြီဆိုအဲဒါကိုလေး၊ ငါးလလောက် မငြီးမငွေ့သဘောကျတာ။ ဒီအချိန်ဆိုဒါပဲပေါ့။ စာသင်တဲ့ အကြောင်းလည်းပါပါတယ်။ ဆရာဝန်ကြီးကသဘောကောင်းတယ်။ မေးပဲမေးတာ။ အများကြီးမစမ်းပါဘူး။ ကျွန်တော်က ကျွန်တော့်ကိုထိတာသိပ်မကြိုက်ဘူး။ ငယ်ငယ်တုန်းကဆိုရင် ကျွန်တော်ကအော်တစ်ဇင်နဲ့တူတယ်ဆိုလား။ အခုကြီးမှနေတဲ့ ထိုင်တဲ့ပုံတွေကို ကြည့်ပြီးဉာဏ်ရည်နိမ့်ကျတယ်လို့ပဲသတ်မှတ်ပါတယ်တဲ့။ ကျွန်တော့်ကို School for Special need child မှာကျောင်းပြန်ထားပါတယ်။ ဒါပေမယ့် ကျွန်တော်ကအိမ်မှာနေရတာများတော့ လူတွေနဲ့ မျက်လုံးသိပ်မဆုံတော့ဘူး(eye contact မရဘူးတဲ့ အစ်ကိုကြီးက)
ကျွန်တော်ပျော်ပါတယ် ကျောင်းမှာ။ စာသင်တဲ့ အချိန်တော့မကြိုက်ဘူး။ ကျွန်တော်အဲ့လိုမှ နားမလည်တာ။ ကျန်တာသီချင်းဆိုရတာကျွန်တော်ကြိုက်တယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာအစ်ကိုကြီးက အလုပ်ဝင်တော့ ကျွန်တော့်ကိုလိုက်ပို့မယ့်သူမရှိတော့ဘူး။ အမေတစ်ယောက်တည်း ကျွန်တော့်ကိုမနိုင်ဘူးလေ။ အိမ်မှာပဲ ကျွန်တော်ပြန်နေရပါတယ်။
အပြင်ထွက်ရင် ကျွန်တော်ကသွားဆိုသွားတာပဲ။ လူတွေကိုတိုးမိရင် တချို့က “ဘာလဲဆိုတဲ့ အကြည့်နဲ့” ပြန်ကြည့်ကြတယ်။ လူကြီးတွေကတောင်းပန်ရတယ်။ ကျွန်တော် သိပ်မသိဘူးလေ။ ကျွန်တော်ကသွားဆိုသွားမှာပဲလေ။ ကျွန်တော် အမေတို့၊ အစ်ကိုကြီးတို့နဲ့ ဓမ္မသင်တန်းတွေ လိုက်တက်ရတာပျော်တယ်။ အဲဒီကလူတွေကလည်းချစ်ကြပါတယ်။ စာကလည်းသင်တန်းဆရာတွေ သင်သမျှကိုရွတ်ရတာ။ ဒီလိုဆို ကျွန်တော်ပျော်တယ်။
အဖေကတော့ ကျွန်တော့်ကိုအပြင်ခေါ်ရမှာကြောက်တယ်။ တစ်ခါတစ်လေမှ ခေါ်တယ်။ အစ်ကိုကြီးဘွဲ့ယူတုန်းကတောင် ကျွန်တော်လိုက်ချင်တာမလိုက်ရဘူး။ ဒါပေမယ့် အဖေ့ကိုမနက်တိုင်းကျွန်တော် ဆေးတိုက်ပါတယ်။ အစ်ကိုကြီးကတောင် မေ့တာ။ ကျွန်တော်ပုံမှန်လုပ်နေကျကို ကျွန်တော်မမေ့ပါဘူး။
အစ်ကိုကြီးကအခုသူလက်ရှိလုပ်နေတဲ့ အလုပ်ကထွက်ရပါတယ်။ အိမ်မှာအမေတစ်ယောက်တည်းက ကျွန်တော့်ကိုကြည့်ရတာပင်ပန်းနေပါပြီ။ ကျွန်တော်ကပျော်ပါတယ်။ ကျွန်တော့်အတွက် အဖော်ပဲကို။ အစ်ကိုကြီးကပြောတယ် တိုးတက်နေတဲ့ နိုင်ငံတော်တော်များများမှာ ကျွန်တော်တို့လိုလူမျိုးတွေအတွက် ကိုယ့်ဘာသာကိုယ်ရပ်တည်နိုင်အောင် သင်ကြားပေး၊ စောင့်ရှောက်ပေးတာတွေ ရှိပါတယ်တဲ့။ ကျွန်တော်တို့ဆီမှာတော့ ရှိပေမယ့် ကျွန်တော်တို့လိုကလေးအားလုံးလက်လှမ်းမီဖို့ ဝေးနေပါသေးတယ်တဲ့။ အခြေအနေအမျိုးမျိုးကြောင့်ပါ။ ဒါပေမယ့် အစ်ကိုကြီးပြောနေကျ “Special need child” ဆိုတာ၊ အော်တစ်ဇင်ဆိုတာ ကျွန်တော်မကြားချင်ပါဘူး။ ကျွန်တော်ကပုံမှန်ပါ။
Author – ရွှေတန်ခူး