မွေးကင်းစ ကလေးတွေမှာ ချက်တိုင်ကတစ်ဆင့် ရောဂါပိုးမဝင်စေဖို့ ‘ချက်’ကို သန့်ရှင်းခြောက်သွေ့အောင် ထားရမယ်။ ချက်ထဲကို အရက်ပျံ အပါအဝင် ဘာဆေးမှ ပုံမှန်ထည့်ပေးဖို့မလိုပါဘူး။ ဘောင်းဘီဝတ်ခြင်း၊ ခါးတောင်းချိုင့်ပေးခြင်းပြုလုပ်ရင် ချက်တိုင်ရဲ့ အောက်မှ စည်းပေး၊ ပတ်ပေးသင့်ပါတယ်။ ချက်တိုင်ကို ပေကျံသွားခြင်းဖြစ်ရင်၊ ရေနဲ့ ဆပ်ပြာနဲ့ သန့်စင်ပေးပြီး သန့်ရှင်းတဲ့ အဝတ်နဲ့ခြောက်သွေ့အောင် သုတ်ပေးသင့်ပါတယ်။
ကလေးကို စောင့်ရှောက်ရာမှာ ကလေးကို ပတ်လက်(သို့) ဘေးစောင်း သိပ်ပေးရမယ်။ ကလေးအိပ်နေစဉ် နေ့-ည ခြင်ထောင်ထောင်ပြီး သိပ်သင့်တယ်။ ကလေးပတ်ဝန်းကျင်မှာ မီးခိုးများ၊ ဆေးလိပ်၊ စီးကရက်မီးခိုးများ ကလေးမရှူမိစေဖို့ ဂရုပြုရမယ်။ နေမကောင်းဖြစ်နေတဲ့သူတွေနဲ့ မထိတွေ့စေသင့်ပါဘူး။
ကလေးရဲ့မစင်ကို စနစ်တကျစွန့်ပစ်ဖို့နဲ့ အစားအသောက်မပြင်ဆင်မီ ကလေးအစာမကျွေးမီ၊ အိမ်သာတက်ပြီး တိုင်း လက်ကိုဆပ်ပြာ၊ ရေတို့နဲ့ စက္ကန့် (၂ဝ)ကျော်ကြာ ဆေးကြောသင့်ပါတယ်။ ကလေးငယ်တွေ အသက်အရွယ်အလိုက် ကလေးကာကွယ်ဆေး အကြိမ်ပြည့်အောင် ထိုးပေးသင့်ပါတယ်။
အသက်(၂)လ၊ (၄)လနှင့် (၆)လအရွယ်မှာ ရောဂါပိုး ငါးမျိုးကာကွယ်ဆေး ပင်တာဗဲလိတ် (Penta valent) ဖြစ်တဲ့ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် ရောဂါဘီ၊ ဦးနှောက် မြှေးရောင် ကာကွယ်ဆေးနှင့် ပိုလီယိုကာကွယ်ဆေး အစက်(၂)စက်ချ ပေးရမယ်။ ကလေးအသက်(၂)လမှာ အဆုတ်တီဘီ ကာကွယ်ဆေး ဘီစီဂျီ ထိုးနှံပေးရမယ်။ ကလေးအသက်(၉)လနှင့် တစ်နှစ်ခွဲအရွယ်မှာ ဝက်သက် ကာကွယ်ဆေး ထိုးနှံပေးရမယ်။ ဒေသအရ လိုအပ်တဲ့အချိန်မှာ ညွှန်ကြားတဲ့ ကာကွယ်ဆေး ထိုးနှံရမယ်။
ဉာဏ်ရည်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်တဲ့ကလေး ဖြစ်လာစေရေးအတွက် ချစ်ခင်ကြင်နာစွာ ပြုစုဆက်ဆံရမယ်။ ကလေးနဲ့စကားပြောခြင်း၊ ကလေးအတွက် ကာယဥာဏ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ လှုံ့ဆော်ပေးနိုင်တဲ့ ပတ်ဝန်းကျင်၊ မူကြိုကျောင်းပို့ သင့်ပို့ပေးရမယ်။ ကလေးနေမကောင်းစဉ်မှာ ကျွေးနေကျအစာ၊ ဖြည့်စွက်စာကျွေးဖို့၊ မိခင်နို့တိုက်ပါက ဆက်လက်တိုက်ကျွေးဖို့ အရည်ပိုတိုက်ပေးဖို့လိုတယ်။
