ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်စနစ်က အင်မတန်မှ အံ့သြစရာ ကောင်းပါတယ်။ လူက နားသွားပေမယ့် အချိန်တိုင်း လည်ပတ်ပြီး အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ ခန္ဓာကိုယ်ကို အဆိပ်အတောက်တွေ ဆိုးကျိုးဖြစ်စေမယ့် အရာတွေကို စနစ်တကျနဲ့ စွန့်ထုတ်ပေးနေတဲ့ အင်္ဂါအစိတ်အပိုင်းတွေ ရှိတယ်။ ဒီလို အစိတ်အပိုင်းတွေထဲမှာ ကျောက်ကပ်ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒီတော့ ကျောက်ကပ်မကောင်းတဲ့အခါမှာ လူကို အန္တရာယ်ဖြစ်စေတယ်ဆိုတာ အမှန်ပဲ ဖြစ်ပါတယ်။ ကျောက်ကပ် မကောင်းစေတဲ့ အချက်တွေထဲမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကလည်း တစ်ခုအပါအဝင် ဖြစ်လို့နေပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ဘာတွေဖြစ်နိုင်လဲ။ ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါမှာ ကျောက်ကပ်ကို ရောင်ရမ်းစေပါတယ်။ ကျောက်ကပ်လုပ်ဆောင်မှုတွေကို လျော့နည်းစေရုံမက ပြင်းထန်တဲ့အခါမှာ ကျောက်ကပ်လုံးဝအလုပ်မလုပ်တော့တာတွေ ထိဖြစ်တတ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာကလည်း အရမ်းကို အဖြစ်များတဲ့ ရောဂါတစ်ခုပါ။ အရွယ်ရောက်ပြီး အမျိုးသမီး ၅ ဦးမှာ ၁ ဦးဟာ ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာကို ခံစားနေရပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာတွေကတော့ ဆီးပူဆီးကျဉ်ခြင်း ၊ မကြာခဏ ဆီးသွားခြင်း ၊ ဆီးအနည်းငယ်သာ သွားပေမယ့် ဆီးစပ်တွေ နာကျင်ခြင်း ၊ မျိုးဆက်ပွား အင်္ဂါတွေ နာကျင်ခြင်း ၊ ဆီးမထိန်းနိုင်ခြင်း တွေ ခံစားရနိုင်ပါတယ်။ ဆီးထဲမှာ သွေးပါတာတွေထိတောင် ဖြစ်တတ်ပါတယ်။ ခါးနာတာတွေ ၊ နံရိုးအောက်ပိုင်းမှာ နာကျင်မှုတွေ ခံစားရနိုင်ပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်တိုင်း ကျောက်ကပ်ပျက်စီးတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မှန်ကန်တဲ့ ကုသမှု ခံယူပြီးတာတောင် မပျောက်တာမျိုး ၊ မကြာခဏ ပြန်ပြန် ဖြစ်နေတာမျိုးဆိုရင်တော့ နာတာရှည် ဆီးလမ်းကြောင်းပိုးဝင်တာမျိုးတွေ ဖြစ်နိုင်လို့ပါ။ ဒီလိုတွေ ဖြစ်လာရင် ဂရုတစိုက် ကုသမှု ခံယူသင့်နေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်ကပ်ပျက်စီးသွားတာမျိုးတွေ ဖြစ်နိုင်လို့ပါ။
နာတာရှည် ဆီးလမ်းကြောင်းပိုးဝင်တာတွေက ဘယ်လိုလူတွေမှာ ပိုဖြစ်နိုင်လဲဆိုရင်
၁. အမျိုးသမီးတွေ
