မသူဇာတစ်ယောက် သူမ စားပွဲထိုးလုပ်နေတဲ့ ကြက်ကြော်ဆိုင်ထဲကနေ လမ်းမကို ငေးပြီး စပ်စုနေသည်။ ဆိုင်တစ်ဖက်ကားလမ်း မျက်နှာချင်းဆိုင် သစ်သီးတန်းမှာ ဈေးဝယ်သူများ စည်ကားလျက်ရှိသည်။ အမျိုးသမီးတစ်ဦး သုံးလေးနှစ်အရွယ် သမီးလေးကို လက်ဆွဲရင်း ဈေးခြင်းတစ်ဖက်ကလည်း မနိုင်မနင်း ဖြစ်နေသည်။ ထိုစဉ် အနားမှ ဖြတ်လျှောက်လာသူ အမျိုးသားတစ်ဦးမှ အမျိုးသမီးကို တစ်စုံတစ်ရာပြောလိုက်သည်ထင်။ အမျိုးသမီးမှ ဝမ်းသာအားရ ပြုံးပြခေါင်းညိတ်ပြကာ သူမသမီးအား ထိုလူ့လက်ထဲထည့်လိုက်သည်။
ဒီအနီးပတ်ဝန်းကျင်မှာ ဖြတ်သန်းသွားလာနေကျ မဟုတ်သော လူစိမ်းမှန်း မသူဇာ စိတ်ထဲထင်မိသည်။ ထိုလူသည် ကလေးငယ်အား ဆိုင်တန်းဘေးက အုတ်ခုံလေးနားခေါ်သွားကာ ပေါင်ပေါ်တင်ထိုင်ထားကာ ချော့မြူနေသည်။
မသူဇာလည်း ဆိုင်မှာ လူကျလာသဖြင့် ငေးလက်စမြင်ကွင်းကို ဖြတ်တောက်ကာ ဧည့်သည်များထံ အလျင်အမြန်သွားလိုက်သည်။ ဆိုင်စား ပါဆယ်များအတွက် အလုပ်ရှုပ်နေရင်း ပြင်ပမှ ကလေးအော်ငိုသံကို ကြားလိုက်ရသည်။ သူမ အော်ငိုသံကြားရာ လှမ်းအကြည့် လူစိမ်းအမျိုးသားသည် ကလေးမလေးကို ပစ်ချကာ ထပြေးလေသည်။ အပြင်မှာ ရုတ်ရုတ်သဲသဲ ဖြစ်နေ၍ ဆိုင်ထဲမှလူများလည်း ထွက်ကြည့်ကြလေသည်။
ကလေးမလေး၏ဂါဝန်အဖြူမှာ သွေးများစွန်းပေနေသည်။ အလွန်နာကျင်ခံစားရသည့် ဝေဒနာကြောင့် စူးရှပြင်းထန်စွာ ငိုကြွေးနေသည်။
ရုတ်တရက် ဖြစ်ပျက်သွားသော အခြေအနေကြောင့် ပတ်ဝန်းကျင်မှ လူများလည်း ကလေးငယ်ကိုသာ ဂရုစိုက်မိကြသည်။ တဏှာရူးနောက် ပြေးလိုက်ဖို့ရာ အနည်းငယ် နောက်ကျသွားခဲ့သည်။ မိခင်မှာလည်း ရင်ဘတ်စည်တီး ငိုကြွေးနေတော့သည်။
————————————
“သားယောကျာ်းလေးဆိုတော့လည်း”
မောင်လမင်းလေး အသက်လေးနှစ်ပြည့်ပြီးနောက် သူ့မိဘတွေ ဘိုဆန်ဆန် စိတ်ကူးထကာ ကလေးအား အခန်းခွဲကာ သိပ်တော့သည်။ သို့သော် ကလေးတစ်ယောက်တည်း မဟုတ်ပါ။ မနေ့တစ်နေ့က အသစ်ငှားရမ်းလိုက်သော အသက်နှစ်ဆယ်ကျော် အိမ်အကူ ကလေးထိန်းနှင့် အတူအိပ်စေသည်။
