မွေးကင်းစ ကလေးငယ်များနဲ့ ပတ်သတ်ပြီး သိထားသင့်သည်များ
မိဘတိုင်းကတော့ ကိုယ့်သားသမီးကို ချစ်ကြတာချည်းပါပဲ။ အထူးသဖြင့် မွေးကင်းစအရွယ်လေးတွေဆို ပိုလည်းချစ်စရာကောင်းသလို ပိုလည်း ဂရုစိုက်တတ်ကြပါတယ်။ မှန်လည်းမှန်ပါတယ်။ ဒီမွေးကင်းစကလေးတွေဆိုတာ သိပ်ကို နုနယ်သေးတာကြောင့် ပြင်ပရောဂါဘယတွေ ဝင်မှာပိုစိုးရိမ်ရတဲ့အတွက်ကြောင့် ပိုဂရုစိုက်ဖို့လိုအပ်ပါတယ်။
ကောင်းပြီ၊ ဒါဆို မွေးကင်းစကိုယ့်ကလေးကို ဂရုစိုက်ရမယ်၊ မှန်တယ်၊ သို့ပေမဲ့ တစ်ခုခုဖြစ်တိုင်းရောဂါဖြစ်ပြီ ထင်ပြီးဆေးရုံပြေးဖို့မလိုသလို ဆေးတွေချည်းတိုက်ဖို့လည်း မလိုအပ်ပါဘူး။ ပြောရရင် ဆေးရုံပြေးလိုက်တာက တော်ပါသေးတယ်၊ နေမကောင်းဘူး၊ ပုံမှန်မဟုတ်ဘူးထင်ပြီး ကိုယ့်သဘောနဲ့ ဆေးတွေတိုက်ထည့်လိုက်လို့ တစ်ခုခုဖြစ်သွားရင် ကလေးအတွက် မကောင်းပါဘူး။
ဒါ့ကြောင့် ကိုယ့်ကလေးငယ် တစ်ခုခုဖြစ်တယ်ထင်ရင် အရင်ဆုံးဘာဆေးမှ ပါးစပ်ထဲမထည့်ခင် နီးစပ်ရာ ဆရာဝန်တစ်ယောက်ယောက်နဲ့တော့ ပြသကြည့်ပါ။ အခုဒီဆောင်းပါးမှာတော့ မိဘတွေ သူတို့ရဲ့ မွေးကင်းစကလေးငယ်တွေနဲ့ပတ်သတ်ပြီး အမှတ်မှားနေတဲ့ တချို့ကိစ္စလေးတွေကို ဖော်ပြပေးသွားမှာပါ
– မွေးကင်းစကလေးငယ်လေးတွေရဲ့ မျက်လုံးက အဖြူနဲအမဲပဲ မြင်နိုင်ပါသေးတယ်။ နောက်ပြီး သူတို့မျက်လုံးက ကြွက်သားတွေကို ကောင်းကောင်းမထိန်းချုပ်နိုင်သေးတာကြောင့် ကလေးငယ်တွေရဲ့ မျက်လုံးလှုပ်ရှားပုံက သိပ်ပုံမှန်မဟုတ်ပါဘူး။ ဒါကို မိဘတွေက သိထားရမယ်၊ မျက်လုံးအားနည်းတယ်ထင်ပြီး မျက်စဉ်းခပ်ပေးတာတွေ မလုပ်ရဘူး။ ဒီလိုလုပ်မှ ပိုဆိုးသွားနိုင်တယ်။ အချိန်အနည်းငယ်ကြာလာတာနဲ့ မျက်လုံးလှုပ်ရှားပုံမှန်လာမှာဖြစ်ပြီး ၂ ပတ်လောက်အကြာကစလို့ အရောင်တွေကိုစမြင်လာမှာပါ။
– ကလေးငိုတိုင်းလည်း နေမကောင်းလို့မဟုတ်ပါဘူး။ ကလေးတွေရဲ့ ဒီအချိန်မှာ တစ်ခုတည်းသော တုန့်ပြန်ချက်က ငိုတာပဲ ရှိတယ်ဆိုပေမဲ့ ငိုတိုင်း နေမကောင်းလို့ မဟုတ်ဘူးဆိုတာ သတိရပါ။ ငိုတယ်ဆိုတာ ကလေးရဲ့ အဆုတ်အားကောင်းတယ်လို့လည်း မှတ်ယူနိုင်ပါတယ်။
