ကလေးတွေမှာဖြစ်တတ်တဲ့ လျှာနာခွာနာရောဂါအကြောင်း
လျှာနာခွာနာလို့ပြောလိုက်ရင် အများစုအနေနဲ့က ကျွဲ၊ နွားအစရှိတဲ့ တိရိစ္ဆာန်တွေမှာ ဖြစ်တဲ့ရောဂါလို့ပဲ သိကြလေ့ရှိပါတယ်။
ကျွန်တော်တို့လူတွေမှာဖြစ်တဲ့ လျှာနာခွာနာ ရောဂါလည်းရှိပါတယ်။
တိရိစ္ဆာန်တွေမှာ ဖြစ်တဲ့လျှာနာခွာနာ ရောဂါနဲ့မတူသလို တိရစ္ဆာန်တွေဆီကနေ ကူးစက်ပြီးဖြစ်တာလည်း မဟုတ်ပါဘူး။ သပ်သပ်စီပါ။
ဆေးပညာအရ တိရိစ္ဆာန်တွေမှာဖြစ်တဲ့ လျှာနာ ခွာနာရောဂါကို (Hoof and mouth disease) လို့ခေါ်ပြီး လူတွေမှာဖြစ်တဲ့ လျှာနာ ခွာနာရောဂါကို (Hand-foot-and-mouth disease) လို့ခေါ်ပါတယ်။
လူတွေမှာဖြစ်တဲ့ လျှာနာ ခွာနာရောဂါ (Hand-foot-and-mouth disease) ဟာ Coxsackie (ကောက်ဆာစကီး) လို့ခေါ်တဲ့ ဗိုင်းရပ်စ် (virus) ပိုး ဝင်ရောက်ကူးစက်ခံရတာကြောင့် ဖြစ်တာပါ။
– ရောဂါပိုးရှိတဲ့သူ နှာချေ၊ ချောင်းဆိုးရာမှ ထွက်လာတဲ့ အမှုန်အမွှားတွေကိုရှုမိတာ
– နှာရည်တို့၊ တံတွေးတို့နဲ့ ထိတွေ့မိတာ
– ရောဂါပိုးရှိသူရဲ့ ကိုယ်ခန္ဓာမှာရှိတဲ့အနာ၊ အရည်ကြည်ဖု ကထွက်တဲ့ အရည်တွေနဲ့ ထိတွေ့မိတာ
– ဝမ်းနဲ့ ထိတွေ့မိတာ စသဖြင့်ကနေ ရောဂါပိုးဟာ တယောက်ကနေ တယောက်ဆီကို ပျံ့နှံ့ဝင်ရောက်ကူးစက်ပါတယ်။
အသက်အရွယ်မရွေး ဖြစ်နိုင်တယ်ဆိုပေမယ့် ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ အထူးသဖြင့် အသက် ၅ နှစ်အောက် ကလေးတွေမှာ အဖြစ်များလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကလေးငယ်လေးတွေအများစုဟာ မသန့်ရှင်းတဲ့အရာတွေကို ထိတွေ့ကိုင်တွယ်နိုင်ခြေများပြီး ကိုင်တွယ်ပြီးတဲ့နောက်မှာ မသန့်တဲ့လက်ကို သူတို့ပါးစပ်ထဲထည့်လေ့ရှိတတ်လို့ပါ။
ရောဂါပိုးဝင်ရောက်ကူးစက်ခံရပြီး ၃ ရက်ကနေ ၆ ရက်အကြာမှာ ရောဂါလက္ခဏာစပြလေ့ရှိပါတယ်။
စစချင်းမှာဖျားပါမယ်။ အဲ့နောက်မှာလည်ချောင်းနာလာပါမယ်။ ဖျားပြီး နှစ်ရက်လောက်အကြာလောက်မှာ ပါးစောင်၊ လျှာ၊ သွားဖုံး၊ လည်ချောင်းတွေမှာ အနာဖုလေးတွေပေါက်လာပါမယ်။
ပါးစပ်ထဲမှာအနာဖုပေါက်တာ နာလွန်းတဲ့အတွက် အစာစားရခက်ပြီး အစားအသောက်ပျက်တာ မအီမသာဖြစ်တာတွေဖြစ်နိုင်ပါတယ်။
အရမ်းငယ်တဲ့ ကလေးငယ်တွေမှာဆိုရင် သွားရည်တွေ ကျနေတတ်ပါတယ်။
အဲ့နောက်မှာတော့ ခြေဖဝါး၊ လက်ဖဝါးနဲ့ တင်ပါးတွေမှာ အနီကွက်တွေ ပေါ်လာပါမယ်။
