ကလေးတွေ နားပြည်ယိုတဲ့အခါ
နားပိုးဝင်ခြင်း (Ear infections) ဟာ အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် အသက် ၅ နှစ်အောက်ကလေးတွေမှာ အများဆုံးဖြစ်လေ့ရှိပါတယ်။
အများအားဖြင့် အအေးမိတာ၊ အသက်ရှုလမ်းကြောင်း ပိုးဝင်တာတွေကနေတဆင့် ဖြစ်တတ်ပါတယ်။
ဘာလို့လဲဆိုတော့
အသက် ၅ နှစ်အောက်ကလေးတွေမှာ နားအလယ်ပိုင်းနှင့် နှာခေါင်း၊ လည်ချောင်း နောက်ကို ဆက်ထားပေးသော ပြွန်လေး (Eustachian tube) ဟာ ကလေးကြီးတွေ၊ လူကြီးတွေထက်စာရင် အရမ်းတိုပြီး သေးလို့ပါ။
အအေးမိနှာစေးတာ၊ အသက်ရှုလမ်းကြောင်းပိုးဝင်တာစတဲ့ အခြေအနေတခုခုဖြစ်ရင် အဲ့ပြွန်လေးဟာ ရောင်ရမ်းလာပြီး ပြွန်အတွင်းထဲမှာ သားငံရည်တွေ ထွက်လာပါတယ်။
ကလေးငယ်လေးတွေမှာ ပြွန်ဟာအရမ်းတိုသေးတဲ့အတွက် လူကြီးတွေ၊ ကလေးကြီးတွေမှာလို
ပြွန်ထဲအရည်တွေဟာ အပြင်ကို မထွက်နိုင်ဘဲ ပြွန်အထဲမှာပဲ စုမိပြီးပိတ်မိနေကာ ကြာလာတဲ့အခါမှာ ဘက်တီးရီးယားပိုး၊ မှိုပိုး စတာတွေပေါက်လာပါတယ်။
အဲ့တာကို နားပိုးဝင်တယ်လို့ ခေါ်ပါတယ်။ ဒီလိုပိုးတွေ ပေါက်လာတဲ့အခါမှာ ရောင်ရမ်းတာပိုဆိုးလာပြီး အရည်တွေလည်း ပိုများလာပါတယ်။
နားပိုးဝင်တဲ့အခါမှာ ဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့ …………
– ဖျားတာ၊ ညကောင်းကောင်းမအိပ်တာ၊ နားထဲကနေ အရည် သို့မဟုတ် ပြည်ထွက်ကျတာ
– လမ်းလျှောက်တဲ့အခါ ယိုင်တိုင်တိုင်ဖြစ်တာ
– အစားကောင်းကောင်းမစားတာ
– စကားမပြောတတ်သေးတဲ့ အရွယ်တွေဆိုရင် အကြောင်းရင်းမယ်မယ်ရရမရှိဘဲ နားကိုဆွဲကာ ငိုတာ၊ ဂျီကျတာ၊ ကိုယ့်ခေါင်းကို ကိုယ့်လက်နဲ့ ပြန်ရိုက်နေတာ
– ကလေးက မိမိအသံကို ကောင်းစွာမတုံပြန်တာ (သူ့နာမည်ကိုခေါ်ရင် ခါတိုင်း လှည့်ကြည့်နေကျက မကြည့်တော့တာ)
– စကားပြောတတ်တဲ့ အရွယ်ဆိုရင် နားနေရာကို လက်နဲ့ညွန်ပြပြီး နာတယ်၊ ကိုက်တယ်၊ နားထဲမှာ တမျိုးကြီးဖြစ်နေတယ်ပြောတာ စသဖြင့်ပါ။
