သားသားမီးမီးတွေ လေနာကြောင့် အရမ်းငိုနေခဲ့ရင်
ကလေးငယ်များတွင် လေနာရောဂါဖြစ်မည်ကို မိခင်များ သိပ်ကြောက်ပါတယ်။ ကလေးမမွေးခင် ကိုယ်ဝန်ဆောင်ကတည်းကပင် ကြိုတင်ကြောက်လေ့ရှိကာ ဆင်ခြင်စားသောက်နေထိုင်တတ်ကြပါတယ်။ ကလေးငယ် လေနာပါလာလျှင် အအိပ်ပျက် အစာပျက်ကာ တမိသားစုလုံး စိတ်ညစ်ရပါတယ်။
အစာအိမ်နဲ့ အူလမ်းကြောင်းတွင် လေရှိနိုင်သည်မှာ မထူးဆန်းပါ။ သို့သော် ကလေးငယ်များတွင်မူ လွန်စွာနာကျင်မှုဖြစ်စေပါတယ်။ လေကြောင့် အစာအိမ်နာပြီး လေမထွက်မချင်း ဂနာမငြိမ်ဖြစ်ကာ အိပ်မပျော်တတ်ပါ။
ထိုအခါ လေနာသက်သာစေရန် ကြားဖူးနာဝရှိသော နည်းလမ်းများဖြင့် သက်သာစေရန် ကြိုးစားကြပါတယ်။ လေနာဖြစ်စေသော အကြောင်းရင်းများမှာ
– လေမျိုချမိခြင်း
ကလေးငယ်များသည် မိခင်နို့ကို စနစ်တကျ အနေအထာမှန်ကန်စွာ မစို့ခြင်းနှင့် နို့ဘူးတိုက်သူများလည်း ပုံစံမကျခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ထို့ကြောင့် လေများမျိုချမိနိုင်ပါတယ်။
– အရမ်းငိုခြင်း
ကလေးငယ်များ အရမ်းငိုလွန်းလျှင်လည်း လေများပါးစပ်မှတဆင့် အလိုလို ဝင်လာနိုင်ပါတယ်။ ထို့ကြောင့် လေနာလို့ငိုတာလား ငိုလို့လေပိုနာလာတာလား မခွဲခြားနိုင်ပါ။
– အစာအိမ်ပြဿနာများ
ဝမ်းပုံမှန်မသွားသော ကလေးငယ်များတွင် အများအားဖြင့် လေပိုထနိုင်ပါတယ်။
– အစာခြေလမ်းကြောင်း မဖွံ့ဖြိုးခြင်း
ကလေးငယ်များတွင် အစာခြေလမ်းကြောင်း မဖွံ့ဖြိုးသောကြောင့် လူကြီးများထက် လေနာပိုဖြစ်ပါတယ်။
– ပိုးဝင်ခြင်း
အစာအိမ်နဲ့ အူလမ်းကြောင်းပိုးဝင်လျှင်လည်း လေထခြင်း အနာခြင်း ဝမ်းလျောခြင်းဖြစ်နိုင်ပါတယ်။
– အစာမှားခြင်း
ကလေး ထမင်းကျွေးချိန်တွင် အစာအစားတခုခု များခြင်း၊ အသစ်စကျွေးခြင်းတို့တွင်လေနာခြင်းဖြစ်စေနိုင်ပါတယ်။
လက္ခဏာများကတော့
– ငိုခြင်း
– ကျောကော့ထိုးခြင်း
– ဗိုက်ကယ်နေခြင်းစသည်တို့ဖြစ်ပါတယ်။
ပုံမှန်လေနာဖြစ်ခြင်းသည် ဆေးခန်းပြရန်မလိုပါ။ အိမ်တွင်းကုသမှု နည်းလမ်းအချို့ကြောင့် လျှင်မြန်စွာ သက်သာလာနိုင်ပါတယ်။
(1) ကလေးကို ပက်လက်ထားကာ ခြေထောက်ကို ဒူးကွေးကာ စက်ဘီးနင်းသကဲ့သို့လေ့ကျင့်ပေးပါ။ ထိုအခါ လေဝှေ့နေသောလေများ ထွက်လာနိုင်ပါတယ်။
(2) ခေါင်းထောင်ထောင်ပေးပါ။
(3) ကားပေါ်တင်စီးခိုင်းပါ။ ကားစီးခြင်းသဘောကျသည့်အပြင် ကားအနည်းငယ်ခုန်လျှင် လေထွက်နိုင်ပါတယ်။
(4) ဗိုက်သားအပေါ်သို့ နာရီလက်တန်းကဲ့သို့ လှည့်လည် နှိပ်နယ်ပေးပါ။
(5) ကျောကို ညင်သာစွာပွတ်ပေးပါ။
(6) လေဆေးတိုက်ပေးပါ။ Simethicone ပါသော လေထိုးသက်သာဆေးရည်တိုက်ပါ။
ကလေးငယ်များလေနာမဖြစ်စေရန် ကာကွယ်မှုများမှာ
– အစာကျွေးမှုပုံစံ ပြောင်းလဲခြင်း
ကလေးငယ်ကို ခေါင်းအနည်းငယ်ထောင်ကျွေးပါ။ ဖြည်းဖြည်းကျွေးပါ။ နည်းစနစ်မှန်အောင်နို့တိုက်ပါ။ နို့ဘူးသေချာတိုက်ပါ။
Dr. Pyae Shin