ဒေါက်တာနွယ်တစ်ယောက် ဒီမြို့လေးကို ရောက်နေတာ တစ်နှစ်လောက်ရှိပြီ။ ဆေးရုံ နဲ့ ဆေးခန်း ကူးပြီး အလုပ်များတယ်ရယ်လည်း မဟုတ် မများဘူးလည်းမဟုတ်။
တစ်ရက် ဆေးခန်းပိတ်ရန် ပြင်ဆင်နေချိန် ငယ်ရွယ်ချောမောသော အမျိုးသမီးလေးတစ်ယောက် ဆေးခန်းထဲသို့ ဝင်လာသည်။
“ဆရာမ ကျွန်မ ရာသီသွေးမလာလို့ပါ။ နှစ်လလောက်ရှိနေပါပြီ။”
“အိမ်ထောင်ရှိလား”
“ မရှိပါဘူး”
“အခုရက်ပိုင်း စိတ်ဖိစီးစရာတွေများရှိလား။ စာမေးပွဲတွေဖြေစရာရှိတာမျိုး။ အလုပ်ထဲမှာ မိသားစုထဲမှာ ပြသနာ တွေ ရှိပြီး stress များနေတာမျိုးရှိလား”
“မရှိပါဘူး”
“အရင်တုန်းကရော ဒီလိုမျိုး ရာသီသွေးမလာတာမျိုးရှိလား”
“မရှိပါဘူး ဒေါက်တာ။ ကျွန်မ ဆရာမဆီ မလာခင်လေးတင်ပဲ ဆီးစစ်ခဲ့ပါ တယ်။ ကိုယ်ဝန်ရှိနေတယ်လို့ ပြနေတယ်။”
ဝေ့လည်ကြောင်ပတ်လုပ်နေခြင်းဖြစ်သည်။
“သြော်..ဒါကဝမ်းသာစရာပဲလေ”
“ကျွှန်မမှာ အိမ်ထောင်မရှိပါဘူး”
“ အိမ်ထောင်မရှိပေမဲ့ ရည်းစားရှိတယ်မဟုတ်လား”
“ရည်းစားလည်းမရှိပါဘူး ဒေါက်တာ”
ဒေါက်တာနွယ် “ဗုဒ္ဓေါ” လို့ပဲ စိတ်ထဲက ရေရွတ်မိသည်။ အိမ်ထောင်လည်းမရှိ ရည်းစားလည်းမရှိသော မိန်းမပျိုတစ်ယောက်က ကိုယ်ဝန်ရှိတယ်ဆိုတော့ ဘယ်လိုဆက်ပြောရမလဲ။ မိဘများကိုဖွင့်ပြောပြီး ယူလိုက်ပါလို့ပြောရအောင်ကလည်း သူမမှာ ရည်းစားမရှိဘူးတဲ့။
“ဒါဆို ဒီကိုယ်ဝန်ဘယ်သူနဲ့ရတာလဲ”
“ အလုပ်က Boss နဲ့ပါ။ သူကနိုင်ငံခြားသားပါ။ သူက ကျွန်မကို မယူနိုင်ဘူးတဲ့။ ကျွန်မ မှာ အိမ်ကသဘောတူထားတဲ့သူလည်းရှိပါတယ်။ အဲဒါ အခု ကိုယ်ဝန်ကို ဒေါက်တာ ဖျက်ချပေးနိုင်မလားလို့ပါ”
“ဒီမှာ ညီမလေး”
အညင်သာဆုံးသော လေသံလေးနှင့်ပဲ ပြောလိုက်ပါတယ်။
“အစ်မ ဆေးခန်းမှာ ဘယ်သူ့ကိုမှ ကိုယ်ဝန်ဖျက်ချမပေးပါဘူး။ ဆရာဝန်တစ်ယောက်ဟာ လူ့အသက်ကိုသာ ကယ်မယ်။ လူ့အသက်ကို ဘယ်တော့မှ မသတ်ဘူး”
ကျွန်မ ညီမတစ်ယောက်သာဆိုလျှင် သူ့ကိုသတ္တိရှိစေချင်သည်။ ကိုယ့်ဝမ်းဗိုက်ထဲတွင် ရောက်ရှိနေသော ကိုယ့်ရင်သွေးကို သတ္တိရှိရှိနှင့် မွေးစေချင်သည်။ လူတစ်ယောက်ဖြစ်ဖို့ ဘယ်လောက်ခက်ခဲသလဲဆိုတာ သူဘာလို့မသိရတာလဲ။