အဖေရော အမေပါ မနက်အလုပ်ထသွား ညမိုးချုပ်ပြန်လာနှင့် ကလေးအား မူကြို အပို့အကြိုက အစ အိမ်အကူနှင့်သာ လွှဲအပ်ထားလေသည်။ ကလေးအပေါ်ဂရုစိုက်မှုလည်း နည်းပါးလာခဲ့သည်။ ရံဖန်ရံခါ သားငယ်အား ခေါ်သိပ်လျှင်ပင် ကလေးမှာ အိမ်အကူနှင့်သာ သွားအိပ်မည်ဟု ဂျီကျတော့သည်။
သုံးလခန့်အကြာမှာ ကလေးထိန်းမှာ ထွက်ပြေးသွားတော့သည်။ မိဘများက ကလေးထိန်းရသည်ကို စိတ်ပျက်ငြီးငွေ့လာ၍ ဖြစ်မည်ထင်ကာ နောက်ထပ် ကလေးထိန်းတစ်ဦး ခေါ်ရန်စီစဉ်ပြန်သည်။
ယနေ့ညအတွက်တော့ မောင်လမင်းလေး အမေနှင့်အတူတူ အိပ်ရတော့မည်။ အိပ်ခါနီး မောင်လမင်းလေးသည် မိခင်လက်ကို ဆွဲကာ ဘောင်းဘီချွတ်ခိုင်းလေသည်။အမေဖြစ်သူကလည်း ကလေးဆီးသွားချင်သည်ထင်၍ ချွတ်ပေးလိုက်သည်။ ကလေးကို အိမ်သာထဲခေါ်သွား၍ ဆီးတည်သည်။ ထိုအခါ ကလေးသည် မိခင်လက်ကို ထပ်ဆွဲကာ သူ့ပေါင်ကြားထဲ ကိုင်ခိုင်းပြန်သည်။
ထိုအခါတွင်မူ မိခင်ဖြစ်သူမှာ ထိတ်လန့်သွားတော့သည်။ သားငယ်ကို ဆွဲခေါ်ရင်း ကလေးအိပ်ခန်းကို ကမန်းကတန်းပြေးဝင်ကြည့်မိတော့သည်။
မောင်လမင်းလေးသည် သူ့မိခင်လက်ကို ထပ်မံဆွဲကာ ကန့်ထားသော ငါးထပ်သားမှ အပေါက်ကလေးအား သူ့လက်ကလေးဖြင့်ထိုးထည့်ပြလေသည်။ ထိုအပေါက်ငယ်မှ တဆင့် သူမတို့အိပ်ခန်းကို မြင်ရလေသည်။
ထိုစဉ် သားငယ်လေးနှုတ်မှ ပြောစကားသံကြောင့် မိခင်ဖြစ်သူမှာ အရုပ်ကြိုးပြတ် ဖြစ်ရတော့သည်။
“မမက သားအိပ်ခါနီးရင် အဲ့အပေါက်လေးက ကြည့်ပြီး အဲ့လိုပဲ လုပ်ပေးတာ”
————————————-
မိဘများအနေဖြင့် မိမိသားသမီးငယ်များကို သူစိမ်းသူရံများလက်ထဲတွင် အလုံးစုံယုံကြည်စိတ်ချစွာ ပုံအပ်မထားသင့်ပါ။
သမီးမိန်းကလေးများကိုလည်း အရင်းအချာဖြစ်သော်ငြားလည်း မည်သည့်အမျိုးသားများေ့ရှ၌ ရေချိုးပေးခြင်း, အဝတ်လဲပေးခြင်း နှင့် မျက်ကွယ်ရာအရပ်တွင် လက်ပွန်းတတီးဆော့ကစားစေခြင်းများ ခွင့်မပြုသင့်ပါ။
ကလေးငယ်ပင် ဖြစ်သော်လည်း တဏှာမွှန်လျှင် စိတ်ရိုင်းဝင် လူစိတ်ပျောက်ကာ မိန်းမ ယောကျာ်းဟူ၍သာ ထင်မြင်လာကြတော့သည်။
မိမိကလေးငယ်၏ ပြောင်းလဲလာသော/ထူးခြားစွာပြုမူနေထိုင် ပြောဆိုမှုများကို ဂရုတစိုက် သတိဖြင့် စောင့်ကြည့် အကဲခတ်နေသင့်ပါသည်။
Author – ခွာဖြူ