ကလေးများနဲ့ အိပ်ချိန်
ကလေးလေးတွေဟာ လူကြီးတွေနဲ့ မတူပါဘူး ညရောက်ပြီလို့ပြောပြီး အိပ်ချိန်ရောက်ပြီလို့ ပြောပြီး အိပ်ဆိုပြီးပြောလို့ မရပါဘူး ကလေးလေးတွေလို့ဆိုတာမှာ မွေးစကနေ အသက် သုံးနှစ်အရွယ်လောက်ထိကိုပြောတာပါ အရမ်းကိုသိပ်ရခက်တဲ့ အရွယ်လေးတွေပါ
မွေးစအရွယ်အများစုကတော့ အိပ်လိုက်နို့စို့လိုက် အီးပါသေးပေါက်လုပ်လိုက်နဲ့ သံသရာလည်နေတတ်ကြပါတယ် လူကြီးတွေအိပ်တဲ့အချိန်လိုမျိုးတော့ ဟုတ်ချင်မှဟုတ်မယ် ဒါပေမယ့် သူတို့အချိန်အပိုင်းအခြားနဲ့သူတို့ အိပ်နေတတ်ကြပါတယ်
မွေးစကလေးလေးတွေ နို့စို့ပြီးတိုင်းမှာ နို့ဝမဝသေချာဖို့ရယ် လေထုတ်ပေးဖို့ရယ် အရေးကြီးပါတယ် မဟုတ်ရင် ကလေးငယ်အများစု ဖြစ်နေတတ်ကြတဲ့ ညဘက်ဆိုရင် ကလေးလေးက မအိပ်ဘူး ကော့ကော့ပြီး ငိုနေတာပဲ ဆိုတာလေးတွေဖြစ်တတ်တယ် လေထိုးတာကြောင့်လည်းဖြစ်နိုင်ပါတယ် တစ်ခါတစ်လေတော့လည်း လူကြီးတွေမှာလို အိပ်မက်ဆိုးတွေမက်တာဖြစ်နိုင်တယ် ဖြစ်လာတဲ့ အခါတိုင်း ကလေးလေးတွေကို ခေါင်းသေချာထိန်းပြီး ကိုယ့်ပခုံးမှာ မှီချီပြီး လမ်းလျှောက်ပေးပါ ကလေးကျောလေးကိုလည်းအသာလေး ပွတ်ပေးပါ လေကြောင့်ဆိုလည်း လေတက်သွားနိုင်အောင်ပါ အိပ်မက်ကြောင့်ဆိုလည်း ကလေးကို ပြန်ချော့ပြီးသား ဖြစ်သွားပါလိမ့်မယ်
ကလေးလေးတွေမှာလည်း တစ်ဖြည်းဖြည်းတော့ အိပ်တဲ့ အချိန်ကို ညှိယူကြရမှာပါ ဆရာရေ ကလေးက နေ့နဲ့ ညနဲ့ မှားနေတယ် နေ့ပဲအိပ်ပြီး ညမအိပ်လို့ဆိုတာလေးတွေလည်းဖြစ်တတ်ကြတယ် ကလေးကူထိန်းပေးနေတဲ့သူတွေ ရှိနေရင်တော့ ကိစ္စမရှိပေမယ့် ကလေးအမေတစ်ယောက်တည်း နေ့ညထိန်းရမယ်ဆို ရေရှည်မလွယ်ပါဘူး
ကလေးငယ်လေးတွေလည်း အချိန်ကိုကြိုးစားပြီး ပြင်ဆင်ပေးပါ ကလေးကို ဖြစ်နိုင်ရင် ည ၇နာရီနောက်ပိုင်း ထပ်မသိပ်ပါနဲ့ နို့တိုက်တာ ချော့မြူတာနဲ့ အချိန်ကုန်ပါစေ အိပ်နေရင်းရှိလည်း ၇နာရီလောက်ဆို နှိုးပြီး နို့တိုက်ပါ ညဘက်ကို ၁၀ ၁၁ လောက်မှာ တစ်ခါပြန်သိပ်ပါ ဒါမှ ညလယ်ထလည်း တစ်ခါလောက်ပဲ ထမှာပါ ထပြီးနို့တိုက်ပြီးပြန်သိပ်ပါ
ကလေးလေးတွေက တစ်ဖြည်းဖြည်း ကြီးလာတာနဲ့အမျှ အိပ်ချိန်က အရင်လိုမများတော့ပါဘူး မွေးစမှာတော့ တစ်နေ့ကို ၁၈နာရီလောက် အိပ်နေတတ်ကြတယ် သုံးလလောက်မှာ ၁၅နာရီလောက်ပဲအိပ်တတ်တယ် ၆လကနေ တစ်နှစ် ကြားထဲတော့ ၁၃နာရီလောက်ပဲ အိပ်တတ်တယ် နှစ်နှစ်လောက်ထိကို တစ်နေ့ကို ၁၀ ၁၁ နာရီလောက်ပဲ အိပ်တတ်တယ် အတိအကျတော့မဟုတ်ပေမယ့် မှန်းခြေလေးတွေပါ