အမျိုးသမီးတွေဟာ ကိုယ်ခန္ဓာ တည်ဆောက်ပုံအရ ဆီးပြွန်နဲ့ အညစ်အကြေး မစင်တွေ စွန့်တဲ့ စအိုဟာ နီးကပ်လျှက် ရှိပါတယ်။ ဒီတော့ စအိုမှာ ရှိတဲ့ မကောင်းတဲ့ ပိုးတွေဟာ သန့်ရှင်းရေးလုပ်ရာကတဆင့် ဆီးပြွန်ထဲကို ရောက်ရှိသွားနိုင်ပါတယ်။ နောက်ပြီး အမျိုးသမီးတွေရဲ့ ဆီးပြွန်ဟာ အမျိုးသားတွေထက် ပိုတိုပါတယ်။ ဒါကြောင့် ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါ ပိုးတွေဟာ အပေါ်ကို တက်ပြီး ကျောက်ကပ်ပါ ပိုးဝင်တာ ၊ ကျောက်ကပ်ရောင်ရမ်းတာတွေ ဖြစ်နိုင်ပါတယ်။
၂. အမျိုးသားတွေ
အမျိုးသားတွေဟာ ပုံမှန်အားဖြင့်တော့ အမျိုးသမီးတွေလောက် အဖြစ်မများပါဘူး။ ဒါပေမယ့် ဆီးကျိတ်ကြီးတဲ့ ရောဂါ ရှိရင်တော့ ဆီးပြွန်ကို ဆီးကျိတ်က ညှစ်ထားသလိုမျိုးတွေ ရှိတဲ့အတွက် ဆီးကုန်အောင် မသွားနိုင်ပဲ ဆီးကျန်တတ်ပါတယ်။ ဒီအခါမှာ ဆီးလမ်းကြောင်း ခဏခဏပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။
၃.ထိခိုက်ဒဏ်ရာရခြင်း
ဆီးအိမ်ကို သွားတဲ့ အာရုံကြောတွေ ဒါမှမဟုတ် အာရုံကြောမကြီးတွေ ထိခိုက်ဒဏ်ရာ ရတဲ့အခါမှာ ဆီးအိမ်မှာ ရှိတဲ့ ကြွက်သားတွေဟာ ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် ဆီးကျန်တာတွေဖြစ်ပြီး မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။
၄. နေထိုင်မှုပုံစံ
တချို့အမျိုးသမီးတွေဟာ မိန်းမကိုယ်အတွင်းပိုင်းထိကို မကြာခဏ ဆေးကြောတာမျိုးတွေ လုပ်တတ်ပါတယ်။ ဒါလည်း မလုပ်သင့်ပါဘူး။ မိန်းမကိုယ်မှာ ရှိတဲ့ပိုးတချို့က ခန္ဓာကိုယ်ကို အကျိုးပြုနေတာပါ။ မကြာခဏ ဆေးကြောခြင်းဖြင့် ဒီလိုအကျိုးပြုတဲ့ ပိုးတွေပါသေပြီး ပိုးဝင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
၅။ ဆေးဝါးများ
သားဆက်ခြားနည်းလမ်း တစ်မျိုးဖြစ်တဲ့ သုက်ကောင်ကို သတ်တဲ့ဆေးတွေကို အသုံးပြုတဲ့ မိန်းကလေးတွေမှာလည်း မကြာခဏ ဆီးလမ်းကြောင်းပိုးဝင်ခြင်းတွေဖြစ်တတ်ပါတယ်။ နောက်တစ်ခုက ပိုးသတ်ဆေးတွေပါ။
ဒီလို မကြာခဏ ဆီးလမ်းကြောင်းပိုးဝင်တယ်၊ ဒါမှမဟုတ် ကုသမှု ခံယူရက်နဲ့ မပျောက်လို့ ကျောက်ကပ်ပါ ရောင်ရမ်းလာတယ်ဆိုရင် ပျို့တာ အန်တာတွေ ၊ ချမ်းတုန်ဖျားတာတွေ၊ ဗိုက်နာတာတွေ၊ ပင်ပန်းနွမ်းနယ် တာတွေထိ ခံစားရနိုင်ပါတယ်။ ဆိုးဝါးပြင်းထန်ပါက သွေးဆိပ်တက်တာမျိုးတွေထိပါ ဖြစ်နိုင်ပြီး ကယောင်ကတမ်းဖြစ်တာတွေ ၊ သတိလစ်တာတွေထိပါ ခံစားရနိုင်ပြီး အသက်ကို ခြိမ်းခြောက်နိုင်ပါတယ်။
ဘယ်လိုတွေ ကာကွယ်နိုင်မလဲ
ရေများများသောက်ပေးပါ
မကြာခဏ ဆီးသွားပေးပါ
ဆီးသွားချင်ရင် အောင့်မထားပါနဲ့
လိင်ဆက်ဆံမှုပြုပြီးရင် ဆီးသွားပေးသင့်ပါတယ်
အောက်ခံဘောင်းဘီကို အရမ်းတင်းကြပ်တာမျိုးတွေ မဝတ်သင့်ပါ
သက်တောင့်သက်သာရှိသော ချည်သားဘောင်းဘီကိုသား ရွေးချယ်ဝတ်ဆင်ပါ
ရေချိုးကန်တွင် ရေစိမ်ချိုးတာမျိုးတွေ နေ့တိုင်းမလုပ်ပါနဲ့
အရက်တွေ ၊ ကော်ဖီတွေကို အလွန်အကျွံ မသောက်သုံးပါနဲ့
Author : Dr. မေ