မေ့ဆေးပေးခံရဘူးတဲ့ ကလေးတွေ ဉာဏ်ရည်ထိခိုက်သလား
မိမိရင်သွေး သားငယ် သမီးငယ်များတွင် အကြောင်းတစုံတရာကြောင့် ခွဲစိတ်မှု ပြုလုပ်ရမည်ဆိုလျှင် မိဘရော ကလေးငယ်ရော ကြောက်ရွံ့နေတတ်ပါတယ်။ မိဘများအနေဖြင့် မိမိရင်သွေးငယ်ကို ကျန်းမာသန်စွမ်းသော ရင်သွေးလေးများအဖြစ် အသက်ရှင်နေထိုင်သည်ကိုသာ မြင်တွေ့ချင်ကြပါတယ်။
မလိုအပ်ပဲ နာကျင်မှု အဆင်မပြေမှုများ ကြုံတွေ့နိုင်သော ဓားသွားအောက်က ခွဲစိတ်မှုကို မပြုလုပ်စေချင်ကြပါ။
(1) ကလေးသူငယ်များတွင် အများဆုံးပြုလုပ်ရသော ခွဲစိတ်မှုများမှာ
– အာသီးဖြတ်ခြင်း
အာသီးရာင်နေသောအခါ အာသီးဖြတ်ခြင်း၊ အာသီးရောင်ခြင်းကြောင့် အသက်ရူပိတ်ခြင်း၊ ဟောက်ခြင်းဖြစ်နေသော ကလေးများတွင် အာသီးဖြတ်သော ခွဲစိတ်မှု ပြုလုပ်လေ့ရှိပါတယ်။
– နားထဲ ပြွန်ထည့်ခြင်း
နားထဲပိုးဝင်ခြင်း ကြာရှည်စွာ ခံစားနေရသော ကလေးငယ်များတွင် နားထဲပြွန်ထည့်ခြင်းပြုလုပ်လေ့ရှိပါတယ်။ သို့မှသာ ပိုးကူးစက်မှု သက်သာစေပြီး နားလုပ်ဆောင်မှု ပုံမှန်ဖြစ်စေပါတယ်။ ပြွန်ထည့်မှုသည် ပိုးကူးစက်မှုကြောင့် အကြားအာရုံပျောက်ကာ စကားမပြောတတ်သော ကလေးငယ်များတွင်လည်း ပြုလုပ်လေ့ရှိပါတယ်။
အခြားသော ခွဲစိတ်မှုများစွာကိုလည်း ကလေးငယ်များ မဖြစ်မနေပြုလုပ်ကြရပါတယ်။ ဥပမာ မွေးရာပါနှလုံးရောဂါများနှင့် အရိုးရောဂါများဖြစ်ပါတယ်။ ထို့သို့ ခွဲစိတ်မှုပြုလုပ်ခဲ့လျှင် အများအားဖြင့် ကလေးငယ်များကို မေ့ဆေးပေး၍သာ ပြုလုပ်လေ့ရှိပါတယ်။ သို့မှသာ ကလေးငယ်သည် ခွဲစိတ်မှု ပြုလုပ်စဉ်တလျောက် နာကျင်မှု မခံစားရဘဲ သက်တောင့်သက်သာသတိမေ့နေပါလိမ့်မည်။
ထိုအခါ အဆိုပါမေ့ဆေးသည် ကလေးငယ်များအတွက်ဘေးကင်းရဲ့လား? ဆိုသော မေးခွန်းက အရေးကြီးလာပါတယ်။ မေ့ဆေး၊ ထုံဆေး ဆိုးကျိုးအန္တရာယ် အသက်ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ လူတိုင်းခံစားရနိုင်ပါတယ်။ မိခင်များအနေဖြင့်သိချင်သည်မှာ မေ့ဆေးပေးပြီးနောက် ကလေးငယ်ဦးနှောက်ဖွံ့ဖြိုးမှု ထိခိုက်နိုင်သလားဆိုသော မေးခွန်းပင်ဖြစ်ပါတယ်။
(2) ထိုအခါ သင်ဘာလုပ်သင့်သလဲ?
