ကလေးများနှင့် အာဟာရ
အာဟာရချို့တဲ့ခြင်းပြဿနာသည် ကမ္ဘာတလွှားရှိ အသက်(၅)နှစ်အောက်ကလေး သေဆုံးမှုဖြစ်ပွားစေသော ပြဿနာများအနက် အဓိကအကြောင်းအရာတရပ်ပင် ဖြစ်သည်။ အာဟာရချို့တဲ့ခြင်းပြဿနာကို ဖွံ့ဖြိုးဆဲနိုင်ငံများသာမက ဖွံ့ဖြိုးပြီး နိုင်ငံများ တွင်ပါ ပြဿနာတရပ်အနေဖြင့် တွေ့ကြုံခံစားနေရပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းနှင့် နိုင်ငံတကာကျန်းမာရေးအဖွဲ့အစည်းများမှ နှစ်စဉ် ရည်မှန်းချက်များထား၍ ကုသ၊ တိုက်ဖျက်နေရသည့် ပြဿနာ တရပ်လည်း ဖြစ်သည်။
ကလေးများ၏ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ ဦးနှောနှင့်အသိဉာဏ်ဖွံ့ဖြိုးမှုနှင့် ကိုယ်ခံအား စနစ် ဖွံ့ဖြိုးမှုများသည် စားသုံးလိုက်သော အစားအသောက်နှင့် အာဟာရဓာတ်များ ရရှိမှု အပေါ် တိုက်ရိုက်သက်ဆိုင်မှုရှိနေသည်။ ဘဝတသက်တာ ကျန်းမာရေးကောင်းမွန်ခြင်း၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု ပုံမှန်ရှိခြင်းများနှင့် တနေ့တာလုပ်ငန်းဆောင်တာများ ပုံမှန်လုပ်ဆောင် နိုင်ခြင်း၊ ဦးနှောက်နှင့်အသိဉာဏ်ဖွံ့ဖြိုးမှု ပုံမှန်ဖွံ့ဖြိုးနေရေးအတွက် ငယ်စဉ်ကတည်းက လိုအပ်သောအာဟာရဓာတ်များ ပြည့်ဝနေစေရန်လိုသည်။ အာဟာရချို့တဲ့သော ကလေးများတွင် အဆိုပါဖွံ့ဖြိုးမှုများ နှောင့်နှေးနိုင်ရုံသာမက ကိုယ်ခံအားနည်းခြင်းနှင့် နာတာရှည် ရောဂါများထူပြောခြင်းများ ဖြစ်ပွားနိုင်သဖြင့် ကလေး၏အာဟာရနှင့် ပတ်သတ်၍ မိဘတိုင်းမပေါ့ဆသင့်ပေ။
အာဟာရချို့တဲ့သော ကလေးများဟု ဆိုလိုက်လျှင် အစာရေစာ ငတ်မွတ် ခေါင်းပါးသောဒေသများမှ ကလေးများကိုသာ မျက်စိထဲမြင်မိတတ်ကြသည်။ သို့ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံတနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် ကျေးလက်နေ ကလေးငယ်များသာမက မြို့ပြဒေသများမှ စားနိုင်သောက်နိုင် ကလေးများသည်လည်း အဟာရချို့တဲ့ခြင်းဆိုင်ရာ ပြဿနာ ဖြစ်ပွားခံစားရလျက် ရှိနေသည်ကို တွေ့ရှိရသည်။
ဖြစ်ပွားရသော အကြောင်းအရင်းများ
ကလေးငယ်များ ခံစားရလျက်ရှိသည့် အာဟာရချို့တဲ့မှု ဖြစ်ပွားရခြင်းများသည်
– အစားရှောင်ခြင်း(အစာအုပ်စု (၃)စုဖြစ်သည့် ရောဂါကာကွယ်စေသောအုပ်စု၊ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေသောအုပ်စုနှင့် အင်အားကို ဖြစ်ထွန်းစေသော အစာအုပ်စုစသည်ဖြင့် အစာအုပ်စုများ စုံလင်အောင် စားသုံးမှု မရှိခြင်း)၊
– အစာမှတဆင့် ကူးစက်တတ်သည့် သန်ကောင် တုပ်ကောင် စသည့် ကပ်ပါးပိုးများ ခန္ဓာကိုယ်တွင် ပေါက်ပွားခံစား နေရခြင်း၊
– မွေးရာပါ အစာစုပ်ယူမှု လျော့နည်းစေသည့် ရောဂါများခံစားနေရခြင်းနှင့်
