သားငယ် သမီးငယ်နှင့် ခရီးအတူတူ ထွက်ကြမယ်
ခရီးသွားရာသီမှာ ကလေးမေမေများ ကလေးခေါ်သွားလျှင် ဘာတွေဆောင်ရမလဲ ဘာတွေရှောင်ရမလဲ ခေါင်းခြောက်အောင် စဉ်းစားနေရတတ်ပါတယ်။ ခရီးလည်းထွက်ချင်၊ ကလေးလည်းသူများနဲ့မထားခဲ့ချင်၊ ခေါ်သွားပြန်လျှင်လည်း ကလေးကျန်းမာရေး စိတ်ပူနေရတဲ့မေမေတို့အတွက် ရေးသားလိုက်ပါတယ်။
ကလေးနဲ့ ခရီးထွက်မယ်ဆိုလိုက်သည်နှင့် အရမ်းအန္တရာယ်များတယ်၊ ဒါက မဖြစ်နိုင်ပါဟု တားဆီးကြသူများနှင့် တွေ့လျှင် ခရီးထွက်မည့်စိတ်ကူးများ ပျောက်သွားတတ်ပါတယ်။ ခရီးအမှန်တကယ် ထွက်ဖြစ်ခဲ့မည်ဆိုလျှင်လည်း မိမိနှင့်ကလေးငယ်အတွက် ပျော်ရွင်မှု တစ်ခုကို ရနိုင်ကောင်းရပါလိမ့်မယ်။ ကလေးငယ်များအတွက် သင့်လျော်သော ခရီးစဉ်နှင့် ရေတိုခရီးသာ မှန်ကန်စွာ ရွေးချယ်ဖို့တော့ လိုပါမယ်။ ကလေးငယ်လျှင်တော့ ကျန်းမာရေးအတွက် အရင်စစ်ဆေးသင့်ပါတယ်။
-ကလေးငယ်အတွက် လိုအပ်နိုင်သော ပစ္စည်းများ ကြိုတင်သယ်ဆောင်သွားရန် လိုအပ်ပါတယ်။ လမ်းခရီးတွင် ကလေးငယ်ရဲ့ အစာအစားများအတွက် ကြိုတင်စဉ်းစား စီစဉ်သင့်ပါတယ်။ ကလေးငယ် အိပ်ချိန်အတွက်လည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ မိမိသွားမယ့်ခရီးစဉ်အတွက် အရင်ဆုံး ဘယ်အချိန်စထွက်၍ ဘယ်အချိန်ရောက်မည်။ ဘယ်နေရာတွင်တည်းခိုမည်။ စားသုံးမည်။ ရာသီဥတု အခြေအနေကအစ ကြိုတင် စုံစမ်း၍ မှတ်သားထားသင့်ပါတယ်။
ကြုံတွေ့ရတတ်သော အခက်အခဲများကိုလည်း ကြိုတင်မှန်းဆထားပါ။ လိုအပ်နိုင်သော ဆေးဝါးများလည်း ဆောင်ယူသွားပါ။ ကြိုတင်စီစဉ်မှု အချို့မှာ
(၁) မိခင်နို့
နို့စို့ကလေးငယ်များအတွက် မိခင်နို့သာ တိုက်ကျွေးပါ။ နို့ဘူးများတိုက်ခြင်း ရှောင်ပါ။ မသန့်ရှင်းမှုကြောင့် ဖြစ်တတ်သောရောဂါများ ရှောင်ရှားနိုင်ပါလိမ့်မယ်။
(၂) လွယ်သိုင်းကြိုး
လွယ်သိုင်းကြိုးသည် ကလေးငယ်ကို အလွယ်တကူ သိုင်းလွယ်နိုင်သကဲ့သို့ မိမိရဲ့လက်၂ဘက်ကလည်း ပစ္စည်းများ အလွယ်တကူ သယ်ယူနိုင်ပါလိမ့်မယ်။
(၃) တွန်းလှည်း
ကလေးငယ်နှင့် ခရီးထွက်လျှင် တွန်းလှည်းသယ်ယူခဲ့ရင် မိမိအတွက်ရော ကလေးငယ်အတွက်ပါ သက်တောင့်သက်သာနှင့် ပင်ပန်းမှု လျော့စေပါမယ်။
(၄) သေးခံများ၊ စက္ကူအစိုများ လုံလောက်စွာ သယ်ယူသွားပါ။ သို့မှသာ သန့်ရှင်းရေးအတွက်အထူး အရေးကြီး ဂရုစိုက်နိုင်ပါလိမ့်မယ်။
(၅) ကလေးပင်ပန်းစေမယ့် ခရီးစဉ် ရေးဆွဲမှုတော့ မလုပ်သင့်ပါ။
(၆) မိမိကလေးငယ် ဖြစ်လေ့ရှိသော ဖြစ်နိုင်ချေရှိသော ရောဂါအတွက် လိုအပ်သော ဆေးဝါးများ ထည့်သွင်းယူဆောင်ပါ။
(၇) ရာသီဥတုနှင့် သင့်တော်သော အဝတ်အစားရွေးချယ် ယူဆောင်ပါ။
(၈) ဖုန်ထူထပ်သော နေရာများ၊ လူထူထပ်သော နေရာများ ရှောင်ပါ။
အထက်ပါ အစီအစဉ်များ ရေးဆွဲပြီးနောက် ပျော်ရွင်သော ခရီးစဉ်ကို သင့်ကလေးနှင့်အတူ လွတ်လပ်စွာ စတင်လိုက်ပါ။
Author : Dr. ပြည့်ရှင်း