အကယ်၍ အထက်ပါအဆိုကို စာဖတ်သူအား မေးမြန်းပါလျှင် “အဖေ” ဟုဖြေသူ၊ “အမေ” ဟုဖြေသူနှင့် “အမေ” ဟဖြေသူနှင့် “နှစ်ဦးစလုံး” ဟု ဖြေသူဟူ၍ သုံးမျိုးတွေ့ရမည်ဖြစ်ပါသည်။
အသက် ၁၄ နှစ်နှင့် ၁၇ နှစ်အရွယ် သားသမီးနှစ်ဦး၏ ဖခင်ဖြစ်သူ David Thong (45 yrs, Professional Jeweller and Karate Coach) က “ဖခင်” (အဖေ) ဟု အဖြေပေးလိုက်သည်။
“ကျွန်တော်ဟာ အာရှတိုက်သား တစ်ယောက်ပါ။ ကျွန်တော်တို့၏ မိရိုးဖလာအရ မိသားစုမှာ ဖခင်က အဓိကစည်းကမ်းချမှတ်ပါတယ်။ သားသမီးတွေက ဖခင်ကို မိခင်ထက် ပိုပြီးကြောက်ကြတယ်။ ဒါကြောင့် ဖခင်တွေက စည်းကမ်းကိုင်တွယ်သူ ဖြစ်သင့်ပါတယ်” ဟုပြောကြားခဲ့သည်။
ဖခင်များသည် မိခင်များထက် တစ်မှုထူးခြားပြီး သားသမီးများကို ကိုင်တွယ်နိုင်စွမ်း ရှိကြသည်။
ကလေးငယ်များကို နားထောင်ရန် မိမိက ပြောကြားရမည်ဖြစ်ပြီး ကလေးငယ်များ၏ ပြောဆိုမှုကို မိမိက ပြန်လည်နားထောင်ပေးရမည်။ အသက်အရွယ်အလိုက် ကလေးငယ်များ နားထောင်နိုင်မည့် စကားလုံးများကို ရွေးချယ်၍ စည်းကမ်းအကြောင်း ရှင်းလင်းပြောကြားရပါမည်။ စကားပြောရာတွင် “ Eye to Eye Contact” မျက်လုံးခြင်း တွေ့ဆုံဖို့ လိုအပ်သည်။ ကလေးငယ်များ၏ မျှော်လင့်ချက်နှင့် ရည်ရွယ်ချက်များကို နားထောင်ရမည်၊ သိရှိနိုင်ရမည်။ စကားမပြောသော ကလေးငယ်များ၏ မျှော်လင့်ချက်နှင့် ရည်ရွယ်ချက်များကိုပင် ကိုယ်အမှုအရာအရ သိနိုင်ကြဖို့ လိုအပ်ပါသည်။ စည်းကမ်းနောက်ကွယ်မှ အကျိုးဆက်များကို စဉ်းစားရပါလိမ့်မည်။ စည်းကမ်းနောက်ကွယ်မှ အကျိုးဆက်များကို စဉ်းစားရပါလိမ့်မည်။ စည်းကမ်း၏ နည်းလမ်းမကျမှုသည် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်လာနိုင်သည်။ စည်းကမ်းတင်းကျပ်လွန်း၍ မလိုက်နာလျှင် အပြစ်ပေးခံရမည်ကို စိုးရိမ်သောအခါ လိမ်ညာမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။
ကောင်းသောကလေးငယ်များတွင် ဆိုးရွားသော အပြုအမှုများ ရှိနေနိုင်ပါသည်။ ကလေးငယ်သည် လိမ်ညာမပြောဆိုတတ်သဖြင့် မှားယွင်းသော အပြုအမှုဖြင့် တုံ့ပြန်တတ်သည်။ ကလေးငယ်အား “မင်းဟာ လူမိုက်ပဲ” “မင်းဟာအသုံးမကျဘူး” ဟုမပြောသင့်ပါ။ “ဒီလိုလုပ်ရင် အသုံးမကျရာ မိုက်မဲရာရောက်မှာပေါ့” ဟူသော အဓိပ္ပာယ်တူသော စကားလုံးများကို သုံးသင့်သည်။
မှားယွင်းသော အပြုအမှုများ လုပ်ဆောင်မှုအတွက် ချက်ချင်းသွန်သင်ဆုံးမဖို့ လိုပါသည်။ ကလေးင.ယ်များသည် မိမိလုပ်ခဲ့သည်များကို မှတ်သားထားခြင်း မရှိကြပေ။ အလွယ်တကူ မေ့လျော့ပစ်တတ်ကြသည်။ ထို့ကြောင့် ချက်ချင်းပြုပြင် ဆုံးမရပါမည်။ သို့သော် နည်းလမ်းရွေးချယ်မှုနှင့် စကားပြောဆိုမှုတို့ မှန်ကန်ရပါမည်။
“အဲဒီလိုပြုမှုရင် လူတွေက မကြိုက်ကြဘူး၊ မနှစ်သက်ကြဘူး၊ အသိညဏ်မရှိဘူးလို့ ထင်သွားကြလိမ့်မယ်၊ ဒါကြောင့် ဒါမျိုး မလုပ်သင့်ဘူး” စသည်ဖြင့် ပြောဆိုဆုံးမသင့်သည်။
