G6PD Deficiency ရောဂါအကြောင်းသိကောင်းစရာ အပိုင်း(၂)
အပိုင်း(၁)မှာ G6PD Deficiency ရောဂါ ဆိုတာဘာလဲ။ဘာကြောင့်ဖြစ်တာလဲ။ဘယ်လိုလူတွေမှာဖြစ်လဲ။ဖြစ်ရင်ဘယ်လိုတွေလက္ခဏာပြတတ်လဲဆိုတဲ့အကြောင်းတွေကိုရေးသားတင်ပြခဲ့ပါတယ်။
အခုအပိုင်း(၂)မှာတော့ G6PD ချို့တဲ့ရောဂါ ရှိမရှိ ဘယ်လိုစစ်ဆေးနိုင်သလဲ။ G6PD ချို့တဲ့ရောဂါ ရှိရင် ဘာတွေရှောင်ပြီး ဘယ်လိုနေထိုင်ရမလဲဆိုတာတွေကိုဆက်လက်ရေးသားတင်ပြပါမယ်။
မိမိကိုယ်မိမိ G6PD အင်ဇိုင်းချို့တဲ့တဲ့ရောဂါ ရှိလို့ရှိမှန်းမသိတာဟာ တကယ်တော့အန္တရာယ်များပါတယ်။
ကိုယ်ကမသိတဲ့အခါမှာ မတည့်တာတွေကိုစားမိသောက်မိတာမျိုးဖြစ်ခဲ့ရင် သွေးနီဥတွေရုတ်တရက်ပေါက်ကွဲပြီး ရုတ်တရက်သွေးအားနည်းတတ်ပါတယ်။တချို့ဆိုအသက်အန္တရာယ်စိုးရိမ်ရတဲ့အရေးပေါ်အခြေအနေထိဖြစ်တတ်ပါတယ်။
ဒါကြောင့်မိမိကိုယ်တိုင်ရော မိမိကမွေးလာတဲ့ကလေးတွေရောပါ G6PD ချို့တဲ့ရောဂါရှိမရှိ စစ်ထားသင့်ပါတယ်။
စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ သွေးဖောက်ပြီး သွေးထဲက G6PD enzyme ပမာဏာကိုစစ်တာ၊ဟေမိုဂလိုဘင်နဲ့သွေးနီဥပမာဏကိုစစ်တာစသဖြင့်လုပ်နိုင်ပါတယ်။
မွေးကင်းစကလေးတွေဆိုရင် ချက်ကြိုးကသွေးကိုယူစစ်နိုင်ပါတယ်။
ရှောင်ရမယ့်အစားအသောက်၊ဆေးဝါးတွေအနေနဲ့ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
G6PD ချို့တဲ့ရောဂါအတွက်ရှောင်ရမယ့်အစားအသောက်များ
- တောင်ကြီးပဲ ပဲပိစပ် ပဲတောင့်ရှည် အပါအဝင် အခြားသော ပဲအမျိုးမျိုး
သွားတိုက်ဆေး၊ သကြားလုံး၊ ခံတွင်းသန့်စင်ဆေးရည် အပါအဝင် အခြားသောပရုတ်အေးပါသော အစားအစာများ
Sulphur ပါဝင်သောအစားစာများ
သဘာဝဆိုးဆေးမဟုတ်ဘဲ ဓါတ်ခွဲခန်းမှရတဲ့ဆိုးဆေးများကိုအသုံးပြုပြီးအရောင်ဆိုးထားသောအစားအသောက်များ
ကြက်ဟင်းခါးသီး
အားဖြည့်အချိုရည်များ
Gluten Free foods ဂလူတန် မပါတဲ့အစားအစာတွေ
စသည်တို့ပဲဖြစ်ပါတယ်။
ရှောင်ရမယ့်ဆေးဝါးတွေကတော့
မြန်မာတိုင်းရင်းဆေးတွေ၊တရုတ်တိုင်းရင်းဆေးတွေ
Sulphur ပါဝင်သောဆေးများ၊ပိုးသတ်ဆေးတွေ၊ငှက်ဖျားဆေးတွေ၊အကိုက်အခဲပျောက်ဆေးများ၊ပါရာစီတမော၊ဗီတာမင်ကေ၊ဗီတာမင်စီ၊စတဲ့ဆေးဝါးတွေဖြစ်ပါတယ်။
ဒါ့အပြင် အကျီအဝတ်အစားတွေထဲ ပရုတ်လုံးထည့်တာကိုလည်းရှောင်ရပါမယ်။ပရုတ်လုံးနဲ့ထိတွေ့မိတာ၊ပရုတ်လုံးထည့်ထားတဲ့အကျီအဝတ်အစားဝတ်မိရုံနဲ့လည်း G6PD အင်ဇိုင်းချို့တဲ့သူတွေမှာ သွေးနီဥတွေပျက်စီးနိုင်ပါတယ်။
G6PD အင်ဇိုင်းချို့တဲ့သူတွေဟာ မတည့်တဲ့အစားအသောက်တွေ၊ဆေးဝါးတွေကိုစားမိသောက်မိတဲ့အခါ၊မတည့်တဲ့အရာတွေနဲ့ထိမိတဲ့အခါ စားမိသောက်မိထိမိတဲ့ပမာဏများရင်များသလောက် ရောဂါလက္ခဏာတွေပြင်းထန်ဆိုးရွားနိုင်ပါတယ်။
တချို့ဆို သွေးအားနည်းတာက အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိဖြစ်တတ်ပါတယ်။အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိသွေးအားနည်းတာဖြစ်ရင်တော့ ဆေးရုံတက်ပြီး သွေးသွင်းတာ၊ဆလိုင်းချိတ်တာတွေလုပ်ရနိုင်ပါတယ်။
အခြေအနေသိပ်မဆိုးဘူးဆိုရင်တော့ ရောဂါ ဖြစ်ပွားစေအောင် လှုံ့ဆော်တဲ့အကြောင်းအရင်း Triggers Factors တွေထဲက ဘယ်အချက်တွေနဲ့သွားထိမိသုံးမိသလဲကို ပြန်လည် ဆန်းစစ်ရှာဖွေပြီး အဲ့ဒါတွေနဲ့ထပ်မံမထိတွေ့မိအောင်နေမယ်ဆိုရင် ၁၀ – ၁၅ ရက်လောက်အတွင်းမှာ သူ့ဘာသာသူသက်သာလာနိုင်ပါတယ်။
အဆုံးသတ်အနေနဲ့ပြောရရင် G6PD ချို့တဲ့ရောဂါရှိသူနဲ့ မတည့်တဲ့ဆေးတွေအရမ်းများတဲ့အတွက် နေမကောင်းလွယ်လွယ်နဲ့မဖြစ်အောင် ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးတွေ အလွယ်တကူ ကူးစက်တာ မခံရအောင် ကိုယ့်ကျန်းမာရေးကိုဂရုစိုက်တာ၊ ကိုယ်ခံအားမကျအောင်ဂရုစိုက်တာ၊အသား၊ငါး၊ဟင်းရွက် မျှအောင်စားတာ၊ အိပ်ရေးဝဝ အိပ်တာတွေ လုပ်ရပါမယ်။
နေမကောင်းဖြစ်တဲ့အခါမှာလည်း ဆေးခန်းပြဆရာဝန်ကိုသေချာပြောပြပြီး ကုသဖို့လိုပါတယ်။ဆေးခန်းမပြဘဲ ဆေးတွေဝယ်သောက်တာ၊စပ်ဆေးတွေသောက်တာဟာ အရမ်းအန္တရာယ်များပါတယ်။
Dr. 528