ကလေးငယ်များနဲ့ ကိုယ်ခံအား
လူအတော်များများဟာ မကြာခဏဆိုသလို ဖျားနာတာ၊ အအေးမိတာစသဖြင့် ဖြစ်တတ်ပါတယ်။ရာသီဥတု အကူးအပြောင်း ကာလတွေမှာဆို ပိုဖြစ်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေဟာ ပိုအဖြစ်များပါတယ်။
ကလေးငယ်တွေမှာ အဖြစ်များတာတွေကတော့ လည်ပင်းနာတာ၊ ချောင်းဆိုးတာ၊ ကိုယ်ပူတာ၊ နှာရည်ယိုတာ၊ ခေါင်းကိုက်တာ၊ ဝမ်းပျက်ဝမ်းလျှောတာ စတဲ့ ရောဂါတွေဖြစ်တတ်ပါတယ်။ ကလေးငယ်တွေဟာ ငယ်ရွယ်နုနယ်သေးတာကြောင့် လူကြီးတွေထက်စာရင် ရောဂါပိုးတွေဟာ ပိုပြီးလွယ်ကူစွာ ဝင်ရောက်နိုင်ပါတယ်။
အထူးသဖြင့် မူကြို စထားတဲ့အရွယ်မှာဆိုရင် မိမိအိမ်နဲ့မိခင်ရဲ့ ရင်အုပ်မကွာ စောင့်ရှောက်မှုကနေ ဝေးပြီး ပြင်ပပတ်ဝန်းကျင်နဲ့ ထိတွေ့ရတဲ့အခါမှာ ရောဂါပိုးတွေ ကူးစက်ခံရဖို့ အခွင့်အလမ်း ပိုများပါတယ်။
ကလေးငယ်တွေ ဖျားနာရခြင်းရဲ့ အဓိကအကြောင်း နှစ်ချက်ရှိပါတယ်။
(၁) လေထဲကနေ တဆင့် (ရောဂါပိုးရှိတဲ့သူ ချောင်းဆိုး၊ နှာချေရာမှတဆင့် ထွက်လာတဲ့ အငွေ့အမှုန်တွေကို ရှူမိရာမှတဆင့်) ကူးတဲ့ ဗိုင်းရပ်ပိုးတွေ၊ ဘက်တီးရီးယားပိုးတွေ ဝင်ရောက်ကူးစက်ခံရတာ
(၂) လက်ကမသန့်တာတွေကို ထိမိကိုင်မိထားပြီး လက်မဆေးဘဲ အစာစားတာ သို့မဟုတ် လက်ကိုပါးစပ်ထဲထည့်တာမှတဆင့် ရောဂါပိုးတွေဝင်ရောက်ကူးစက်ခံရတာ ဆိုတဲ့အချက်နှစ်ချက်ပါ။
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ရောဂါပိုးမွှားမျိုးစုံ အမြဲလိုလို ရှိနေပါသော်လည်း ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကနေ ကာကွယ်ပေးထားတဲ့အတွက် လွယ်လွယ်နဲ့ ခန္ဓာကိုယ်ထဲ မဝင်ရောက်နိုင်ပါဘူး။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခံအားကျသွားတဲ့အခါကျ ရောဂါပိုးကူးစက်ခံရပြီး ဖျားနာတာ၊ ရောဂါဖြစ်တာတွေ ဖြစ်ပါတယ်။
ကိုယ်ခံစွမ်းအားကို နည်းသွားစေနိုင်တဲ့အကြောင်းရင်းတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
(၁) ကာကွယ်ဆေးထိုးရန် သတ်မှတ်ထားချိန်တွင် မထိုးပေးခြင်း
ကလေးများအတွက် အသက်အရွယ်အလိုက် ကာကွယ်ဆေးအမျိုးမျိုးကို သတ်မှတ်ချိန်အတွင်း မိခင်မှ မိမိကလေးငယ်အား မထိုးပေးခဲ့မိလျှင် ၎င်းရောဂါများ ဖြစ်ရန် အခွင့်အလမ်းများရှိပါတယ်။
(၂) အိပ်ရေး၀၀မအိပ်ခြင်း
ကလေးငယ်တွေမှာ အနည်းဆုံးအိပ်ချိန် ၈ နာရီ ရှိသင့်ပါတယ်။ အိပ်ချိန်မပြည့်တာ များလာရင်လည်း ကိုယ်ခံအား နည်းလာတတ်ပါတယ်။
(၃) ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း