များသောအားဖြင့်လည်း ဒီအရွယ်ကလေးတွေငိုတယ်ဆိုတာ တစ်ခုခုလိုချင်လို့၊ ပုရွတ်ဆိတ်လို အကောင်တစ်ကောင်ကောင် ကိုက်သွားလို့ဖြစ်နိုင်ပါတယ်။ ရှုးပေါက်ချတာ၊ ဗိုက်ဆာတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကလေးရုတ်တရက်ငိုတယ်ဆို ဒီအချက်တွေ သေချာစစ်ကြည့်ပါ။ တစ်ချိန်တည်းမှာပဲ ကလေးကိုလည်း မြူပါ၊ ပြန်ချော့ပေးပါ။
– နောက်ပြီးသိထားရမှာတစ်ခုက မွေးကင်းစကလေးတွေက နေ့တိုင်းအီးပါမှာ မဟုတ်ပါဘူး။ တချို့ဆို ၃ – ၄ ရက်လောက်ကနေ တစ်ပတ်လောက်အထိ ဝမ်းမသွားတာမျိုးတောင် ဖြစ်တတ်ပါတယ်။ ကလေးရဲ့ ဝမ်းက ခပ်ပျော့ပျော့ပဲရှိမယ်၊ မာတောင့်မနေဘူး ဆိုရင်အကြမ်းဖျင်းအားဖြင့် ပြဿနာမရှိဘူးလို့ ယူဆလို့ရပါတယ်။ မိခင်နို့ပဲ စို့တဲ့ကလေးတွေက ဝမ်းချုပ်တာအဖြစ်နည်းပါတယ်။
– ကလေးတစ်ယောက်အတွက် ဘယ်အချိန်မှာ ဘယ်လောက်ဖွံ့ဖြိုးရမယ်ဆိုတာ သတ်မှတ်ထားတာမျိုးရှိပေမဲ့ ဒီအစီအစဉ်အတိုင်း အမြဲတမ်းဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ ပြောချင်တာက ကိုယ့်ကလေးက သူများကလေးထက် ပိုစောစောမှောက်မယ်၊ ထထိုင်မယ် ဒီလိုတွေဖြစ်တိုင်းလည်း ပိုဉာဏ်ကောင်းမယ်လို့ မပြောနိုင်ပါဘူး။ အလားတူပဲ သူများတွေ စကားပြောတဲ့အချိန်မှာ မပြောသေးလို့ ဦးနှောက်မှာ တစ်ခုခုချို့ယွင်းနေတယ်လို့ မပြောနိုင်သေးပါဘူး။ များသောအားဖြင့် ယောင်္ကျားလေးတွေက မိန်းကလေးတွေထပ် စကားပြောတာ ပိုနောက်ကျတတ်ပါတယ်။
– ကလေးတွေရဲ့ အစာပြွန်လမ်းကြောင်းက သိပ်မဖွံ့ဖြိုးသေးတာကြောင့် မကြာခဏပြန်အန်တတ်ပါတယ်။ ဒါလည်း ကလေးအတော်များများ ဖြစ်လေ့ရှိပါတယ်။ အန်ရင်လည်း ဝေါ့ခနဲ ထိုးထိုးအန်တတ်ကြတယ်။ ဒါရောဂါတစ်ခု မဟုတ်ပါဘူး။ အရမ်းစိုးရိမ်ရင်တော့ ဘာဆေးမှ ကိုယ့်ဖာသာမတိုက်သေးပဲ ဆရာဝန်နဲ့ သွားရောက်ပြသကြည့်ပါအုံး။
– မွေးကင်းစ ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ရတာ အတော်လေးတော့ ပင်ပန်းပါတယ်။ သူတို့မှာ အိပ်ချိန်စားချိန်က ပုံမှန်မရှိသလို ဘယ်အချိန်ဘာလုပ်မယ်ဆိုတာလည်း ဘယ်သူမှမသိပါဘူး။ ဒါ့ကြောင့် ကိုယ့်ကလေးက ညဖက်ဆို သိပ်မအိပ်ဖူးတို့၊ နေ့လည်ဖက်ဆို