ကလေးတွေမှာ လည်ချောင်းနာပြီးနောက် ဖောရောင်ခြင်းကို ဖြစ်စေနိုင်တဲ့ ကျောက်ကပ်ရောဂါ
ကလေးတွေမှာ ဖောရောင်ပြီး ဆေးရုံတက်ရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလို ဖြစ်ရတာဟာ ရောဂါ အကြောင်းရင်း အမျိုးမျိုး ကြောင့် ဖြစ်နိုင်ပါတယ်။
ကျောက်ကပ် နှလုံး အသည်း အစရှိတဲ့ အင်္ဂါတွေ ထိခိုက်ပျက်စီးတဲ့ အခါ ခန္ဓာကိုယ် မှာ ဖောရောင်နိုင်သလို အစာအာဟာရမလုံလောက်လာတာ နဲ့ တခြားသော ရောဂါတွေမှာလည်း ဒီလို လက္ခဏာမျိုး ပြသနိုင်ပါတယ်
လည်ချောင်းနာပြီးနောက်မှာ ဖြစ်တတ်တဲ့ ကျောက်ကပ်ကြောင့် ဖောရောင်ခြင်းဟာ ကလေးတွေမှာ အတွေ့ရများတတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။
ဘာကြောင့် ဖြစ်ရသလဲ။
Streptococcus ဘက်တီးရီးယားပိုး ကြောင့် လည်ချောင်းနာခြင်းကို ဖြစ်စေပါတယ်။ ဒီ လည်ချောင်းနာဖြစ်စေတဲ့ ဘက်တီးရီးယားပိုးကို ကိုယ်ခန္ဓာက ပြန်လည်တိုက်ထုတ်ဖို့ အတွက် ခုခံအားစနစ် ဟာ ကြိုးစားပါတယ်။ ခုခံအားစနစ်က ပိုးကို ပြန်လည် တိုက်ထုတ်ချိန်မှာ ဖြစ်တဲ့ ရောင်ရမ်းမှုတွေဟာ ကျောက်ကပ်ကိုပါ သွားပြီး သက်ရောက်ပါတယ်။
ဒီအခါ ကျောက်ကပ်မှာ ရောင်ရမ်းတဲ့ အတွက် ဖောင်ရောင်ခြင်းဖြစ်လာပါတယ်။
ဘယ်လို လက္ခဏာတွေ ရှိတတ်သလဲ?
လက္ခဏာတွေဟာ လည်ချောင်းနာပြီး တစ်ပတ် နှစ်ပတ်ခန့် ကြာတဲ့ အချိန်မှာ စတင်ပါတယ်။
ခန္ဓာကိုယ် တစ်ခုလုံး ဖောရောင်တာ အပြင် ဆီးထဲမှာ သွေးပါလာတဲ့ အတွက် ဆီးအရောင်ရင့်တာ နဲ့ အသားဓာတ်ပါလာတာ မျိုးတွေကို တွေ့ရတတ် ပါတယ်။ ပုံမှန် ကလေးတွေမှာ သွေးတိုးရောဂါ ရှိတာမျိုး နည်းပါးပေမဲ့ ဒီရောဂါ ဖြစ်နေချိန်မျိုးမှာတော့ သွေးပေါင်ချိန် တက်လာတာမျိုးတွေကို တွေ့ရနိုင်ပါတယ်။
တစ်ချို့ ကလေးတွေမှာ ဆီးအရောင်ရင့်တာမျိုးလောက် ပဲဖြစ်လိုက်ပြီး တစ်ချို့ မှာတော့ ဆေးမထွက်တော့တာ ကျောက်ကပ် ပျက်စီးတာတွေ အထိ ပြင်းထန်နိုင်လာပါတယ်။
သွေးကြောထဲက အရည်တွေဟာ မလိုအပ်တဲ့ သွေးကြောပြင်ပနေရာ တွေမှာ စုပုံလာတဲ့ အတွက် အဆုတ်ရေလွှမ်းတာ နှလုံးအလုပ်မလုပ်တာ ကိုလည်း ရောဂါ ပြင်းထန်လာချိန်မှာ တွေ့ရနိုင်ပါတယ်။
ဘယ်လို အချိန်မှာ ဆေးရုံကိုသွားသင့်သလဲ
