တစ်ခါတစ်ရံ အသေးအမွှား ပြဿနာများသည် ကြီးမားသောဝေဒနာ ခံစားစေတတ်သည်။ ပိုးစား ထားသော သွားပေါက်၌ စားကြွင်းစားကျန်ဝင်၍ သွားကိုက်ခြင်းသည် အစားပျက်၊ အသောက်ပျက်၊ အအိပ်ပျက် ဖြစ်တတ်သည်။ မခံနိုင်သည့်အဆုံး သွားဘက်ဆိုင်ရာ ဆရာဝန်ထံ အရေးပေါ် ပြေးရတတ်သည်။
အမျိုးသမီးများတွင် Vaginal Dryness ခေါ် သားမွေးလမ်းကြောင်းခြောက်သွေ့မှုကြောင့် ယားယံမှုဖြစ် ကာ၊ နေမထိထိုင်မသာဖြင့် စိတ်အနှောင့်အယှက် ကြုံရသည်။ ထိုထက်ပိုဆိုးသည်မှာ ဆက်ဆံမှုပြဿနာ ကြုံရ ခြင်းဖြစ်သည်။ ဆက်ဆံရာတွင် နာကျင်မှုခံစားရတတ်သည်။ စိတ်ဆန္ဒလည်းလျော့ပါးသွားတော့သည်။ သားမွေးလမ်းကြောင်းခြောက်သွေ့မှုမှာအရွယ်မရွေးဖြစ်နိုင်သော်လည်းမီးယပ်သွေးဆုံးပြီးအမျိုးသမီးများတွင် ပိုမိုဖြစ်ပွားလေ့ရှိသည်။ ဤပြဿနာကို ဖြေရှင်းရာတွင် လူနာကိုယ်တိုင် မိမိကိုယ်မိမိဂရုစိုက်တတ်ဖို့ အရေးကြီး သည်။ ဆေးပညာရှင်များက ဆေးဝါးများညွှန်ကြားပေးကာကူညီမှုပြုနိုင်သည်။
သားမွေးလမ်းကြောင်းခြောက်သွေ့သဖြင့် ယားယံခြင်း၊ ပူစပ်ပူလောင်ခံစားရခြင်း၊ တင်းကျပ်သလို ခံစားရခြင်း၊ လိင်ဆက်ဆံစဉ် နာကျင်ခြင်း၊ လိင်ဆက်ဆံရာတွင် သွေးထွက်တတ်ခြင်း၊ ဆီးအကြိမ်ကြိမ် သွားခြင်း နှင့် ဆီးမထိန်းနိုင်ခြင်းတို့ ဖြစ်ပေါ်ခံစားရလေ့ရှိပါသည်။
သားမွေးလမ်းကြောင်းခြောက်သွေ့ခြင်းမှာအဓိကအားဖြင့် ဟော်မုန်းအီစထရိုဂျင် (Oestrogen) လျော့ နည်းခြင်းကြောင့် ဖြစ်သည်။ အီစထရိုဂျင်သည် သားမွေးလမ်းကြောင်းအားစွတ်စိုစေခြင်း၊ ကျုံ့ဆန့်နိုင်ခြင်း အားကောင်းစေခြင်းနှင့် အက်စစ်ဓာတ် တည်မြဲစေခြင်းတို့ စွမ်းဆောင်ပေးနိုင်သည်။ အီစထရိုဂျင်နည်းခြင်းမျာ (က) မီးယပ်သွေးဆုံးခြင်း၊ (ခ) ကိုယ်ဝန်ဆောင်မွေးဖွားခြင်း၊ (ဂ) ကလေးနို့တိုက်ခြင်း၊ (ဃ)မမျိုးဥအိမ် ဖြတ်ထုတ်ထားခြင်း၊ (င) မမျိုးဥအိမ် ကင်ဆာရောဂါ ကုသထားခြင်း၊ (စ) ခန္ဓာကိုယ် ခုခံစွမ်းအားစနစ် ယိုယွင်းခြင်းနှင့် (ဆ) ဆေးလိပ်သောက်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။
သားမွေးလမ်းကြောင်းခြောက်သွေ့ခြင်းမှာ ဆေးဝါးတချို့ကြောင့်လည်း ဖြစ်တတ်ပါသည်။ (ဥပမာ-စိတ်ကျဝေဒနာကုဆေးဝါးများ) ခုခံစွမ်းအားစနစ် ယိုယွင်းမှုဆိုင်ရာရောဂါ (Sjogren’s Syndrome) နှင့် သားမွေးလမ်းကြောင်းအတွင်း အရည်ထည့်သွင်းဆေးကြောခြင်းတို့ကြောင့်လည်း ခြောက်သွေ့မှု ဖြစ်စေတတ် သည်။
သားမွေးလမ်းကြောင်းခြောက်သွေ့မှုကိုကုသရာတွင် အဓိကဇာစ်မြစ်ဖြစ်သော အီစထရိုဂျင် လျော့နည်း မှုကို ဖြည့်ပေးသည့်နည်းကို အသုံးပြုနိုင်သည်။ သားမွေးလမ်းကြောင်းအတွင်း တိုက်ရိုက်ထည့်နိုင်သော အီစထရိုဂျင်ခရင်မ် (Vaginal Oestrogen Cream) ၊ အီစထရိုဂျင်ကွင်း (Vaginal Oestrogen Ring) ၊ အီစထရိုဂျင်အခဲ ((Vaginal Oestrogen Tablet) တို့ကို အသုံးပြုနိုင်ပါသည်။
ချောဆီ (Lubricants) နှင့် စိုထိုင်းစေသောပစ္စည်း (Moisturizers) များကိုလည်း သားမွေးလမ်း ကြောင်း ခြောက်သွေ့မှုသက်သာစေရန် အသုံးပြုလေ့ရှိကြသည်။
Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)