အရမ်းအိပ်တယ်တို့ဆိုတာမျိုးတွေက ကြုံတွေ့နေကြ ကိစ္စတွေပါပဲ။ ဒီလို အိပ်ချိန်စားချိန်မမှန်တာတွေက အချိန်ကြာလာတာနဲ့တော့ ပျောက်သွားမှာပါ။ နောက်ပြီး မွေးကင်းစကလေးတွေက အရမ်းအိပ်ပါတယ်၊ သူတို့အတွက်အိပ်ချိန် အရမ်းလိုအပ်ပါတယ်၊ တစ်နေ့ကို ၅ ခါကနေ အများဆုံး ၁၀ လောက်အထိအိပ်တတ်ပါတယ်။
– မွေးကင်းကလေးတွေမှာ ဝက်ခြံလိုလို အဖုလေးတွေ ပေါက်တတ်ပါတယ်။ ဒါပေမဲ့ဒါဟာ လူကြီးလိုအဆီဖုတွေမဟုတ်တာကြောင့် သွားညှစ်ထုတ်စရာမလိုအပ်ပါဘူး။ သူ့အလိုလိုပြန်ပျောက်သွားမှာပါ။
– ကလေးငယ်တွေအသက် ၆ လလောက်အထိက မိခင်နို့တစ်မျိုးတည်း လိုအပ်ပါတယ်။ မိခင်နို့ထဲမှာ ကလေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေရော ရေပါပါဝင်ပါတယ်။ ဒါ့ကြောင့် အသက် ၆ လအောက်ကလေးငယ်ကို ရေထပ်တိုက်စရာမလိုအပ်ပါဘူး။ မိခင်နို့သာတိုက်ပါ။ ကလေးခန္ဓာကိုယ်ထဲကို ရေဓာတ်က လိုတာထပ် ပိုဝင်သွားတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဓာတ်သတ္ထုပမာဏမမျှတာတွေ၊ ဦးနှောက်ထဲ ရေဝင်တာတွေကနေ နောက်ဆုံးတက်တာအထိ ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် ရာသီဥတုပူတယ်ဆိုပြီး ကလေးကို ရေသွားတိုက်တာမျိုး လုံးဝမလုပ်ပါနဲ့။
ဒါလေးတွေကတော့ မွေးကင်းစကလေးငယ်တွေနဲ့ ပတ်သတ်ပြီး မိဘတွေအမှတ်မှားနေတဲ့ အချက်တွေ၊ သတိပြုသင့်တဲ့ အချက်လေးတွေကို လက်လှမ်းမှီသလောက် တင်ပြထားတာပါ။ မွေးကင်းစအရွယ်လေးတွေက အရမ်းနုနယ်သေးတာကြောင့် မိဘဖြစ်သူတွေအနေနဲ့ စိတ်ထဲဝယ် တစ်ခုခုမသင်္ကာဘူးဆိုရင် ဆေးတွေတိုက်တာမျိုး၊ အိမ်နီးချင်းမိတ်ဆွေတွေပြောတဲ့ကုထုံးတွေနဲ့ကုသတာမျိုးမလုပ်ခင် နီးစပ်ရာဆရာဝန်တစ်ယောက်နဲ့ သွားရောက်ပြသကြည့်သင့်ပါတယ်။
မလိုအပ်ပဲ နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်အောင် အခုပြောခဲ့တဲ့အချက်တွေကိုလည်း လိုက်နာကျင့်သုံးနိုင်ပါတယ်။ နောက်လည်း အခုလိုအမှတ်မှားနေတဲ့အချက်လေးတွေကို အဆင်ပြေသလို ဆက်လက်ရေးသားဖော်ပြပေးသွားပါအုံးမယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Dr. Wayne