ဆေးခန်းတွေကို သွားပြတဲ့ အခါမှာ ဆရာဝန်က ဒီရောဂါလို့ သံသဃရှိခဲ့ရင် ရောဂါပြင်းထန်မှုကို စစ်ဆေး ကြည့်ဖို့ အတွက် ဆီးစစ် သွေးစစ်တာမျိုးတွေကို လုပ်ခိုင်းနိုင်ပါတယ်။ ဒီလိုလုပ်ခိုင်းတဲ့ အခါမျိုးမှာ တိတိကျကျ လိုက်နာဖို့ လိုပါလိမ့်မယ်။
သွေးပေါင်ချိန် အလွန်အမင်းတက်တာ၊ ဆီးနည်းသွားတာ၊ ဖောရောင်တာတွေ အရမ်းဆိုးတာ ၊ နှလုံးအလုပ်မလုပ်တာ ၊ သွေးစစ်ကြည့်လို့ ကျောက်ကပ်အဆိပ်ဓာတ်တွေ များနေတာ ၊ ကလေးက တက်တာ သတိလစ်တာတွေ ဖြစ်လို့ ဆရာဝန်က ဆေးရုံတက်ဖို့ ညွှန်ကြားတဲ့ အခါမှာလည်း အမြန်ဆုံး သွားဖို့ လိုအပ်ပါတယ်။
ဘယ်လို ကုသမှုမျိုးတွေရှိသလဲ
ကလေးရဲ့ ရောဂါ အခြေအနေပေါ် မူတည်ပြီး လိုအပ်သလို ကုသပေးနိုင်ပါတယ်။ ရောဂါ ရဲ့ ပြင်းထန်မှု ပေါ်မူတည်ပြီး ကလေးတစ်ယောက် နဲ့ တစ်ယောက် ကုသပုံ ဟာ ကွာခြားသွားနိုင်ပါတယ်။
ကလေးရဲ့ ရောဂါအခြေအနေ ကို စောင့်ကြည့်ဖို့အတွက် နေ့စဉ် သွေးပေါင်ချိန်တိုင်းတာ ၊ ကိုယ်အလေးချိန် ချိန်တာ၊ တစ်နေ့တာ ဆီးဘယ်လောက်သွားတာ ကို စောင့်ကြည့်ခိုင်းတာ ၊ ဆီးထဲက အသားဓာတ်တိုင်းတာမျိုးတွေကို လုပ်ပေးရပါတယ်။
ဖောရောင်တာကို ချပေးဖို့ အတွက်လည်း ဆားလျော့စားခိုင်းတာ အရည်လျော့သောက်ခိုင်းတာ မျိုးတွေလည်း ရှိနိုင်ပါတယ်။
ရောဂါ အခြေအနေ ပြင်းထန်လို့ ဆေးရုံတက်ရောက်ကုသတဲ့ အခါမျိုးမှာတော့ ရောဂါအခြေအနေကို အနီးကပ်စောင့်ကြည့်ပြီး လိုအပ်သလို အောက်စီဂျင်ပေးတာ သွေးပေါင်ချိန်လျော့ချတာကို လုပ်ပေးပါတယ်။
သွေးပေါင်ချိန်တက်တဲ့ ပမာဏပေါ် မူတည်ပြီး သွေးပေါင်ချတဲ့ ကုသမှုဟာ ကွဲပြားသွားနိုင်ပါတယ်။ သာမန် သွေးပေါင်ချိန်ကျဆေး ကနေ သွေးပေါင်ချိန်ကို သိသိသာသာ ကျစေတဲ့ ဆီးဆေးတွေ အထိဖြစ်နိုင်ပါတယ်။
ကျောက်ကပ်ပျက်စီးတဲ့ အခြေအနေထိရောက်တဲ့ အခါမျိုးမှာလည်း ကလေးကျောက်ကပ်ဆရာဝန်နဲ့ တိုင်ပင်ပြီး ကျောက်ကပ်ဆေးရတဲ့ အထိလည်း ဖြစ်သွားနိုင်ပါတယ်။
ဒီရောဂါဖြစ်တဲ့ အခါမှာ ကလေးအများစုဟာ ပြင်းပြင်းထန်ထန် မဖြစ်လိုက်ဘဲ ပြန်ကောင်းသွားတာ ပိုများပါတယ်။
ဒါပေမဲ့ ရောဂါပြင်းထန်တဲ့ အခါမှာ အသက်သေဆုံးတဲ့ အထိ ဖြစ်နိုင်တဲ့ အတွက် အထူးဂရုစိုက်ဖို့တော့ လိုပါတယ်။
Dr. မွှေး