– အချို့သော ကူးစက်ရောဂါများခံစားနေရခြင်းများကြောင့် ဖြစ်ပွားနိုင်သည်။
ကူးစက် ရောဂါများဖြစ်ပွားမှုကြောင့် အဟာရချို့တဲ့ခြင်း ဖြစ်ပွားရစေနိုင်သလို အာဟာရချို့တဲ့ခြင်း ကြောင့်လည်း ကိုယ်ခံအားစနစ် ကျဆင်းစေနိုင်သဖြင့် ကူးစက်ရောဂါများ ပိုမိုဖြစ်ပွား လွယ်နိုင်ကာ ဖြစ်ပွားလာခဲ့လျှင်လည်း ပြင်းထန်စွာ ခံစားရစေနိုင်သည်။
အဖြစ်များသော အာဟာရချို့တဲ့ခြင်းပြဿနာများ
အာဟာရချို့တဲ့ခြင်းဟု ဆိုရာတွင်လည်း
– အသားဓာတ်ချို့တဲ့ခြင်း
– ဗီတာမင်ဓာတ်များချို့တဲ့ခြင်း
– သံဓာတ်ချို့တဲ့ခြင်း
– ဇင့်ဓာတ်ချို့တဲ့ခြင်း
– ကယ်လ်ဆီယမ်ဓာတ် ချို့တဲ့ခြင်း
စသည်ဖြင့် အာဟာရဓာတ်ချို့တဲ့မှု ပုံစံများ များစွာရှိသည်။
လက္ခဏာများ
ချို့တဲ့သော အာဟာရဓာတ် အမျိုးအစားကိုလိုက်၍
– သွေးအားနည်းခြင်းကြောင့်ဖြစ်သော ပြဿနာများခံစားရနိုင်ခြင်း
– ကိုယ်အလေးချိန်ကျဆင်းခြင်း
– အာရုံစူးစိုက်မှုစွမ်းရည်ကျဆင်းခြင်း
– ကိုယ်ခံအားစနစ် ကျဆင်းခြင်း
– ကူးစက်ရောဂါများဖြစ်ပွားရန် အလွန်အခွင့်အလမ်းများခြင်း
– ချိုတဲ့သော အာဟာရအမျိုးအစားအလိုက် ရောဂါများခံစားရနိုင်ခြင်း စသည်ဖြင့် လတ်တလော ခံစားရသည့် လက္ခဏာများ များစွာရှိနိုင်သလို
ရေရှည်တွင်
– အသက် အရွယ်အလိုက်ရှိသင့်သည့် ခန္ဓာကိုယ်နှင့်အသိဉာဏ်ဖွံ့ဖြိုးမှု မရှိခြင်းနှင့်
ပုံမှန်ထက် နှောင့်နှေးခြင်းများ ခံစားရနိုင်ပြီးနောက်ဆက်တွဲအဖြစ် အနာဂတ်၏ လူငယ်များနှင့်မိသားစုအတွက် ကြီးမားသော ဆုံးရှုံး နစ်နာမှုများ ဖြစ်ပေါ် ခံစားရစေနိုင်သဖြင့် ကလေးငယ်များအတွက် အာဟာရပြည့်ဝမှုကို မိဘတိုင်း မပေါ့ဆသင့်ပဲ အထူးဂရုပြုဆောင်ရွက်ပေးသင့်သည်။
ကလေးငယ်များ ငယ်ရွယ်စဉ် အာဟာရချို့မှု မဖြစ်ပွားစေရန်အတွက် မိဘများအနေနှင့် မိမိကလေး ငယ်စဉ်ကတည်းက အစားမရွေးစေရန်နှင့် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များ လုံလောက်စွာ စားသောက်မှုရှိစေရန် စနစ်တကျ ပြုစုပျိုးထောင် ပေးထားသင့်ပြီး တနေ့တာ အစားအသောက်များအတွင်း အစာအုပ်စု (၃)မျိုးစလုံးပါဝင်အောင်လည်း စနစ်တကျစီမံ ပေးရမည်ဖြစ်သည်။
အာဟာရဖြည့်စွက်စာများ ဗီတာမင်အားဆေးများ တိုက်ကျွေးခြင်းကို ပြုလုပ်ပေးနိုင် သော်လည်း အသုံးပြုသော ဆေးဝါးများအလိုက် လတ်တလောနှင့် ရေရှည်သုံးစွဲလျှင် မလိုအားအပ်သော နောက်ဆက်တွဲပြဿနာများ ခံစားရစေနိုင်သဖြင့် မည်သည့် ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့် တိုင်ပင်ပြသပြီးမှ အသုံးပြုသင့်သည်။
ကလေးငယ်များ အာဟာရချို့တဲ့ခြင်းပြဿနာ ကင်းဝေးကြပါစေ။
Dr.တင့်တယ်