“ညီမ တခြားဆရာဝန်တွေဆီသွားလည်း ဆရာဝန်တွေ ဟာ ကလေးဖျက်ချမပေးဘူး။ ညီမ အပြင်က လက်သည်တွေဆီ ရောက်သွားမှာပဲ။ ဒီလိုနယ်က လက်သည်တွေက ကလေးပျက်ကျအောင် ဘယ်လိုလုပ်မယ်လို့ထင်လဲ။ ဗိုက်ကို လက်နဲ့ဖိမယ်။ ဒီထက်ဆိုးရင် ဝါးလုံးနဲ့ဖိမယ်။ လှိမ့်မယ်။ ဘယ်လောက်နာလိုက်မလဲဆိုတာ စဉ်းစားကြည့်စမ်းပါ။ ပြီးရင် မိန်းမကိုယ်ထဲကို တုတ်ထိုးထည့်မယ်။ ပြီးရင်သားအိမ်ထဲမှာ တုတ်ကို မွှေမယ်။ တစ်ချို့သံချောင်းတွေထည့်မယ်။ သံချောင်းတွေတုတ်တွေက သန့်မယ်လို့ထင်လို့လား။ ရောဂါပိုးတွေဝင်မယ်။ မေးခိုင်ရောဂါပိုးဝင်မယ်။ မိန်းမကိုယ်ကနေ သားအိမ်ထဲ အထိ သံချောင်းထည့်မွှေတာ စဉ်းစားကြည့်စမ်းပါ။ အခန့်မသင့်ရင် သားအိမ်ပေါက်သွားမယ်။ သားအိမ်ပေါက်သွားရင် ဆေးရုံတက်ပြီး ပြန်ချုပ်ရမယ်။ ရောဂါပိုးဝင်ရင်ရော ဘာဖြစ်မယ်ထင်လဲ ညီမ။ သားအိမ်တစ်ခုလုံး ရောင်ရမ်းလာမယ်။ ဒီကတစ်ဆင့် သားဥပြွန် ပါရောင်ရမ်းမယ်။ အရမ်းဆိုးရင် ရောဂါပိုးဟာ သွေးထဲရောက်ပြီး အသက်သေဆုံးနိုင်တယ်။ သားဥပြွန်နဲ့ သားအိမ်ဟာ ရောဂါပိုးဝင်တာကြောင့်ပုပ်ပွပြီး ထုတ်လိုက်ရတဲ့ အခြေအနေမျိုးတွေလည်းရှိတတ်တယ်။ ဖြစ်လည်းဖြစ်တတ်တယ်နော်။ တစ်ချို့သားအိမ်တော့မထုတ်လိုက်ရပါဘူး။ ဒါပေမဲ့နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်လို့မရအောင် သားအိမ်ခြေအနေ မကောင်းတော့တာမျိုးတွေ ဖြစ်တတ်တယ်။ ကိုယ်ဝန်ဖျက်ချတာ သိပ်ကြောက်စရာကောင်းတဲ့ အခြေအနေပါ။ အမ အကြံဉာဏ်ပေးချင်တာကတော့ ညီမ ဒီကလေးကို သတ္တိရှိရှိနဲ့ မွေးပါ။”
“အဲဒါဆိုရင် ကလေးသူ့အလိုလို ပျက်ကျအောင် ဆေးပူတွေ သောက်လိုက်ရမလား ဒေါက်တာ။ ဟို… မြန်မာဆေးတွေလေ သွေးပုပ်ချဆေးတွေသောက်လိုက်ရင် ကလေးပျက်ကျလားဟင်”
“ဒီဆေးတွေသောက်ရင် ကလေးပျက်ကျမယ်လို့ ဘယ်သူပြောလဲ။ ကလေးပျက်မကျပဲ မွေးလာတဲ့အချိန်ကျမှ ကိုယ်အင်္ဂါ မပြည့်မစုံနဲ့မွေးလာရင် ဘယ်လိုလုပ်မလဲ။ ဒါမျိုးတွေ လျှောက်မလုပ်ပါနဲ့”
“ညီမမှာ အမေရှိလား”
“ရှိပါတယ်။”
“ ရှိတယ်ဆိုရင် အိမ်ကိုပြန်ပါ။ အမေကိုပွင့်ပွင့်လင်းလင်းရှင်းပြပြီး တိုင်ပင်ဆွေးနွေးပါ။ အကောင်းဆုံးအကြံဉာဏ်တစ်ခုကို အမေက ပေးနိုင်ပါလိမ့်မယ်။”
“ ဟုတ်ကဲ့ပါ ဒေါက်တာ. ကျေးဇူးတင်ပါတယ်”
ထွက်သွားသော ညီမငယ်အားကြည့်၍ ကျွန်မရင်မောမိတယ်။ အိမ်မှာ အမေကိုရော ပြန်တိုင်ပင်ပမလား။ တခြားသူဆီများသွားပြီး ကလေးဖျက်ချနေမလား။ ကျွန်မ ပြောစကားတွေကိုရော နားဝင်ရဲ့လား။ ဒီတစ်ညတော့ အတွေးများနဲ့နစ်မျောနေသော ကျွန်မ အိပ်ပျော်နိုင်ပမလား။။။