အခုနောက်ပိုင်း ကားတွေ၊ ဖုန်းတွေ ပေါလာတဲ့အခါမှာ ကလေးတွေဟာ ဘယ်သွားသွား ကားနဲ့အသွားများကာ အားတဲ့အချိန်မှာလည်း ဖုန်းနဲ့ဂိမ်းဆော့တာများပြီး ကိုယ်လက်လှုပ်ရှားမှု နည်းလာပါတယ်။ ဒီအခါမှာ နေရောင်ခြည်နဲ့ ထိတွေ့တာလည်း နည်းလာတဲ့အတွက် ဗီတာမင်ဒီဓာတ် လျော့နည်းလာပါတယ်။ ဗီတာမင်ဒီကို မနက်၈နာရီခွဲမတိုင်ခံ နေရောင်ခြည်မှ ရရှိနိုင်တာဖြစ်ပြီး ကိုယ်ခံအား ကောင်းဖို့အတွက် အရေးပါတဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။
(၄) အသား ငါး ဟင်းသီးဟင်းရွက် သစ်သီးဝလံ နို့နဲ့ နို့ထွက်ပစ္စည်းများကို စုံလင်မျှတအောင် မစားခြင်း သို့မဟုတ် အမေတွေကမကျွေးခြင်း
တချို့ကလေးတွေက ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေ မကြိုက်လို့ အမေတွေက အလိုလိုက်ပြီး မကျွေးတဲ့အခါ ဟင်းသီးဟင်းရွက် သစ်သီးတွေမှာပါတဲ့ ဗီတာမင်စီဓာတ်ကို မရနိုင်တဲ့အတွက် ကိုယ်ခံစွမ်းအားနည်းလာနိုင်ပါတယ်။
အသား၊ ငါး ကျွေးရခက်တဲ့ ကလေးတွေမှာလည်း ပရိုတင်းဓာတ်နဲ့ အိုမီဂါသရီး ဖက်တီးအက်စစ်ဓာတ် အလုံအလောက် မရတဲ့အတွက် ကိုယ်ခံအား နည်းလာနိုင်ပါတယ်။
ဒီလိုပဲ နို့နဲ့နို့ထွက်ပစ္စည်းတွေကို မစားတဲ့ကလေးတွေလည်း ရှိပါတယ်။ ဒီအခါမှာ နို့နဲ့နို့ထွက်ပစ္စည်းတွေမှာပါတဲ့ ဗီတာမင်တွေ၊ သတ္ထုဓာတ်တွေ လုံလောက်စွာမရတဲ့အခါ ကိုယ်ခံစွမ်းအား ကျတတ်ပါတယ်။ နို့နဲ့နို့ထွက် ပစ္စည်းတွေမှာ ကယ်လ်ဆီယံနဲ့ ဗီတာမင်ဒီ ပါပါတယ်။ ကယ်လ်ဆီယံနဲ့ ဗီတာမင်ဒီက ကိုယ်ခံအားအတွက်လည်း အရေးပါသလို အရိုးတွေ ဖွံ့ဖြိုးကြံခိုင်ဖို့အတွက်လည်း အရေးပါပါတယ်။ အသား ငါး ဟင်းသီးဟင်းရွက် သစ်သီးဝလံ နို့နဲ့ နို့ထွက်ပစ္စည်း ၄ မျိုးလုံး စုံလင်မျှတအောင် ကျွေးဖို့လိုပါတယ်။
(၅) လက် မဆေးခြင်း
အစားမစားခင်နဲ့ အိမ်သာတက်ပြီးတိုင်းမှာ လက်ဆေးဖို့ လိုပါတယ်။ မသန့်ရှင်းတဲ့အရာ (ဖုန်၊ မြေကြီး) တွေကို ကိုင်မိပြီးရင်လည်း လက်ဆေးဖို့ လိုပါတယ်။ လက်မဆေးဘဲ အစာစားတာ၊ ပါးစပ်ထဲ နှာခေါင်းထဲ နှိုက်တာတွေ လုပ်ပါက ရောဂါပိုးတွေ လွယ်ကူစွာ ဝင်ရောက်နိုင်ပါတယ်။
အဆုံးသတ်အနေနဲ့ကတော့ ကိုယ်ခံစွမ်းအားကောင်းအောင် အိပ်ရေး၀၀အိပ်ပါ။ လက်ကို မကြာမကြာဆေးပါ (အထူးသဖြင့် အိမ်သာတက်ပြီးတိုင်းနဲ့ အစားမစားခင်မှာ သေချာဆေးပါ)။ လက်ကို ပါးစပ်ထဲထည့်စုပ်တာ၊ လက်သည်းကို ပါးစပ်နဲ့ကိုက်တာတွေ ရှောင်ပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။ အသား၊ ငါး၊ ဟင်းသီးဟင်းရွက် မျှတအောင်စားပါ။ နို့နဲ့ နို့ထွက်ပစ္စည်းများကိုလည်း စားပါလို့ အကြံပြုရင်း နိဂုံးချူပ်လိုက်ရပါတယ်။
Author :Dr. 528