မေးခွန်း(၁) – ဆီးချို ဝေဒနာရှင်တွေ အတွက် အသင့်တော်ဆုံး ဆန် ဘာဖြစ်မလဲ။
- ပေါ်ဆန်းမွှေး
- ဆန်လုံးညို
- ဘာစမာတီ
- ရေငှဲ့ချက်တဲ့ ထမင်း
အဖြေ – အသင့်တော်ဆုံး ကတော့ ဆန်လုံးညို နှင့် ရေငှဲ့ချက်တဲ့ ထမင်းပါ။
ထမင်း 100 gm မှာ ပါတဲ့ သကြားပမာဏ (Glycemic Load) တွေ ကတော့
ပေါ်ဆန်းမွှေး – 43 gm
ဘာစမာတီ – 28 gm
ရေငှဲ့ချက်တဲ့ ထမင်း – 18 gm
ဆန်လုံးညို – 16 gm
အခုလိုကြည့်ရင်တော့ ဆန်လုံးညို က အကောင်း ဆုံးဖြစ်ပေမယ့် ရေငှဲ့ထမင်း နဲ့ သိပ်မကွာလှပါ။
အကြောင်းအရင်း ကတော့ ရေငှဲ့ ထမင်းမှာ Carbohydrate တော်တော် လျော့သွားပြီး Glycemic Index (သကြားရည်ညွှန်းကိန်း) နဲ့ Glycemic Load (သကြားပမာဏ) တော်တော်လေးလျော့ကျသွားတဲ့ အတွက်ကြောင့်ပါ။
ဆန်လုံးညို စားလို့ ကောင်းတဲ့ အချက်တွေ လည်းရှိပါတယ်။ Fiber အမျှင်ဓါတ်များလို့ cholesterol ကိုလက်စထရော ကျစေပါတယ်။ နည်းနည်းစားတာနဲ့ တင်းတိမ်သွားတတ်ပါတယ်။ အဆာခံပါတယ်။ ဆန်လုံးညို စားဖို့အတွက် အဆင်မပြေတာလေးတွေလည်းရှိနေတတ်ပါတယ်။
ဆန်လုံးညို က ပုံမှန်ဆန်တွေ ထက်တော့ ဈေးကြီးနေတတ်ပါတယ်။ လူနာတစ်ယောက်စာ အတွက် တကူးတက ချက်ပေးနေလို့ လူနာတွေဆီ က အဆင်မပြေဘူး ဆိုပြီး ကြားကြားနေရပါတယ်။
နောက်ပြီး လူနာတော်တော် များများ က လည်း ဆန်လုံးညို ထက် ထမင်းဖြူ ပဲ ပိုစားချင်ပါတယ်။
ဒါကြောင့် ဆန်လုံးညို စားဖို့ အဆင်မပြေဖြစ်နေတဲ့သူတွေ အတွက်ကတော့ ထမင်းရေငှဲ့ချက်စားတာလည်း သိပ်မကွာပါဘူး။ ဒါပေမယ့် ထမင်းဖြူ ရေငှဲ့စားရင်တော့ ဆန်လုံးညိုလောက် မြန်မြန်မတင်းတိမ် နိုင်ပဲ အများကြီးစားမိမှာ ကို သတိပြုရပါမယိ။
သို့သော် မည်သည့် ထမင်း အမျိုးအစားကို မဆို အများကြီး အလွန်အကျွံ စားမိရင်တော့ Glycemic Load (သကြားပမာဏ) သွေးထဲ မှာ အရမ်းတက်သွား သည့်အတွက် နည်းနည်း နှင့် ခဏခဏ စားပေးခြင်းဟာ ဆီးချို ဝေဒနာရှင်များအတွက် အကောင်းဆုံးသော ဆီးချို ထိန်းနည်းတစ်ခုပါ။