ကလေးငယ် သာမန်နေမကောင်းဖြစ်ရင် အိမ်မှာသင့်တော်တဲ့ ပြုစုကုသပေးရမယ်။ မိခင်နို့ တိုက်ကျွေးရမယ်။ ဝမ်းလျှောတဲ့ကလေးကို ဓာတ်ဆားရည် တိုက်ရမယ်။ လေကောင်းလေသန့်ရတဲ့နေရာမှာ ထားသင့်တယ်။ အလွန်ထူတဲ့စောင် မဝတ်သင့်ဘူး။ ရာသီဥတုအရ သင့်တော်တဲ့ အဝတ်ကို ဝတ်ရမယ်။ အန္တရာယ်လက္ခဏာ တစ်ခုခုတွေ့ရှိရင် ကျန်းမာရေးဝန်ထမ်းထံ ကုသမှု ခံယူသင့်တယ်။ ကျန်းမာရေးဌာနကို ပြသင့်တဲ့ လက္ခဏာတွေက နို့ကောင်းစွာ မစို့နိုင်ခြင်း၊ မှိန်းခြင်း၊ နှိုးရခက် ခြင်း၊ တက်ခြင်း၊ အသက်ရှူမြန်ခြင်း၊ နှေးခြင်း၊ လည်ချောင်းတစ်စို့သံကြားခြင်း၊ ပြင်းထန်တဲ့ရင်ဘတ်ချိုင့်ဝင်ခြင်း၊ မျက်စိရောင်ပြီး ပြည်ထွက်ခြင်း၊ ဖျားခြင်း၊ နွေးအောင်ပြုပေးပေမယ့် ပြန်နွေးမလာပဲ ဆက်လက်အေးနေခြင်း၊ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ခြင်း၊ ဖြူဖျော့ခြင်း၊ အန်ခြင်း၊ ဗိုက်ဖောင်းခြင်း၊ ချက်ငုတ်တိုင်(သို့) ဖြတ်ထားသည့်နေရာမှ သွေးယိုစိမ့်ခြင်း၊ ချက်မှပြည်ထွက်ခြင်း။ ချက်ပတ်လည် အရေပြားနီရဲခြင်း၊ ခြေလက်ကောင်းစွာ မလှုပ်နိုင်ခြင်း၊ အသားဝါခြင်း၊ ပထမရက်မှ မျက်နှာမြင်ပြီး (၂၄) နာရီကျော်အတွင်း ခြေဖဝါးလက်ဖဝါး တစ်ကိုယ်လုံးဝါလာခြင်း၊ နို့ကောင်းစွာမစို့နိုင်ခြင်း၊ မှိန်းခြင်း၊ နှိုးရခက်ခြင်း၊ အသက်နှစ်ပတ်သားမှာ သိသာစွာ ဝါလာခြင်းတို့ကို ဆေးရုံပြသရမယ်။
‘ချက်’ သန့်ရှင်းရေးအတွက်ချက်ကြွေမှ ရေချိုးသင့်တယ်။ ရေချိုးခန်းကနွေးနေပြီး လေအေးမဝင်စေသင့်ပါ။ ရေနွေးနွေးနဲ့ ရေချိုးသင့်တယ်။ ရေချိုးပြီး ခန္ဓာကိုယ်သေချာစွာသုတ်ပြီး နွေးနွေးထွေးထွေးထားသင့်တယ်။ ရာသီဥတုအေး လာရင် ရေမချိုးပေးသင့်ပါဘူး၊ ရေပတ်သုတ်ပေးနိုင်ပါတယ်။
Author: ဒေါက်တာလွင်သန့်, Healthcare Journal, vol 8,no 33 (1.9.17)