အနီကွက်တွေဟာ ယားယံတာမျိုးတော့မရှိတတ်ပါ။ သို့သော် တခါတရံအရည်ကြည်ဖုလေးတွေပါတွဲဖြစ်နိုင်ပါတယ်။
လျှာနာခွာနာရောဂါဟာ အရမ်းပြင်းထန်ပြီး တအားစိုးရိမ်ရတဲ့ရောဂါတော့ မဟုတ်ပါဘူး။
ကိုယ်ပူကြီးနိုင်တယ်ဆိုပေမယ့် သုံးရက်လောက်နေရင် အဖျားကျသွားပြီး အဖုလေးတွေဟာလည်း တပတ်ကျော်ရင် ခြောက်ပြီးပျောက်သွားတတ်ပါတယ်။
ဗိုင်းရပ်စ်ပိုးဖြစ်တဲ့အတွက် ဘက်တီးရီးယားပိုးဝင်သလိုမျိုး ပဋိဇီဝဆေး ပိုးသတ်ဆေးတွေသောက်လို့မရပါဘူး။
ဖျားတာနာတာကို သက်သာအောင် ပါရာစီတမော သို့မဟုတ် အိုင်ဗျူပရိုဖန် အရည်ကို တနေ့လေးကြိမ် တိုက်နိုင်ပါတယ်။
ပါးစပ်ထဲမှာ အနာပေါက်နေတဲ့အတွက် အစာမာတွေ၊ စပ်တာချဉ်တာတွေကို မကျွေးပါနဲ့။
အစာကြေလွယ်ပြီးပျော့တဲ့အစာတွေကိုပဲကျွေးပါ။
လျှာနာခွာနာရောဂါဟာ အရမ်းပြင်းထန်ပြီး တအားစိုးရိမ်ရတဲ့ရောဂါမဟုတ်လို့ အများအားဖြင့်ဆေးခန်းမပြလည်းရပေမယ့်
– ကလေးက အစာမစားတာ ရေမသောက်တာတွေဖြစ်လာပြီး ကိုယ်တွင်းရေဓါတ်ခန်းခြောက်တာမျိုးတွေဖြစ်လာရင်
– ၃ ရက်လောက်နေလို့မှအဖျားမကျရင်
– ရောဂါအခြေအနေကပိုပိုဆိုးလာရင် တော့ နီးစပ်ရာဆေးခန်းဆေးရုံအမြန်ဆုံးပြဖို့လိုပါတယ်။
– လျှာနာခွာနာရောဂါမှာ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဦးနှောက်အမြှေးရောင်တာ၊ဦးနှောက်ရောင်တာ ဖြစ်နိုင်ခြေရှိပေမယ့် တကယ်တမ်းဖြစ်တာ အလွန့်အလွန်ရှားပါတယ်။
အများအားဖြင့်ဘာနောက်ဆက်တွဲမှ မရှိတာများပါတယ်။
လျှာနာခွာနာရောဂါဖြစ်နိုင်ခြေနဲအောင်ကတော့ အောက်ပါအချက်တွေကိုဂရုစိုက်လိုက်နာရပါမယ်။
လက်သေချာဆေးပါ။
အိမ်သာတက်ပြီးတိုင်း နဲ့ အစားစာမပြင်ဆင်ခင်တိုင်းမှာ လက်သေချာဆေးပါ။ကလေးကို သေးခံလဲပေးပြီးတိုင်းမှာလက်ကိုသေချာဆေးပါ။လက်သေချာဆေးပြီးမှကလေးကိုကိုင်တွယ်ပါ။
ကလေးငယ်ရဲ့လက်ကိုလည်းမကြာခဏသေချာဆေးပေးပါ။တကိုယ်ရည်သန့်ရှင်းရေးကိုလည်းဂရုစိုက်ပေးပါ။
အသက်နည်းနည်းကြီးတဲ့ကလေးတွေကို ဆော့ကစားပြီးတဲ့အချိန်၊အိမ်သာတက်ပြီးချိန်နဲ့အစာမစားခင်အချိန်တွေမှာလက်ကိုသေချာစင်ကြယ်အောင်ဆေးဖို့ နားလည်အောင်ပြောပြပြီး စနစ်တကျလက်ဆေးတတ်အောင် သေချာသင်ပေးပါ။
မိမိဘေးပတ်ဝန်းကျင်မှာ ခွာနာလျှာနာဖြစ်နေတဲ့သူရှိရင် သူနဲ့အတတ်နိုင်ဆုံးမထိတွေ့အောင်နေပါ။
Dr 528