ဘယ်လိုကလေးတွေမှာ မျက်စိကင်ဆာ ဖြစ်နိုင်လဲ
ရန်ကုန်ကလေးဆေးရုံကြီး ကင်ဆာဌာနသို့ မျက်စိကင်ဆာခံစားရသော ကလေးများအရောက်များမှု သတင်းကို ဖတ်ရပြီးနောက် သိချင်နေသော Ondr မှ မိခင်များအတွက် မျက်စိကင်ဆာအကြောင်းရေးသားလိုက်ရပါတယ်။
မျက်စိကင်ဆာသည် ဖြစ်ပွားမှုအနည်းဆုံး ကင်ဆာအမျိုးအစားတစ်ခုဖြစ်ပါတယ်။ အများအားဖြင့် ကလေးဘဝကတည်းက စတင်ဖြစ်လေ့ရှိပါတယ်။ မျက်စိရဲ့ အရောင်ကိုသိသော Retina တွင်ဖြစ်လေ့ရှိပါတယ်။ အမေရိကန်တွင် တနှစ်လျှင် ကလေး ၃၀၀ အောက်လျော့နည်း၍သာ တွေ့ရှိရပါတယ်။
(1) လက္ခဏာများ
မျက်စိကင်ဆာဖြစ်စေသော လက္ခဏာအထွေအထူး မသတ်မှတ်နိုင်ပါ။ မျိုးရိုးဗီဇကြောင့် ဖြစ်ပါတယ်။ အစဦးကာလတွင် ရေတိမ်ကဲ့သို့ မျက်ဆံမည်းတွင် အဖြူစက်ပေါ်လာကာ ကြီးလာပြီး ကင်ဆာအသွင်ပြောင်းသွားခြင်းဖြစ်ပါတယ်။ အခြားသောလက္ခဏာများမှာ
– မျက်လုံးသည် ပုံမှန်ထက်ကြီးနေခြင်း
– မျက်လုံးအလယ်တွင် တိမ်ကဲ့သို့ အဖြူကွက်ဖြစ်ခြင်း
– မျက်လုံးအောင့်ခြင်း
– မျက်လုံးအဖြူနေရာတွင် နီခြင်း
– အမြင်အာရုံမကောင်းခြင်းစသည်တို့ ဖြစ်စေပါတယ်။ မျက်လုံးပြူးထွက်လာခြင်းနှင့် ကြက်ဥကြော်ကဲ့သို့ လန်ထွက်လာခြင်း စသည်တို့ဖြစ်လာနိုင်ပါတယ်။
(2) အကြောင်းရင်းများ
မျက်စိကင်ဆာသည် မွေးကတည်းက မျိုးရိုးဗီဇပါလာကာ ကင်ဆာအဖြစ် ပြောင်းလဲလာခြင်း ဖြစ်ပါတယ်။
(3) ရှာဖွေခြင်း
မျက်စိအထူးကုဆရာဝန်နှင့် ဦးစွာစမ်းသပ်မှု ပြုလုပ်သင့်ပါတယ်။ ထို့နောက်
– မျက်စိကို အတ်ထရာဆောင်းရိုက်ခြင်း
– MRI သံလိုက်ဓာတ်မှန်ရိုက်ခြင်း
– ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း အစရှိသဖြင့် လိုအပ်သလိုရှာဖွေမှု ပြုလုပ်ရပါတယ်။
(4) ကုသမှု
မျက်စိကင်ဆာသည် ကလေးများတွင် စောစီးစွာရောဂါသိ၍ စောစီးစွာ အချိန်မှီကုသမှု ခံယူပါကကုသမှု ပျောက်ကင်းကာ အမြင်အာရုံအမြန်ပြန်ရနိုင်ပါတယ်။ ကလေးငယ်ရဲ့ ကင်ဆာအခြေအနေပေါ် မူတည်၍ အောက်ပါနည်းများဖြင့် ကုသမှုခံယူနိုင်ပါတယ်။
– ကင်ဆာဆေးသွင်းခြင်းသည် ကင်ဆာအဖုကို မပြန့်ရန် တားဆီးကာ အရွယ်သေးစေပါတယ်။ မျက်စိ သို့မဟုတ် သွေးကြောထဲထိုးသွင်းခြင်း ဖြစ်ပါတယ်။ ကင်ဆာပြန့်နှံနေပြီဆိုပါက သောက်ဆေးဖြင့် ထိန်းချုပ်ပါတယ်။
– Cryotherapy လို့ခေါ်တဲ့ ကိရိယာဖြင့် ကင်ဆာဆဲလ်များကို သေစေနိုင်သောနည်းဖြင့် ကုသခြင်းပြုလုပ်နိုင်ပါတယ်။
– Thermotherapy လို့ခေါ်တဲ့အပူဖြင့် ကင်ဆာဆဲလ်သေရန် ပြုလုပ်နိုင်ပါတယ်။
– Laser therapy လို့ခေါ်တဲ့ လေဆာဖြင့် ကင်ဆာရှိသွေးကြောများကို ဖျက်ဆီးခြင်းနည်းဖြင့် ပြုလုပ်နိုင်ပါတယ်။
– ဓာတ်ကင်ခြင်း
– ခွဲစိတ်ကုသခြင်းသည် ကင်ဆာအကျိတ်ဖြစ်ပါက ခွဲစိတ်ကုသရပါတယ်။ ထိုနည်းကတော့ အမြင်အာရုံပျက်ဆီးတတ်ပြီး မျက်စိထုတ်ပစ်ရပါတယ်။
မျက်စိကင်ဆာသည် အခြားနေရာသို့မပြန့်သည့်အဆင့်ဆိုလျှင် ကုသ၍ရသော ကင်ဆာအမျိုးအစားဖြစ်ပါတယ်။ ကုသမှုခံယူထားသေ ာကလေးငယ်များသည်လည်း မျက်စိအထူးကုနှင့် ရက်ချိန်းမှန်မှန်ပြသရန် အထူးလိုအပ်ပါတယ်။
Dr.Pyae Shin