ကလေးငယ်များသည် တဖြည်းဖြည်း ကြီးထွားလာခဲ့ရာ ကိုယ်ပိုင်အပြောအဆို အမှုအရာများ ဖြစ်လာလိမ့်မည်။ ထိုအချက်ကို မိဘများက အသိအမှတ်ပြုရမည်။ အပြုအမှုတစ်ခုကို ပြုပြင်စေလိုလျှင် “သား/သမီး အဲဒီလိုလုပ်ရင် ဖေဖေ၊ မေမေတို့ ကဲ့ရဲ့ ခံရမှာပေါ့” ဆိုသောစကားသုံးရမည်။ မိမိကိုယ်မိမိ တာဝန်ယူတတ်မှု၊ တာဝန်သိတတ်မှုကိုလည်း အသိအမှတ်ပြုရမည်။ အပြစ်ပေးခြင်းသည် အမြဲတမ်းမဖြစ်သင့်သော်လည်း တစ်ခါတစ်ရံ လိုအပ်နိုင်သည်။
အသက်နှစ်နှစ်အရွယ် ကလေးငယ်၏ ဖခင် Michiel Alexander (31 yrs, Process Engineer) က “ကျွန်တော့်ရဲ့ သားငယ်ဟာ တစ်စုံတစ်ခုကို အကြိမ်ကြိမ်ကြိုးပမ်း လုပ်ကြည့်ချင်ပါတယ်၊ သူလုပ်တဲ့အမှားတွေဟာ တစ်ခါတစ်ခါ ရယ်စရာကောင်းပါတယ်၊ ကျွန်တော့်ရဲ့ ဇနီးက ကလေးငယ်များအတွက် စည်းကမ်းကိုင်တွယ်ရာမှာ ပါးပြီး နားလည်တယ်၊ ပိုမိုသင့်တော်တယ်လို့ ကျွန်တော်ထင်ပါတယ်။ သားသမီးတွေဟာ အမေနဲ့ အတူအနေများတာမို့ စည်းကမ်းကိုင်တွယ်ရာမှာ မိခင်ဖြစ်သူက ပိုပြီးသာလွန်ကောင်းမွန်မှာပါ” ဟုပြောကြားခဲ့သည်။ “မိခင်များဟာ ကလေးငယ်များရဲ့ အပြုအမှုကို တုံ့ပြန်ရာမှာ အလွန်မြန်၊ ဖခင်တွေလို တုံ့ဆိုင်းမနေဘူး။ ဖခင်က အလုပ်အားလပ်ချိန်မှာသာ သားသမီးတွေနဲ့ အတူရှိတတ်တာဆိုတော့ သူတို့ရဲ့အကြောင်းကို မိခင်တွေလောက် မသိနိုင်ဘူး” ဟု Michel Alexander က ဆက်လက်ပြောကြားခဲ့သည်။ အခြားအချက်တစ်ခုမှာ ဖခင်များသည် သည်းခံနိုင်စွမ်းနည်းကြသည်။ ကလေးငယ်များ၏ အကြိမ်ကြိမ်တောင်းဆိုမှုကို မိခင်များကသာ သည်းခံခွင့်လွှတ်ပြီး စိတ်ရှည်လက်ရှည် သင်ကြားပြသတတ်သည်။ ကလေးငယ်များအား ကိုင်တွယ်ရာတွင် စိတ်ရှည်မှုမှာ အလွန်ပင် အရေးကြီးသည်။
ကလေးငယ်များ၏ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် နည်းလမ်းတစ်မျိုးတည်း မသုံးသင့်ပေ။ အခြားရွေးချယ်စရာ နည်းလမ်းများကိုလည်း ကြိုတင်စဉ်းစားပေးထားရမည်။ ကလေးငယ်များအား တစ်စုံ တစ်ခုသော အပြုအမှုကို မလုပ်ရန် တားမြစ်သော်လည်း မလိုက်နာလျှင် အခြားနည်းဖြင့် ဖြေရှင်းရန်ဖြစ်သည်။ ဥပမာ- သကြားလုံးပုလင်းကိုဖွင့်၍ ကလေးငယ် မကြာခဏ ရယူစားသုံးသည်ဆိုပါစို့။ အကြိမ်ကြိမ်မစားရန် တားမြစ်သော်လည်း မအောင်မြင်လျှင် အဆိုပါ သကြားလုံးပုလင်းအား ကလေးငယ်လက်လှမ်းမမီအောင်၊ မမြင်မတွေ့အောင် ထားလိုက်ခြင်းသည် ရွေးချယ်သင့်သော အခြားနည်းလမ်းတစ်ခုဖြစ်သည်။ တားမြစ်ထားသည့်ကြားက အကြိမ်ကြိမ်ယူစားသဖြင့် အပြစ်ပေးခြင်းမျိုး မပြုလုပ်သင့်ပေ။ အထက်တွင ဖော်ပြထားသကဲ့သို့ သကြားလုံးပုလင်းအား ဖယ်ရှားထားလိုက်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။
အချုပ်အားဖြင့် စည်းကမ်းကိုင်တွယ်ရာတွင် အဖေလား၊ အမေလား၊ နှစ်ဦးစလုံးလားဆိုခြင်းထက် နည်းစနစ်မှန်ကန်မှုသည်သာ ပိုမိုအရေးကြီးသည်ဟု ဆိုရပေတော့မည်။
Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)