မြီးကောင်ပေါက်အရွယ်သည် အသက် (၁၃) နှစ် (၁၈) နှစ်အကြာဖြစ်ပါသည်။ ထိုအရွယ်တွင် မိဘ၊ ညီအစ်ကို၊ မောင်နှမများနှင့် ပဋိပက္ခ အဖြစ်အများဆုံးအချိန် ဖြစ်ပါသည်။ မိဘ၏ အထောက်အပံ့ကိုယူနေရဆဲ ခက်ခဲသော ကာလအပိုင်းအခြားလည်းဖြစ်ပါသည်။ ထို့အပြင် အတွင်းစိတ်ပဋိပက္ခများနှင့်လည်း ရုန်းကန်နေရသော အရွယ်ဖြစ်ပါသည်။ ထို့ကြောင့် မြီးကောင်ပေါက်စအရွယ်တို့ သဘာဝကို သိရှိပြီး နားလည်ပေးရပါမည်။
သွင်ပြင်လက္ခဏာ
ဆယ်ကျော်သက် (မြီးကောင်ပေါက်) များသည် မကြာမီ လူကြီးဘဝသို့ရောက်ရှိလာမည့်သူများ ဖြစ်ပါသည်။ ၎င်းတို့၏ သွင်ပြင်လက္ခဏာများ သိစေချင်ပါသည်။ မြီးကောင်ပေါက်များသည် မိမိတို့၏ ကိုယ်ခန္ဓာကို တသသကြည့်ပြီး ဂရုစိုက်မှုလွန်ကဲတတ်ပါသည်။ ဆံပင်ပုံစံ၊ အသားအရေ၊ ကိုယ်အလေးချိန်နှင့် ခန္ဓာကိုယ်အချိုးအစားကို အလေးပေးပြီး ပြုပြင်ကြပါသည်။ ဝက်ခြံပေါက်ခြင်း၊ ပွေး၊ ယားနာများပေါက်ခြင်းကို စိုးရိမ်ကြပါသည်။
မြီးကောင်ပေါက်များသည် မိမိကိုယ်ကို ယုံကြည်မှုအားနည်းတတ်ပါသည်။ ဆန့်ကျင်ဘက်လိင်ကိစ္စများနှင့် ပတ်သက်၍ စိတ်ပျက်တတ်ကြပါသည်။ အပြစ်သဖွယ် မြင်တတ်ကြပါသည်။
မြီးကောင်ပေါက်များတွင်ရှိသော ဆန့်ကျင်လိုစိတ်
မြီးကောင်ပေါက်များသည် မိဘ၊ ဆရာ၊ ညီအစ်ကိုမောင်နှမများနှင့် သက်တူ၊ ရွယ်တူများအပေါ်တွင် အဆိုးမြင်ဝါဒဖြင့် ကြည့်တတ်ပါသည်။ စိတ်သဘောထားမတိုက်ဆိုင်မှုများ အငြင်းပွားမှုများ ဖြစ်ပေါ်တတ်ပါသည်။ ထို့အပြင် မြီးကောင်ပေါက်များသည် မိဘ၊ ဆရာများအပေါ်ဝေဖန်ခြင်းနှင့် ပြန်လှန်မေးခွန်းထုတ်ခြင်းများ ပြုလုပ်ကြပါသည်။ သူငယ်ချင်းအပေါင်းအသင်း၊ မိတ်ဆွေများနှင့်လည်း မကြာခဏအချင်းများပြီး ပြဿနာတက်တတ်ပါသည်။
မြီးကောင်ပေါက်များသည် ချစ်သူရည်းစားထားလာကြပါသည်။ ဆံပင်ဆေးဆိုးခြင်း၊ နားဖောက်၍ နားကပ်ပန်ခြင်း၊ နှုတ်ခမ်းအား အလှဆင်ခြင်း၊ စသည့် ထူးခြားသောအပြုအမူများလည်း ပြုလုပ်တတ်ပါသည်။ အရက်သေစာ စတင်သုံးစွဲခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် ကော်ရှူခြင်းများ ပြုလုပ်လာကြပါသည်။
မြီးကောင်ပေါက်များတွင် ထိန်းသိမ်းရန်ခက်ခဲသောအပြုအမူများ ဖြစ်ပေါ်ခြင်း