ဖော်ပြပါလက္ခဏာတွေထဲက တခုထက်ပိုပြီး သင့်ကလေးမှာရှိနေတယ်ဆိုရင် နားပိုးဝင်တာဟုတ်မဟုတ် သေချာအောင် ကလေးအထူးကုဆရာဝန်နဲ့ ပြသပြီး နားထဲကြည့်တဲ့ကိရိယာနဲ့ စမ်းသပ်စစ်ဆေးကြည့်သင့်ပါတယ်။
ကလေးငယ်များမျာ နားပိုးဝင်ခြင်းဟာ
အထက်မှာ တခါပြောခဲ့သလို အအေးမိနှာစေးတာ၊ အသက်ရှုလမ်းကြောင်းပိုးဝင်တာတွေကြောင့်အပြင် ကလေးများရဲ့နားထဲကို နားကြပ်တံ၊ ဂွမ်းတံ စတဲ့အရာတွေထည့်တာ၊ ကလေးငယ်ကို အိပ်ရက်အနေထားနဲ့ နို့ဘူးတိုက်ရာကတဆင့် ကလေးနားထဲကို နို့ဘူးထဲက နို့မှုန့်ဖျော်ရည်တွေဝင်တာ၊ ကလေးက မသန့်ရှင်းတဲ့ ရေမှာ ရေကူးမိပြီး နားထဲရေဝင်တာ၊ ကလေးအနားမှာ ဆေးလိပ်သောက်တာ၊ ခြင်ဆေးထွန်းတာ၊ မီးခိုးမှိုင်းတိုက်တာ စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် တခါတရံ ဘာအကြောင်းမယ်မယ်ရရမှမရှိဘဲ မျိုးရိုးလိုက်တာကြောင့်လည်း နားပိုးဝင်ခြင်းဖြစ်နိုင်ပါတယ်။
နားပိုးဝင်ခြင်း ဖြစ်နိုင်ခြေနည်းအောင် ကာကွယ်တဲ့ နည်းလမ်းတွေအနေနဲ့ကတော့ ကလေးကိုယ်ခံအားကောင်းအောင်၊ ဖျားတာနာတာတွေ မဖြစ်အောင်ဂရုစိုက်ပါ။ ထိုးရမည့်ကာကွယ်ဆေးတွေကို အချိန်မှန်မှန် ပြည့်အောင်ထိုးပါ။ မွေးစကနေ ခြောက်လထိ မိခင်နို့တမျိုးပဲတိုက်ပါ။
ကလေးကို နို့မှုန့်ဖျော်ပြီး နို့ဘူးနဲ့ တိုက်ပါက လဲလျက်အနေထားနဲ့ မတိုက်ပါနဲ့။
ကလေးကို အငွေ့အမှုန်တွေနဲ့ မထိတွေ့ပါစေနဲ့။ ကလေးအနားမှာ ဆေးလိပ်သောက်တာ၊ ခြင်ဆေးထွန်းတာ၊ မီးခိုးမှိုင်းတိုက်တာတွေကို ရှောင်ပါ။ ကလေးငယ်လေးတွေကို လူတအားများပြီး တအားစည်တဲ့ နေရာတွေကို မခေါ်သွားပါနဲ့။
ကလေးငယ်ကို ချောင်းဆိုး၊ နှာစေးဖြစ်နေတဲ့ သူတွေနဲ့အတူ မထားပါနဲ့။
အဆုံးသတ်အနေနဲ့ အကြံပေးချင်တာကတော့ ကလေးနားပိုးဝင်ပြီး နားပြည်ယိုတာဖြစ်ရင် ဆေးမြီးတိုတွေမသုံးဘဲ ဆေးခန်းမှာ ဆရာဝန်နဲ့ပြသပါ။ အညော်ရှောင်ပါ။ ကလေးအိပ်တဲ့အခါ ခေါင်းပိုင်း (ခေါင်းအုံး) ကို နည်းနည်းမြှင့်ထားပါ။ ရေနည်းနည်းနဲ့ မကြာခဏတိုက်ပေးပါ။
Dr 528