သင့်ကလေးငယ်ကို ခွဲစိတ်မှု ပြုလုပ်ခိုင်းသည်မှာ ကစားကွင်းအတွင်းတွင် ဘားတန်းပေါ်လမ်းလျောက်ခိုင်းသကဲ့သို့ ဖြစ်ပါတယ်။ လဲကျနိုင်ရန် အခွင့်များသော်လည်း အောင်မြင်လျှင် စိတ်ဓာတ်ခွန်အားကောင်းစေပြီး ယုံကြည်မှု ပိုမိုစေလာနိုင်ပါတယ်။ ခွဲစိတ်မှုကြောင့် အန္တရာယ်များနိုင်သည်ဟု ဆိုသော်လည်း ခွဲပြီးနောက်ရလဒ်သည် ကလေးငယ်အတွက်အလွန်တရား ထူးခြားကောင်းမွန်မှု ဖြစ်စေနိုင်ပါတယ်။
ဆရာဝန်များအနေဖြင့်လည် ကလေးငယ်များခွဲစိတ်မှုကို လိုအပ်မှသာ ပြုလုပ်ပေးပါတယ်။ ကလေးငယ်အချို့ ခွဲစိတ်ပြီးနောက် မေ့ဆေးပေးခံရပြီးနောက် ဦးနှောက်ဖွံဖြိုးမှု ထိခိုက်သည်ဟုဆိုရာတွင် မေ့ဆေးကြောင့်ဟု တထစ်ချပြောမရပါ။ ကလေးငယ်ရဲ့ ပူးတွဲရောဂါများနှင့် ခွဲစိတ်မှုအမျိုးအစားပေါ်လည်း မူတည်ပါတယ်။
ဖွံဖြိုးမှုနောက်ကျနေသော ကလေးငယ်ရဲ့ အကြောင်းရင်းသည် မိဘများရဲ့ သင်ကြားမှုစွမ်းရည်နိမ့်ကျခြင်း၊ ပေါင်မပြည့်ခြင်းနှင့် မိသားစုစီးပွားရေးနိမ့်ကျမှုကြောင့် ထောက်ပံ့မှုအားနည်းခြင်းစသည်တို့နှင့် များစွာသက်ဆိုင်ပါတယ်။
(3) ကလေးငယ် ပိုမိုဘေးကင်းနိုင်စေရန် မိဘများအနေဖြင့် ပြုလုပ်၍ ရနိုင်သော အချက်များမှာ-
– ရောဂါနယ်ပယ်တွင် ကျွမ်းကျင်သော ဆရာဝန်များနှင့် ထပ်တလဲလဲတိုင်ပင်ပါ။ အကြံဉာဏ်ယူပါ။
– ခွဲစိတ်မှုပြုလုပ်ရာတွင် ပါဝင်မည့် မေ့ဆေးအထူးကုဆရာဝန်နှင့် ကောင်းကျိုး၊ ဆိုးကျိုးကို သေချာတိုင်ပင်ပါ။ မေ့ဆေးပေးပြီးနောက် ကြုံတွေ့လာနိုင်သော အခက်အခဲများကို ကြိုတင်တိုင်ပင်ပါ။ မေးပါ။
– မိမိကလေးငယ်ကို ခွဲစိတ်မည့်အထူးကုဆရာဝန်နှင့် မခွဲစိတ်လျှင် ဘာဖြစ်နိုင်မလဲ? ခွဲစိတ်ပြီး ရလာနိုင်မည့် အကျိုးကျေးဇူးများကို သေချာပွင့်လင်းစွာ ဆွေးနွေးပါ။ ခွဲစိတ်မှု ကြာချိန်နှင့် နာလန်ပြန်ထချိန်ကို တိုင်ပင်ပါ။
– မိမိကလေးအတွက် သုံးနိုင်သော မေ့ဆေးများအကြောင်းကြို တင်လေ့လာထားပါ။ သုတေသနလေ့လာချက်များစွာအရ ကလေးငယ်ရဲ့ အပြုအမူနှင့် ဖွံဖြိုးမှုနောက်ကျခြင်းပြဿနာများသည် မေ့ဆေးပေးခံခဲ့ရသော အချက်နှင့် တိုက်ရိုက်ဆက်စပ်မှုမရှိသည်ဟု တွေ့ရှိကြပါတယ်။
Dr. ပြည့်ရှင်း