အသက် ၆လကနေ တစ်နှစ်ကြားမှာ တစ်နေ့ကို သုံးခါလောက်ပဲ အိပ်တတ်ကြတော့တယ် ညအိပ်တာအပါအဝင်ပါ မနက်စောစောတစ်ခါနိုးလာတယ် မနက် ၁၀လောက်ပြန်အိပ်တတ်ကြတယ် နေ့လည် ၁၂ နာရီ ဝန်းကျင်နိုးလာပြီး နေ့လည် ၃ နာရီ ၄နာရီလောက်မှာ ပြန်အိပ်တတ်ကြတယ် တစ်နေ့ကို နှစ်ကြိမ်အိပ်တတ်တဲ့ကလေးလေးတွေမှာ တစ်ခါအိပ်အလွန်ဆုံးနှစ်နာရီလောက်ပဲ ကောင်းပါတယ်
အသက်တစ်နှစ်ကျော်လာတဲ့ ကလေးတွေမှာတော့ နေ့ပိုင်းကို တစ်ခါပဲ အိပ်တတ်ကြတယ် ညကိုတောက်လျှောက်အိပ်လာတတ်ကြတယ် အကျင့်တော့လုပ်ပေးကြမှာပါ ကလေးငယ်တွေ မနက်နိုးလာတဲ့အချိန်ကိုကြည့်ပါ အစားကျွေးတာကစားတာတွေလုပ်ပြီး နေ့လည် ၁၂ ဆို တစ်ခါပြန်သိပ်ပါ အလွန်ဆုံး နေ့လည် တစ်နာရီ နောက်ဆုံးထားသိပ်ပါ တစ်နေ့တစ်ကြိမ်တည်းနေ့လည်အိပ်ပြီဆိုရင်တော့ သုံးနာရီလောက်ကြာကြာအိပ်လည်းအိပ်လို့ရပါတယ်
ကလေးတွေအိပ်တာကောင်းတယ်ဆိုပြီး နေ့လည်အကြာကြီးအိပ်ပါစေဆိုပြီး မထားပါနဲ့ ပြန်နိုးတဲ့အချိန် နောက်ကျတာနဲ့အမျှ ညပြန်အိပ်ဖို့နောက်ကျပါလိမ့်မယ် ညဘက်ကို အိပ်ချိန်နောက်ကျတယ်ဆို ကလေးတင်မကဘူး လူကြီးတွေပါ ကျန်းမာရေးအတွက်မကောင်းပါဘူး နုန်းနေတတ်တယ် စိတ်ရောကိုယ်ပါ ကောင်းကောင်းအနားမရပဲ ဖြစ်နေတတ်ပါတယ်
ဖြစ်နိုင်ရင် ညနေလေးနာရီနောက်ပိုင်း မအိပ်ပါစေနဲ့ ညဘက်ကို ၁၀နာရီလောက်မှာပြန်အိပ်ပြီး မနက်ထိတောက်လျှောက်ဆို ကလေးငယ်အတွက်ပိုကောင်းပါတယ် တစ်ချို့ကလေးအများစုကတော့ ညဘက်ကိုတစ်ခါလောက်တော့ နို့ထသောက်တတ်ကြပါသေးတယ် ညဘက်ကို အိပ်ရေးဝတဲ့သူဆိုရင် ပိုပြီး လေ့လာသင်ယူနိုင်စွမ်းကောင်းပါတယ်
ကလေးငယ်ငယ်လေးတွေကို အိပ်ချိန်ပြောင်းလို့ ရပါ့မလား ဆိုတာလေး တွေးစရာရှိပါတယ် မွေးစကတော့ချက်ချင်းပြောင်းမရပေမယ့် တစ်ချို့တွေ အသက်လေးလကနေခြောက်လထဲမှာ စပြီးအိပ်ချိန် ပြောင်းပေးလို့ရလာကြပါတယ် တစ်ရက်တည်းနဲ့တော့ ကိုယ်လိုချင်တဲ့ အိပ်ချိန်ကိုတန်းပြောင်းဖို့မလွယ်ပါဘူး တစ်နေ့ကို နာရီဝက် လေးဆယ့်ငါးမိနစ်လောက် အချိန် ရွှေ့ပြီး အိပ်ချိန်သတ်မှတ်ပေးလို့ရပါတယ်
ဒါမှလည်း ကလေးလည်းကလေးအလျှောက် လူကြီးလည်းလူကြီးအလျှောက် အိပ်ချိန်ဆိုတာ ဖြစ်လာပါလိမ့်မယ်
Author : Dr.CST