ကလေးငယ်တချို့၏ အမှုအကျင့်မှာ လူမှုရေးနှင့် အံဝင်ခွင်ကျ မဖြစ်သဖြင့် လူကြီးများအတွက် စိတ်အနှောင်အယှက် ဖြစ်ရသည်။ ကလေးငယ်များ ကိုယ်တိုင်မှာ အဆိုပါ အမှုအကျင့်ကို မှားယွင်းသည်ဟု မသိကြပေ။ သဘောရိုးဖြင့် လုပ်ဆောင်မိခဲ့ကြခြင်းဖြစ်သည်။ အထူးသဖြင့် ခြောက်နှစ်ဝန်းကျင် ကလေးငယ်များ၏ အပြုအမှုတချို့မှာ လူကြီးများအတွက် စိတ်အခန့်မသင့်ဖွယ် ဖြစ်တတ်သည်။ ဥပမာ- နှာချေရာတွင် နှာခေါင်းနှင့် ပါးစပ်တို့အား မအုပ်ခြင်း၊ အခြားသူများ၏ ပစ္စည်းများကို ခွင့်ပြုချက်မတောင်းဘဲ ကိုင်တွယ်ခြင်း (မပြောမဆိုကိုင်မိခြင်း)၊ လူအများကြားတွင် စကားကျယ်လောင်စွာပြောခြင်း၊ ကျောင်းသွားရာတွင် လိုအပ်သော ပစ္စည်းများ မေ့ကျန်ရစ်ခဲ့ခြင်း။
ကလေးငယ်တစ်ချို့သည် ဘေးပတ်ဝန်းကျင်ကို ဂရုမမှုတတ်ကြပေ။ မိမိတစ်ယောက်တည်း ရှိသည့်အလား ပြုမှုတတ်ကြသည်။ မိမိ၏ ပတ်ဝန်းကျင်မှ အခြားလူများအား စိတ်အနှောက်အယှက် ဖြစ်စေရန် ရည်ရွယ်ချက် လုံးဝမရှိကြပါ။ မကောင်းသော အမှုအကျင့်ကို ပပျောက်စေရန်အတွက် သွန်သင်ဆုံးမရာတွင် ကလေးငယ်များ၏ မိမိကိုယ်တိုင် ယုံကြည်မှု မထိခိုက်စေရန် အဓိကအလေးထားဖို့ လိုအပ်သည်။ မကြာခဏ တစ်ဗျစ်တောက်တောက် ပြောဆိုခြင်းမျိုးကို ရှောင်ရမည်။
“သား/သမီး အခုလိုပြုမှုတာကို သား/သမီးရဲ့ သူငယ်ချင်းတွေ မြင်တွေ့ရင် အပြစ်ပြောစရာ ဖြစ်မှာပေါ့၊ ကဲ့ရဲ့မှာပေါ့” “သား/သမီးကို မယဉ်ကျေးဘူးလို့ ပြောတာဆိုတာမရှိအောင် နေထိုင်ဖို့လိုတယ်”။ စသည့် အသုံးအနှုန်းဖြင့် လမ်းမှန်ရောက်အောင် ထိန်းမတ်ပေးရပါမည်။ တစ်ခါတစ်ရံ အပြုသဘောဆောင်သော အပြောအဆိုမျိုး လိုအပ်သည်။ “သား/သမီးက ဒီလိုနေထိုင်စားသောက်ရင် အခြားသူတွေက ချီးမွမ်းကြမှာ” ဟု မိမိလိုချင်သော ပုံစံကို ပြောပြရမည်။
ကလေးငယ်များအား ဆိုဆုံးမရာတွင် ပြောဆိုမည့်စကားအသုံး အနှုန်းများကို ဂရုစိုက် ရွေးချယ်ရမည်။ ကလေးငယ်အား စိတ်အနှောက်အယှက် ဖြစ်စေနိုင်သော စကားများ မပါသင့်ပေ။
“သား/သမီး နှာချေရင် ခေါင်းနဲ့ ပါးစပ်ကို အုပ်ထားပါလို့ ဘယ်နှခါပြောရမလဲ” ဆိုသည့် စကားအစား “သား/သမီးနှာချေရင် နှာခေါင်းနဲ့ပါးစပ်ကို အုပ်ထားရမယ်လေ၊ မေမေမှာတာ မေ့သွားပြီထင်တယ်” ဟုပြောဆိုသင့်သည်။ ထပ်မံသတိပေးချက်ချင်း တူသော်လည်း ကလေးငယ်အတွက် နားဝင်ချိုစေသင့်သည်။
အပြုအမှုတစ်ခုကို ချက်ချင်းပြုပြင်ရန် မလွယ်ပါ။ အချိန်စောင့်ပေးရန် လိုအပ်ပါသည်။ မိဘများအဖို့ စိတ်ရှည်ဖို့ အရေးကြီးပါသည်။ လွဲမှားသော အပြုအမှုအားလုံးကိုလည်း တစ်ပြိုင်နက် ပြုပြင်ရန် လွယ်ကူမည်မဟုတ်ပါ။ တဖြည်းဖြည်းချင်း ပြုပြင်ပေးသွားရပါမည်။ ကလေးငယ်များသည် ချီးမွမ်းစကားကိုလည်း နှစ်သက်သဘောကျတတ်ပါသည်။ ချီးမွမ်းခြင်းနှင့် မြှောက်ပင့်ခြင်းမတူပါ။ ကောင်းမွန်သော လုပ်ရပ်အတွက် ချီးမွမ်းရန်ဖြစ်သည်။ ချီးမွမ်းခြင်းထက်ပို၍ သာမန်မဟုတ်သော မြှောက်ပင့်မှုမျိုးကို ရှောင်ရမည်။ မြှောက်ပင်ခြင်းဖြင့် မှားယွင်းသော အပြုအမှု များကို ပြုပြင်နိုင်မည် မဟုတ်ပါ။ ပိုမို၍ပင် ဆိုးရွားစေနိုင်သည်။
Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)