အစားကျွေးရခက်တဲ့ကလေး ဘယ်လိုကျွေးမလဲ
အကြမ်းအားဖြင့်ပြောရရင် ကလေးတွေ စိတ်ကောက်တယ်ဆိုတာ မိဘတွေရဲ့ ဂရုစိုက်မှုကို ခံချင်လို့ပါပဲ။
ကလေးတွေဟာ အသက်နှစ်နှစ်အရွယ်လောက်ကစပြီး စိတ်ကောက်တတ်ကြပါပြီ။
စိတ်ကောက်တဲ့အခါမှာလည်း အစာမစားဘဲ နေတတ်ကြပါတယ်။
အဲ့အခါမှာ မိဘတွေခမျာ ဘယ်လိုကိုင်တွယ်ရမှန်းမသိဘဲ စိတ်ညစ်ရပါတယ်။
ဒါကြောင့် ဒီတပတ်မှာ စိတ်ကောက်ပြီး အစာမစားဘဲနေတဲ့ ကလေးတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို သိသလောက် ရေးသားတင်ပြချင်ပါတယ်။
စိတ်ကောက်ပြီး အစာမစားတဲ့ကလေးတွေကို ကိုင်တွယ်ရာမှာ အသက်အရွယ်ပေါ်လိုက်ပြီး ကိုင်တွယ်နည်းတွေက မတူနိုင်ပါ။
အသက်နှစ်နှစ်၊ သုံးနှစ်ကနေ ငါးနှစ်အရွယ်ကလေးတွေအနေနဲ့ မိဘတွေက ကိုယ့်အလုပ်နဲ့ကိုယ်လုံးပန်းနေပြီး သူတို့ကို ဂရုစိုက်မှုနည်းလာတဲ့အခါကျ သူတို့ကို ဂရုစိုက်မှုပေးအောင် အစာကျွေးတဲ့အချိန် ရောက်တဲ့အခါ စိတ်ကောက်ပြီး အစာမစားဘဲ နေပြတတ်ကြပါတယ်။
အဲ့အခါကျ ကိုယ်က သူတို့ကို ဂရုစိုက်ပြီး ချော့မော့ကျွေးလိုက်ရင် အဆင်ပြေသွားနိုင်ပါတယ်။
ခဏခဏစိတ်ကောက်ပြီး အစာမစားဘဲနေတာမဖြစ်အောင် ကိုယ်ကတခြားအချိန်တွေမှာလည်း ဂရုစိုက်မှု ပေးဖို့လိုပါတယ်။
ဒီလိုမဟုတ်ဘဲ အမြဲဂရုစိုက်နေရဲ့သားနဲ့ကို စိတ်ကောက်တတ်တဲ့ ကလေးဆိုရင်တော့ မချော့ဘဲ မသိချင်ယောင်ဆောင်ပြီး လွှတ်ထားတဲ့နည်းကို သုံးပါ။
မချော့သလို ဆူလည်းသွားမဆူပါနဲ့။ သူ့ဘာသာသူ ဗိုက်တအားဆာတဲ့အခါကျ စိတ်ပြေပြီး အစာစားမှာပါ။
ငါးနှစ်အထက် အရွယ်ကလေးတွေဆိုရင်တော့ နောက်ထပ်ကိုင်တွယ်နည်းတမျိုးနဲ့ကိုင်တွယ်ရပါမယ်။
စိတ်ကောက်နေတဲ့အချိန်မှာ သူဘာသာသူပဲနေစေပြီး စိတ်ကြည်လင်နေချိန်မှာ သူ့ကိုစိတ်ကောက်တာဟာ မကောင်းတဲ့ အမူအကျင့်ဖြစ်ကြောင်း ပြောပြရပါမယ်။
အဲ့လိုပြောပြရာမှာ တရားဟောသလို စာသင်သလို စကားအရှည်ကြီးအကြာကြီး ပြောတာမျိုးမဟုတ်ဘဲ လိုအပ်သလောက်ကိုပဲ နွေးနွေးထွေးထွေး ညင်ညင်သာသာနဲ့ နားဝင်အောင်ပြောပါ။
စိတ်မကောက်ရင် စားချင်တာတခုခု ဝယ်ကျွေးမယ်။ သွားချင်တဲ့ နေရာအလည်ခေါ်သွားမယ် စသဖြင့် မက်လုံးတခုခုပေးထားပါ။
(ဥပမာပြောရရင် တပတ်လုံးစိတ်မကောက်ရင် လကုန်ရက်မှာ ကစားကွင်းခေါ်သွားမယ်။ ဟမ်ဘာဂါဝယ်ကျွေးမယ် စသဖြင့်ပါ)
ဒီလိုသဘောတူညီချက်ယူထားပြီး ကလေးက စိတ်ကောက်ခဲ့ရင် မိဘအနေနဲ့ စိတ်မကောက်ရင် မိမိဘက်ကလုပ်ပေးမယ်ဆိုတဲ့ အရာတွေကို လုံးဝမလုပ်ပေးပါနဲ့။
မိခင်တွေက ကလေးတွေကို အလိုလိုက်တတ်လို့ ခုလိုပြောရခြင်းဖြစ်ပါတယ်။
ပြောထားတဲ့စကားအတိုင်း ဆောင်ရွက်မှ ကလေးရဲ့အပြုအမှုကို ပြောင်းလဲလို့ရမှာပါ။
Dr 528