မြီးကောင်ပေါက်အရွယ်ကလေးများသည် အစားအသောက်များကို လွန်ကဲစွာစားသုံးခြင်း (သို့မဟုတ်) ဂဂျီဂချောင်ပြုလုပ်၍ အနည်းငယ်ပဲ စားသုံးခြင်းများ ပြုလုပ်တတ်ပါသည်။ စိတ်ဓာတ်ကျဆင်းခြင်းများ ခံစားရတတ်ပါသည်။ ကျောင်းသွားရန် ငြင်းဆန်ခြင်းများ ပြုလုပ်ကြပါသည်။ လိင်မှုကိစ္စများတွင် ပါဝင်ပတ်သက်လာပါသည်။ ခိုးဝှက်၊ လုယက်ခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းများ ပြုလုပ်၍ ထိန်းသိမ်းရန် ခက်ခဲလာပါသည်။
မြီးကောင်ပေါက်များ၏ အဓိကလိုအပ်ချက်ကိုဖြည့်ဆည်းပေးခြင်း
မြီးကောင်ပေါက်များကို မိမိကိုယ်ကို မိမိယုံကြည်မှုရှိအောင် ပျိုးထောင်ပေးရပါမည်။ သီးသန့်ခန်း၊ သီးသန့်ကုတင်တွင် ပြောင်းရွေ့နေထိုင်နိူင်အောင် ပြုလုပ်ပေးရပါမည်။ လိင်မှုကိစ္စဆိုင်ရာ ဗဟုသုတများကို သင်ကြားပြသပေးရပါမည်။ တိုင်ပင်ဖော်၊ တိုင်ပင်ဖက်ရှိပါက အားပေးရပါမည်။
အားကိုးအားထားစံနမူနာ ယူရမည့်သူတစ်ဦးဖြစ်အောင် ပြုစုပျိုးထောင်ပေးရပါမည်။ မြီးကောင်ပေါက်များ၏ လုံခြုံရေးကိုလည်း အထူးဂရုစိုက်ရပါမည်။
မြီးကောင်ပေါက်များ အားကိုင်တွယ်ခြင်း
မိဘ၊ အုပ်ထိန်းသူများအနေဖြင့် မြီးကောင်ပေါက်များ၏ သဘာဝကိုသိရှိထားရပါမည်။ ရင်းနှီးပွင့်လင်းသောဆက်ဆံရေးကို ပြုလုပ်ရပါမည်။ ညင်သာသော ဆုံးမသွန်သင်မှုကို ဆောင်ရွက်ရပါမည်။ လမ်းမှန်သို့ရောက်အောင် ရှေ့ဆောင်လမ်းပြပေးရပါမည်။ အရက်၊ ဆေးလိပ်နှင့် မူးယစ်ဆေးဝါးကိစ္စများနှင့် ပတ်သက်လာပါက တိကျပြတ်သားသော မူဝါဒကို လက်ကိုင်ထားရပါမည်။ ၎င်းတို့အပေါ် စိုးရိမ်ပူပန်မှုကို အလွန်အမင်းမထားသင့်ပါ။ ၎င်းတို့ကို လိုအပ်ချက်ကို ဖြည့်စည်းပေးရာတွင်လည်း အလွန်အကျွံမဖြစ်သင့်ပါ။ လိင်မှုကိစ္စ ဗဟုသုတများကို အခါအခွင့်သင့်လျှင် ပြောပေးရပါမည်။ ၎င်းတို့၏ ထင်မြင်ယူဆချက်ကို အရေးတယူနားထောင်လက်ခံပေးရပါမည်။ အလောင်းကစား မပြုလုပ်ခိုင်းရပါ။
အကြံပြုချက်
မြီးကောင်ပေါက်များအား ၎င်းတို့ဝါသနာပါရာကိစ္စများကို မိဘအုပ်ထိန်းသူများက အားပေးရပါမည်။ မြီးကောင်ပေါက်အရွယ်တွင် ဖြစ်တတ်သော သဘာဝကို သိရှိရပါမည်။ ဆန့်ကျင်လိုစိတ်ကို လျှော့ချပေးရပါမည်။
Author: ဒေါက်တာမင်းသူရိန်, Healthcare Journal vol 8, no 15